News

POST TYPE

EDUCATION

အစ္စရေးနှင့် တရုတ်ပူးပေါင်း ကလေးပညာရေးပြောင်း
27-Apr-2017 tagged as ပညာရေး


LeapLearner အဖွဲ့သည် ရှန်ဟိုင်းအခြေစိုက် ပညာရေး အဖွဲ့အစည်းသစ် တစ်ခုဖြစ်သည်။ သူတို့အဖွဲ့က ငါးနှစ်အရွယ်ကလေးများကို ကွန်ပျူတာ Code ရေးနည်း သင်တန်းများပေးရန် ကြိုးစား ဆောင်ရွက်နေကြသည်။ 

သူတို့ လုပ်ဆောင်နေသည်မှာ ကလေးများကို ကွန်ပျူတာ Programming သင်တန်းများပေးရန် စီစဉ်နေကြသည်။ တစ်နည်း ပြောရလျှင် သူတို့သည် အနာဂတ် ကွန်ပျူတာ မျိုးဆက်သစ်များကို မွေးထုတ်နေကြခြင်းဖြစ်သည်။ LeapLearner ကို ထူထောင်သူ စီအီးအိုအေမီဒရိုးက -

“ကွန်ပျူတာ Coding ရေးတာ အဓိကကျတဲ့ လက်နက်တစ်ခု ဖြစ်လာပါလိမ့်မယ်”ဟု ပြောကြားသည်။ ကလေးများကို Coding ရေးနည်း သင်ကြားခြင်းသည် ဖန်တီး တီထွင်လိုစိတ်၊ ဆန်းသစ် ဖော်ထုတ်လိုစိတ်၊ ပြဿနာ ဖြေရှင်းနိုင်စွမ်းများကို အလိုလို ဖြေရှင်းပြီးသား ဖြစ်လိမ့်မည်ဟုဆိုသည်။

ဒရိုးသည် Aspen Global Leadership Network နှင့် ချိတ်ဆက်ထားသူ ဖြစ်သည်။ သူကိုယ်တိုင်လည်း ကလေးများကို Code ရေးနည်း သင်ကြားပေးသည်။ သူသည် အစ္စရေးနိုင်ငံသား စွန့်ဦးတီထွင် ပညာရှင်တစ်ဦးဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ်၏ လုံခြုံရေးဌာန အကြီးအကဲ အဖြစ်လည်း တာဝန်ယူထားရသူဖြစ်သည်။ LeapLearner အဖွဲ့သည် Aaron Tian ဆိုသည့် အဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းထားသည်။ ထိုအဖွဲ့ကို ဦးဆောင်နေသူမှာ တရုတ်နိုင်ငံမှ သင်္ချာဆရာတစ်ဦးဖြစ်သူ လီယိုဇောင်ဖြစ်သည်။

LeapLearner အဖွဲ့တွင် လူပေါင်း ၅၀ ခန့် အလုပ် လုပ်နေကြသည်။ သူတို့အဖွဲ့ဝင် ထက်ဝက်လောက်မှာ ကွန်ပျူတာဂိမ်း ရေးနေသူများဖြစ်ပြီး နည်းပညာဖြင့် တိုးတက်အောင် ကြံဆောင်နေကြသူများလည်း ဖြစ်ကြသည်။ ထိုအဖွဲ့ထဲတွင် ပညာရေးကို စီးပွားရေးအတွက် ပြုစုပျိုးထောင်ပေးရေးလည်း အစီအစဉ် တစ်ခုအနေနှင့် ပါဝင်သည်။

သူတို့အဖွဲ့ထဲတွင် အလီဘာဘာ၌ စီတီအိုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဂျွန်ဝူလည်း ပါဝင်လာသည်။ ဂျွန်ဝူက LeapLearner ကို အကြံပေးအဖြစ် တာဝန်ယူထားသည်။ သူက ပညာသင်ကြားရေးတွင် ပြုပြင် ပြောင်းလဲမှုတစ်ခုအဖြစ် ကွန်ပျူတာ Code ရေးနည်းကို သင်ကြားရန် ဦးဆောင်ပေးနေသည်။

သူတို့အဖွဲ့က Online ရော Offline နည်းတွေကိုပါ အသုံးပြုကြသည်။ သင်တန်းကို ကလေးများအား သုံးပတ်တိတိ လုပ်ပေးပြီး စတင်သည်။ ပထမ သုံးပတ်တွင် ကလေးများကို Code ရေးနည်းအခြေခံ သင်ပေးသည်။ အိမ်စာအဖြစ် လုပ်လာခိုင်းသည့် စနစ်များကို ကျင့်သုံးသည်။ 

သူတို့ လေ့ကျင့်ပေးသည်က ကိုယ်ကစားသည့် ဂိမ်းကို Code များ ပြန်ပြင်ပြီးရေးခိုင်းပြီး ကစားခိုင်းခြင်းဖြစ်သည်။ ဥပမာ - Pac-Man လို ဂိမ်းမျိုးကို ကလေးများအား ခိုးဖောက်ခိုင်းပြီး ကစားခိုင်းခြင်းဖြစ်သည်။ ကိုယ်လိုချင်သည့် ငှက်ပျောသီး၊ ခွေးစသည်တို့ကို ပြောင်းလဲပြီး ဆော့နိုင်အောင် Code တွေကို ပြောင်းရေးခိုင်းသောကြောင့် ကလေးတွေလည်း ပျော်ကြသည်။ 

Code အခြေခံအား ကလေးများ နားလည်သွားပြီဆိုလျှင် Programming Language ကို စတင် ရေးခိုင်းသည်။ ကွန်ပျူတာကို လူလို နားလည်စေရန် မည်သို့ သင်ကြားပေးရသည်ကို သူတို့သဘောပေါက်စပြုနေပြီ။ Language ကို နည်းနည်း နားလည်လာပြီဆိုလျှင် Java Script ရေးနည်းကို လေ့ကျင့်ကြရသည်။

ကိုယ်တိုင် နားလည်သဘောပေါက်စေရန် လေ့လာသည့် ရက်သတ္တပတ် သုံးပတ်ကုန်ဆုံးလျှင် စတုတ္ထမြောက် အပတ်တွင် ကလေးများ အဖွဲ့လိုက် စုပေါင်းပြီး LeapLearner မှ ဆရာများနှင့် ပူးပေါင်းကာ ကိုယ်ပိုင်ဂိမ်းများကို အပြိုင်ရေးပြီး ပြိုင်ပွဲဝင်ကြရသည်။ ဒရိုးကတော့

“အဲဒါ ဂိမ်းလို့ပြောပေမယ့် တကယ်ကတော့ ပညာရေး ပလက်ဖောင်းတစ်ခုပါ”ဟုဆိုသည်။

ကွန်ပျူတာ Code များကို Offline အနေနှင့် လေ့လာပြီးလျှင် သူတို့ကို အင်တာနက်ထဲဝင်ပြီး ကလေး အချင်းချင်း ချိတ်ဆက် ဖန်တီးနိုင်စွမ်းများကို လေ့ကျင့်ပေးသည်။ သူတို့ကို MIT တက္ကသိုလ်က Scratch ဆိုသည့် ပရိုဂရမ်ကိုလည်း လေ့လာခိုင်းသည်။ တကယ့် အခြေခံကျသည့် Coding စနစ်တစ်ခု ဖြစ်ပြီး ကလေးများအဖို့ အခြေခံရှိလျှင် လွယ်ကူစွာ တတ်မြောက်နိုင်သည်။

အွန်လိုင်းပေါ်တွင် Khan Academy ကလည်း ကလေးငယ်များအတွက် ကွန်ပျူတာ Code ရေးနည်းတွေကို သင်ပေးနေသည်။ ယခုအခါ LeapLearner အနေနှင့် တရုတ်နိုင်ငံ ရှန်ဟိုင်းကို အခြေပြုပြီး တရုတ်ပြည်မကြီးအထိ ခြေဆန့်နိုင်ရန် စီစဉ်နေသည်။ ထိုမှသည် သူတို့သည် အာရှ-ပစိဖိတ်ကို အရောက် သွားမည်ဟုလည်း အားခဲထားကြသည်။ 

LeapLearner က ရေးသည့် ကလေးများအတွက် ပရိုဂရမ်ရေးနည်းကို ဧပြီ ၂၅ ရက်နေ့ကထုတ်သည်။ သို့သော် အများပြည်သူ အနေနှင့် ဇွန် ၁ ရက်နေ့မှ စမ်းသပ် အသုံးပြုနိုင်မည်။ ဒရိုးက ရှန်ဟိုင်းတွင် အသုံးပြုသူ ၅၀၀၀ ခန့်ရှိလာမှ တရုတ်ပြည်မကြီးကို ထွက်မည်ဟုဆိုထားသည်။

LeapLearner ကို အခကြေးငွေယူပြီး သင်ကြားမည့် သင်တန်းလည်း ဖွင့်ထားသည်။ ထိုအဆင့်မှာ ပရော်ဖက်ရှင်နယ်အဆင့်ဖြစ်သည်။ ကျောင်းလို လာတက်ပြီး စနစ်တကျ သင်ယူနိုင်သည်။ LeapLearner ကို ယခုအခါ ဒေါ်လာ ငါးသန်းဖြင့် မတည်ထူထောင်ထားသည်။ ထိုငွေ၏ ၁၀ ရာခိုင်နှုန်းသည် အစ္စရေး-ပါလက်စတိုင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုဖြစ်သည့် Zaitoun Ventures က ထောက်ပံ့ထားခြင်းဖြစ်သည်။ 

အစ္စရေး နည်းပညာကို တရုတ်တို့ကခေါ်ပြီး ကောင်းကောင်း အသုံးချနေသည်။ လူအင်အား ကောင်းပြီး ဉာဏ်ကောင်းသူတွေ ပေါများသည့် တိုင်းပြည်ကို အစ္စရေးတွေက အခြေချပြီး ပညာရေးပြုပြင် ပြောင်းလဲမှုကတစ်ဆင့် အသီးအပွင့်များ ပေါ်ထွန်းလာရန် ပျိုးထောင်နေသည်။

တရုတ်သည် ၂၀၂၅ ကို ပညာရှင် ဦးနှောက်များဖြင့် တိုင်းပြည်ကိုတည်ဆောက်ပြီး ကမ္ဘာကို လွှမ်းမိုးနိုင်စေရန် ပြင်ဆင်နေသည်။ အချို့သော တိုင်းပြည်များတွင်ကာ အခြေခံကိုပင် အခြေခိုင်အောင် လုပ်ရမှန်း ယခုတိုင် နားမလည်ချင်ယောင်ဆောင်နေကြသည်။ 

E-01
(Ref: CNBC News)