POST TYPE

EDUCATION

ပညာသင်ဆု လျှောက်ပြီးတဲ့အခါ ဘာဆက်လုပ်သင့်သလဲ
19-Mar-2017 tagged as


လူငယ်တွေအတွက် ပညာသင်ဆု လျှောက်နိုင်ဖို့ လမ်းညွှန်ဆောင်းပါးတွေ များများတွေ့လာရတာ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်။ ဆောင်းပါးတွေထဲမှာ ပါတဲ့ သတင်း အချက်အလက်တွေကို ထိရောက်စွာ အသုံးချနိုင်မယ်ဆိုရင် အင်မတန် အကျိုးရှိနိုင်ပါတယ်။ ဒါ့ကြောင့် ပညာသင်ဆု လျှောက်ပြီးတဲ့အခါ ဘာတွေ ဆက်လုပ်သင့်သလဲ ဆိုတာနဲ့ပတ်သက်ပြီး ယနေ့ အတွေ့များလာရတဲ့ အခြေအနေတစ်ခုကို လူငယ်တွေ သတိထားနိုင်အောင် ပြန်လည် မျှဝေချင်ပါတယ်။ 

အဲဒါကတော့ သုတေသနနဲ့ ပတ်သက်တဲ့ ပညာသင်ဆုတစ်ခုကို လျှောက်ဖို့လိုတယ်ဆိုရင် အဓိက ကိုယ့်ကို တာဝန်ယူ သင်ပြပေးမယ့် ဆရာရဖို့ အရေးကြီးဆုံး ဆိုတာပါပဲ။ အချို့ ဆရာရပေမယ့် တစ်နည်း ဆရာက လက်ခံပေမယ့် ပညာသင်ဆု ပေးတဲ့အဖွဲ့က မရွေးတဲ့အတွက် ပညာသင်ဆုမရတဲ့သူတွေ များစွာ ရှိနေပါတယ်။ ထိုသူတို့အတွက် အကျိုးရှိနိုင်မယ့်၊ အသုံးချနိုင်မယ့် နည်းလမ်းလို့လည်း ပြောနိုင်ပါလိမ့်မယ်။

ဘယ်လိုပညာသင်ဆုကို လျှောက်ထားလဲ

ဒီအချက်ဟာ အင်မတန် အရေးကြီးပါတယ်။ ဆိုလိုတာက ကိုယ်လျှောက်ထားတဲ့ ပညာသင်ဆုဟာ ကိုယ်လျှောက်တဲ့ကျောင်းမှာ ရှိနေပြီးသားလား၊ မိမိလျှောက်တဲ့ ပညာသင်ဆုနဲ့ မိမိတက်ချင်တဲ့ ကျောင်းမှာ တက်နေတဲ့သူတွေ ဘယ်လောက်များလဲ ဆိုတာမျိုးကို အတတ်နိုင်ဆုံး များများသိအောင်လည်း လုပ်ထားဖို့ လိုပါတယ်။ အချို့သော ပညာသင်ဆုတွေဟာ သက်ဆိုင်ရာ ကျောင်းတွေကို ခွဲတမ်း သဘောပေးထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိလျှောက်တဲ့ ပညာသင်ဆုဟာ  မိမိကို လက်ခံထားတဲ့ ဆရာရဲ့ ကျောင်းက ခွဲတမ်းပါပြီးသား တစ်နည်းရှိပြီးသားဆို ပိုပြီး အဆင်ပြေလွယ်လို့ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မိမိ တက်ချင်တဲ့ကျောင်းမှာ မိမိလျှောက်ထားတဲ့ ပညာသင်ဆုနဲ့ တက်နေတဲ့လူ မရှိသေးရင် အနည်းငယ် ပိုခက်ခဲတတ်လို့ ဖြစ်ပါတယ်။

မိမိကို လက်ခံထားတဲ့ ဆရာက ဘယ်လိုဆရာလဲ

ဒါဟာလည်း သတိထားနည်းတဲ့ အချက်ဖြစ်မယ်လို့ မြင်ပါတယ်။ ဆရာတွေမှာလည်း အမျိုးမျိုး ရှိနေပါတယ်။ အချို့ ဆရာတွေက ကျောင်းရဲ့ အုပ်ချုပ်ရေးအဖွဲ့ထဲမှာ ပါနေတတ်ပြီး အချို့ကတော့ ကိုယ်နဲ့ဆိုင်တဲ့ အလုပ်ကိုပဲ လုပ်နေတတ်သူတွေ ဖြစ်ပါတယ်။ ဥပမာ - ဂျပန်နိုင်ငံမှာဆိုလျှင် မိမိရဲ့ သုတေသနလုပ်ငန်းမှာ နိုင်ငံခြားသားတွေ အများကြီးကို ခေါ်ထားတဲ့ ဆရာတွေ ရှိပါတယ်။ ဂျပန်ကျောင်းသားထက် နိုင်ငံခြားကျောင်းသားက ပိုများနေတာကို တွေ့နိုင်ပါတယ်။ သူတို့ဆီမှာလည်း ကျောင်းအတွက် အလုပ်လုပ်သူနဲ့ ကိုယ့်အတွက်ပဲ လုပ်သူဆိုပြီး ကွာခြားလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆရာရဖို့ စရှာကတည်းက မိမိတို့ရဲ့ သုတေသန နယ်ပယ်အပြင် ဆရာရဲ့အကြောင်းကိုလည်း သိနိုင်သမျှ သိအောင် လုပ်ထားသင့်ပါတယ်။ တွေ့ကြုံရနိုင်တဲ့ ဆရာတွေအကြောင်းကို အသေးစိတ် ပြန်လည် မျှဝေပါ့မယ်။

မိမိဆရာရဲ့ ကျောင်းမှာရှိတဲ့ အခြား ပညာသင်ဆုတွေက ဘာတွေလဲ

ဒီအချက်ကလည်း သိထားသင့်ပါတယ်။ မိမိလျှောက်တဲ့ ပညာသင်ဆုတွေအပြင် အခြားသော ပညာသင်ဆုတွေ အကြောင်း သိထားတဲ့အခါ ဘယ်လိုလူတွေ ခေါ်တယ်၊ ဘယ်အချက်တွေနဲ့ ခေါ်တယ်ဆိုတာ သိတဲ့အခါ မိမိက ဘယ်အချက်တွေနဲ့ ကိုက်ညီမှုရှိတယ်၊ ဘာတွေ ကြိုပြင်ထားဖို့လိုမယ် စသည်ဖြင့် သိရှိနိုင်တဲ့အတွက် လိုအပ်ချက်တွေကို ကြိုတင်ဖြည့်ဆည်း ထားနိုင်မှာ ဖြစ်ပါတယ်။ 

ဘယ်အချိန်မှာ သိအောင်လုပ်မလဲ

အထက်က အချက်တွေဟာ ပညာသင်ဆု လျှောက်တဲ့အခါ ထည့်သွင်းလျှောက်ထားရမယ့် အကြောင်းအရာတွေ မဟုတ်တဲ့အတွက် အရေးမကြီးဘူးလို့ မြင်ကောင်း မြင်နိုင်ပါလိမ့်မယ်။ ဥပမာ - ဆရာရဲ့ ရာထူးလို အရာမျိုးဖြစ်ပါတယ်။ ပညာသင်ဆု စတင် လျှောက်ကြတဲ့အခါ ရရှိရေးကိုသာ ဦးတည် စဉ်းစားကြတာကြောင့် ဒီအချက်တွေကို စဉ်းစားချိန် မရှိဘူးဆိုတာလည်း လက်ခံပါတယ်။ ဒီအတွက်ကြောင့်လည်း လျှောက်ပြီးတဲ့အခါ မရပ်လိုက်ဘဲ ဆက်လေ့လာနေဖို့ လိုတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ မိမိ လျှောက်လိုက်တဲ့အချိန်တုန်းကတော့ သုတေသန နယ်ပယ်တူလို့ ရွေးချယ် လျှောက်လိုက်တယ်၊ ဒါပေမဲ့ ဆရာ့အကြောင်းတွေ ဆက်ဖတ်တဲ့အခါ အလုပ် အင်မတန် များတဲ့သူဆိုတာ သိနိုင်ခဲ့ရင် ဘာတွေကို ပြင်ဆင်ထားသင့်သလဲဆိုတဲ့ အင်မတန် အဖိုးတန် အချက်အလက်တွေ ရနိုင်လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လျှောက်ပြီးရင် ဆက်ပြီး ဖတ်နေပါ၊ လေ့လာနေပါလို့ ပြောချင်ပါတယ်။ 

ဘာ့ကြောင့် အထက်က အရာတွေကို သိဖို့လိုတာလဲ

မိမိလျှောက်ထားတဲ့ ပညာသင်ဆုအကြောင်းကို အသေးစိတ် သိရှိထားတဲ့အတွက် ပညာသင်ဆု လျှောက်ပြီးတာနဲ့ ဒီပညာသင်ဆုနဲ့ ပတ်သက်ပြီး ရထားတဲ့သူတွေ၊ လျှောက်ထားတဲ့သူတွေ၊ လျှောက်ပြီး မရခဲ့သူတွေ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်တဲ့အတွက် သတင်းရနိုင်သမျှ ရအောင်လုပ်ရာမှာ အထောက်အကူ ဖြစ်နိုင်ပါတယ်။  ဒါ့အပြင် မိမိစလျှောက်ကတည်း ရနိုင်ခြေ ရှိမရှိဆိုတာကို အနည်းငယ် ခန့်မှန်းတွက်ချက်နိုင်မှာဖြစ်ပါတယ်။ ဥပမာ - မိမိလျှောက်ထားတဲ့ ပညာသင်ဆုဟာ မိမိလျှောက်တဲ့ကျောင်းမှာ အရင်ကတည်းက ရှိပြီးသား တစ်နည်း မိမိလျှောက်တဲ့ ပညာသင်ဆုအတွက် ကျောင်းက အချိုးကျရပြီးသားဆိုခဲ့လျှင် ပြိုင်ဆိုင်ရမှု လျော့နည်းသွားလို့ ဖြစ်ပါတယ်။ ဆိုလိုတာက မိမိလျှောက်ထားတဲ့ ပညာသင်ဆုကို မိမိတက်ချင်တဲ့ ကျောင်းက ငါးဦးအတွက် ရရှိပြီးသား ဆိုလျှင် ဒီကျောင်းက သူတို့ရရှိထားတဲ့ ငါးဦးအတွက် လျှောက်တဲ့သူတွေထဲက ရွေးချယ်မှာဖြစ်လို့ပါ။ မိမိတက်ချင်တဲ့ကျောင်းမှာ လျှောက်တဲ့သူက ၁၀ ဦး ရှိနေလျှင် ထိုထဲကရွေးမှာ ဖြစ်သလို ငါးဦးပဲ ရှိလျှင်လည်း အားလုံး ပညာသင်ဆု ရသွားနိုင်လို့ပါပဲ။ ဒီနေရာမှာ ဦးစားပေးနိုင်ငံ ဆိုတာမျိုးကိုလည်း ထည့်သွင်း စဉ်းစားတတ်ကြပါသေးတယ်။

ဆရာရဲ့ရာထူးကို သိသင့်တဲ့အကြောင်းရင်း

အထက်မှာ ရေးခဲ့သလို ဆရာရဲ့အကြောင်းကို သိသင့်တယ် ဆိုတာမျိုးက ဒီနေရာမှာ စကား ပြောလာတယ်လို့ မြင်ပါတယ်။ သူတို့ဆီမှာလည်း အချိုးကျလို့ ပြောပေမယ့် တစ်ဌာနထဲက နှစ်ယောက်ရတာမျိုးတွေလည်း ရှိနေတတ်ပါသေးတယ်။ ဒီအခါ မိမိကိုယ် လက်ခံထားတဲ့ ဆရာရဲ့ လုပ်ကိုင်နိုင်စွမ်း၊ ယုံကြည်နိုင်စွမ်းတွေကို ကျောင်းသားခွဲဝေချထားရေးမှာ ထည့်သွင်း စဉ်းစားတယ်ဆိုတာကို သိစေလိုတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ပညာသင်ဆု ရခဲ့တဲ့အခါမှာ ထောက်ပံ့ပေးနိုင်မှု ကွာခြားတာကြောင့်လည်း ဖြစ်ပါတယ်။ အချို့ဆရာတွေက အလုပ် အရမ်းများတဲ့အတွက် ကျောင်းသားကို အချိန်ပေးနိုင်မှု နည်းပါးတာကိုလည်း တွေ့နိုင်ပါလိမ့်မယ်။ အချို့ဆရာတွေက စက်ရုံတွေနဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်စွမ်း မြင့်မားတာကြောင့် သုတေသနအတွက် ပိုက်ဆံများများ ပေးနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။ 
ဆရာနဲ့ အမြဲ ဆက်သွယ်နေပါ

အင်မတန် အရေးကြီးတဲ့ အချက်လို့ ပြောချင်ပါတယ်။ မိမိတို့နိုင်ငံရဲ့ အင်တာနက် အခြေအနေကို သိပေမယ့် အတတ်နိုင်ဆုံး ကြိုးစားရပါလိမ့်မယ်။ ဆရာစာပို့သည့်အခါ အမြန်ဆုံး အကြောင်းပြန်နိုင်အောင်လည်း ကြိုးစားပါ။ ဆရာနဲ့ အမြဲ ဆက်သွယ်နေခြင်းဟာ အင်မတန် အကျိုးများတဲ့အရာပါ။ ဥပမာပြောရရင် မိမိလျှောက်ထားတဲ့  ပညာသင်ဆုမှာ မိမိအရွေးချယ်မခံရဘူး ဆိုပါစို့။ စိတ်မညစ်ပါနဲ့။ လက်မလျှော့ပါနဲ့ လို့ ပြောချင်ပါတယ်။ မိမိဆရာ့ထံကို မိမိ ဆက်ကြိုးစားချင်တဲ့အကြောင်း မိမိပညာသင်ချင်တဲ့အကြောင်း စာပို့ဖို့ အင်မတန် အရေးကြီးပါတယ်။ 

နောက်ထပ် အရေးကြီးဆုံး တစ်ချက်မှာ တကယ်လို့ ပညာသင်ဆုများရှိခဲ့ရင် မိမိကို သတင်းပေးဖို့၊ မိမိကို ထည့်သွင်း စဉ်းစားပေးဖို့ စတဲ့အကြောင်းအရာတွေကို  ဆရာ့ဆီစာ ပို့ဆက်သွယ်နေဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ အထက်မှာ ဖော်ပြခဲ့တဲ့ မိမိလျှောက်ထားတဲ့ ကျောင်းမှာရှိတဲ့ ပညာသင်ဆုတွေ အကြောင်းကို ဖတ်ထားတဲ့အတွက် ဆရာက အလုပ်များလို့ သတိမေ့ခဲ့ရင်တောင် မိမိက ဘယ်ပညာသင်ဆု  ဘယ်အချိန်ရှိတယ် ဆိုတာမျိုးနဲ့ ဆရာ့ကို သတိပေးနိုင်ပါလိမ့်မယ်။
ယခုနောက်ပိုင်း ပညာသင်ဆု ရတဲ့သူတွေထဲမှာ တစ်ခါလျှောက်ပြီး ရသူတွေရှိသလို၊ ဆရာနဲ့ အမြဲ ဆက်သွယ်ပြီး သတင်း မေးစုံစမ်းနေတဲ့အတွက် ဒီတစ်နှစ် မပါပေမယ့် နောက်နှစ်တွေမှာ ပြန်ပါလာတဲ့သူတွေ များလာနေပါတယ်။ ပညာသင်ဆု အတူတူကို ပြန်ရတာမျိုး ရှိသလို အခြားတစ်ခုနဲ့ ကိုယ့်ကို လက်ခံထားတဲ့ ဆရာက ပြန်ခေါ်ပေးတာမျိုးတွေလည်း ရှိနေပါတယ်။ 

မဖြစ်မနေ တက်ချင်တယ်ဆိုရင်

ဒီနည်းကိုတော့ လူနည်းစုသာ လုပ်လေ့ ရှိကြပါတယ်။ မိမိကို လက်ခံထားတဲ့ ဆရာလည်း ရပြီးသားဖြစ်တဲ့အတွက် ပထမလျှောက်ထားတဲ့ ပညာသင်ဆုမရခဲ့ပေမယ့် မိမိတို့ ကိုယ်ပိုင်ပိုက်ဆံနဲ့ ကျောင်းကို ရောက်အောင် လာကြပါတယ်။ ကျောင်းကို ရောက်ပြီးတဲ့အခါမှသာ ဆရာရဲ့ ထောက်ခံမှုနဲ့ ကျောင်းမှာရှိနေတဲ့ ပညာသင်ဆုတွေထဲကို ကျောင်းတက်နေရင်း ပြန်လျှောက်ကြတာ ဖြစ်ပါတယ်။ ပညာသင်စရိတ် အပြည့်အဝ ပေးတဲ့ ပညာသင်ဆုတွေ ရှိသလို၊ လစဉ် ဘယ်လောက်ပဲပေးမယ်ဆိုတဲ့ ပညာသင်ဆုတွေလည်း ရှိတဲ့အတွက် အပြည့်ရသွားတဲ့ လူတွေရှိသလို အပြည့် မရတဲ့လူတွေလည်း ရှိနေပါတယ်။ ထိုနည်းတူပဲ လျှောက်လို့ ရတဲ့သူတွေရှိသလို လျှောက်လို့ မရတဲ့သူတွေလည်း ရှိနေပါတယ်။ ဒီနေရာမှာ ဆရာရဲ့ ထောက်ခံပေးမှုနဲ့ ကူညီပြီး ပညာသင်ဆု ရှာပေးနိုင်မှုတို့ကလည်း အရေးပါနေပါတယ်။ 

ပညာသင်ဆု လျှောက်ထားပြီး မရသေးတဲ့သူတွေ၊ ပထမတစ်ခု မရလိုက်လို့ စိတ်ညစ်နေသူတွေ စိတ်မညစ်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ဆက်ပြီး ကြိုးစားနေကြပါ။ မိမိရဲ့ ဆရာနဲ့ အမြဲ ဆက်သွယ်နေပြီး အခြေအနေကို အမြဲစုံစမ်းနေပါက အကျိုးရှိနိုင်မယ်လို့ ယုံကြည်မိတဲ့အတွက် ရေးသားတင်ပြလိုက်ရပါတယ်။

ဖြိုးဝေမြင့် (စက်မှုအင်ဂျင်နီယာ)

  • TAGS