News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (စာမေးပွဲ)
16-Mar-2017 tagged as ဆရာများ

အတန်းအကူးအပြောင်း ဖြစ်သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို အရည်အချင်း စစ်ဆေးမှု အတတ်နိုင်ဆုံး တစ်ပြေးညီ ဖြစ်စေရန် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စတုတ္ထတန်းကို ခရိုင်စစ်၊ အဋ္ဌမတန်းကို တိုင်းစစ်အဖြစ် ပြောင်းလဲစစ်ဆေးခဲ့သည်။ ထို့ကြောင့် စာမေးပွဲမတိုင်မီ စာမေးပွဲ မေးခွန်းပြုစုခြင်း သင်တန်းပေးခဲ့သည်။ သို့သော် ရိုးရိုးစင်းစင်းမေးရန်၊ မတွန့်၊ မကွန့်ရန် ပြောကြားသော်လည်း မေးခွန်းထုတ်သောအခါ တွန့်ထား၊ ကွန့်ထား၍ ကျောင်းသားများ အခက်အခဲဖြစ်ကြောင်း ပညာရေးအတိုင်ပင်ခံ ဒေါက်တာဦးသန်းဦးက ပြောကြားထားသည်။ ရိုးရိုးစင်းစင်းမေးရန် ဆိုသည်မှာ မသိမဖြစ် သိရမည့် အကြောင်းအရာများကို ၆၀ ရာခိုင်နှုန်း၊ သိသင့်သည့် အကြောင်းအရာကို ၂၀ ရာခိုင် နှုန်း၊ အတွေးအခေါ်ပိုင်းဆိုင်ရာကို ၂၀ ရာခိုင်နှုန်း မေးရန် ဆိုလိုခြင်း ဖြစ်သည်။ ထို့ပြင် ပုစ္ဆာတစ်ပုဒ် ဖြေဆိုရာတွင် အားလုံးအဖြေမှန်မှ အမှတ်ပေးသည်ထက် အဆင့်အလိုက် ဖြေဆိုမှု မှန်ကန်လျှင် အဆင့်အလိုက် အမှတ်ပေးရန် ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် မေးခွန်းများ မည်သို့ရှိသည့်အကြောင်း ဆရာများ၏ သဘောထား၊ ဆွေးနွေးမှုများကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“နှစ်တိုင်း မှားနေကျပေမယ့် ဒီနှစ်မှာ မမှားတော့တာပေါ့”
ဒေါက်တာခိုင်မြဲ (ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ)

ဒီနှစ်ကတော့ တွန့်တာ၊ ကွန့်တာမျိုး မလုပ်ဘဲနဲ့ အဓိကကတော့ ကလေးတွေရဲ့ သူတို့တစ်နှစ်တာ သင်ယူတတ်မြောက်ထားတာ ဘယ်လောက်ရှိသလဲနဲ့ ဆရာတွေဘက်က ဒီတတ်မြောက်မှုအပေါ်မှာ ပြန်လည်အကဲဖြတ်ဖို့အတွက် လုပ်ရတာပါ။ ကျွန်တော်က အရင် အခြေခံညွှန်ချုပ် ဖြစ်ဖူးတော့ အဲဒီတုန်းက လေးတန်း၊  ရှစ်တန်းကို ကိုင်ရတယ်။ အဲဒီတုန်းကတည်းက ဒီမေးခွန်း ထုတ်တဲ့သူတွေ ဘယ်လိုတာဝန်ခံပြီး ထုတ်ရမယ်၊ မေးခွန်းတွေ မမှားအောင် တွန့်တာကွန့်တာတွေ မရှိအောင် ကလေးတွေရဲ့ တတ်ကျွမ်းမှုကို တကယ်စစ်ဆေးတဲ့ မေးခွန်းမျိုး ဖြစ်အောင် အဆင်ဆင့် တာဝန်ခံတာမျိုးတွေ လုပ်ထားခဲ့တာပေါ့နော်။ ကတိခံဝန်ချက်တွေ လုပ်ပြီးမှ တင်သွင်းရတယ်လေ။ အဲဒီမှာလည်း မေးခွန်းလှည့်တဲ့သူတွေ မေးခွန်းမပေါက်ကြားအောင် ဂိုက်လိုင်းတွေ လမ်းညွှန်တွေ ရေးတယ်။ မေးခွန်းထုတ်သူ လိုက်နာရန် အချက်များ၊ စာမေးပွဲဖြေသူတွေ လိုက်နာရန် အချက်များ စတဲ့ လေးတန်း၊ ရှစ်တန်း စာမေးပွဲ လမ်းညွှန်ကို တိုင်းနဲ့ပြည်နယ်က ပညာရေးမှူးတွေနဲ့ ဆရာတို့ စာမေးပွဲလမ်းညွှန် ဆိုတာကို ပြုစုခဲ့ကြတယ်။ အဲဒီလိုပြုစုပြီး နောက်ပိုင်း အဆင့်ဆင့် တာဝန်ခံခဲ့ကြတဲ့အတွက် နှစ်တိုင်း မှားနေကျပေမယ့် ဒီနှစ်မှာ မမှားတော့တာပေါ့။                                                              

“ဆရာဂုဏ်သမား ဂုဏ်ပြတဲ့ မေးခွန်းမျိုးတွေ မမေးဖို့ ပြောခဲ့တာပဲ”
ဒေါက်တာဇော်ဝင်း (ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ) အခြေခံပညာဦးစီးဌာန)

ကျွန်တော်တို့ကတော့ မေးခွန်းနဲ့ ကျောင်းသားနဲ့ လိုက်ဖက်ညီအောင်တော့ အမြဲတမ်း ပြောနေတာပဲ။ မနှစ်ကတုန်းကလည်း ကျွန်တော်တော့ မရောက်သေးဘူးပေါ့နော်။ ဆရာဂုဏ် သမားဂုဏ်ပြတဲ့ မေးခွန်းမျိုးတွေ မမေးဖို့ ပြောခဲ့တာပဲ။ အခုတော့ မေးခွန်းတွေလည်း တဖြည်းဖြည်းနဲ့ ကျောင်းသားနဲ့ အပ်စပ်မှုရှိတဲ့ မေးခွန်းတွေ ဖြစ်လာပါပြီ။ နောက်တစ်ခါ ဒီနှစ်က ထူးခြားတာတော့ စာစစ်ဦးစီးဌာနနဲ့ အခြေခံပညာ ဦးစီးဌာနတို့ ပေါင်းပြီးတော့မှ ရန်ကုန်မှာ လေးတန်း၊ ရှစ်တန်း စာမေးပွဲနဲ့ ပတ်သက်ပြီးတော့ Workshop တစ်ခု လုပ်တယ်လေ။ အဲဒီလိုလုပ်တုန်းက ပရိုဂရမ်တစ်ခု မေးခွန်းထုတ်တာနဲ့ ပတ်သက်ပြီးတော့ သီအိုရီ သဘောတရားတွေကို ရန်ကုန်ပညာရေးတက္ကသိုလ်က လာပြီးပို့ချပေးတယ်။ တကယ်လက်တွေ့မှာလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ မေးခွန်းတွေကို မေးကြဖို့ ကျွန်တော်တို့ကို ဆရာကြီးတွေက လမ်းညွှန်ခဲ့ကြတာ ရှိပါတယ်။ နေပြည်တော်မှာလည်းပဲ အခြေခံပညာ ဦးစီးဌာနက ပြည်နယ်၊ တိုင်းမှူး၊ ခရိုင်မှူးတွေနဲ့ ညှိနှိုင်းကြတော့လည်း အဲဒီမေးခွန်းကိစ္စနဲ့ ပတ်သက်ပြီး ကလေးတွေရဲ့ အောင်မြင်မှု မြင့်တက်လာဖို့ဆိုရင် မေးခွန်းကလည်း အဓိကကျတဲ့ အကြောင်းနဲ့ မေးခွန်းမေးတဲ့အခါ သတိထားဖို့ ဥပမာတွေနဲ့ သေချာရှင်းပြခဲ့ကြတယ်။ ဒီနှစ်ကတော့ အရင်နှစ်တွေထက်စာရင် ကျောင်းသားနဲ့ လိုက်လျောညီထွေ ဖြစ်သွားပုံရပါတယ်။ ဘာမှတော့ ထူးထူးခြားခြား မေးခွန်းခက်တယ် ဆိုပြီး Complain တက်တာမျိုး ကျွန်တော်တို့ မကြားမိဘူး။ ကျောင်းသားတွေရဲ့ ဖြေဆိုနိုင်မှုနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ကလည်းပဲ ခုချိန်က လေးတန်း၊ ရှစ်တန်း ဖြေပြီးသွားကြပြီးလို့ ၁၀ တန်းတွေက ဆက်လာတာဆိုတော့ ဆရာ ဆရာမတွေ အနေနဲ့ ၁၀ တန်းအတွက် ပြင်ဆင်နေရတဲ့သူတွေ ရှိသလို လေးတန်း၊ ရှစ်တန်း အဖြေတွေ စစ်နေရတာလေ။ အဲဒီတော့ သူတို့ရဲ့ ဖြေဆိုနိုင်မှုကတော့ အတည်အကျ မပြောနိုင်သေးဘူး။ ဘာပဲပြောပြော အရင်နှစ်ကထက် စာရင်တော့ ပိုပြီးတော့ အဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်။ 

“မကွန့်ဘူး ဆိုပေမယ့် လွယ်လွယ်ကူကူ အဆင့်လည်း မဟုတ်ပါဘူး”
ဦးဟန်ရွှေ (ခံစပ်တောရွာ၊ မူလွန်ကျောင်းအုပ်၊ ပခုက္ကူခရိုင်၊ မကွေးတိုင်းဒေသကြီး)

အဲဒါက ကျွန်တော်တို့ ဆယ်တန်းတွေဖြေပြီးတဲ့ အချိန် ကျောင်းဇုန်အလိုက် ကျောင်းအုပ်တွေ စုပေါင်းပြီးတော့ ဆွေးနွေးမှု လုပ်ပါမယ်။ ဆွေးနွေးတဲ့အခါ မေးခွန်းရဲ့သိမှုအပိုင်းက ဘယ်လိုမေးတယ်၊ နားလည်မှု အပိုင်းက ဘယ်လိုမေးတယ်ဆိုတာ ပြန်ဆွေးနွေးပြီးတော့မှ အဖြေက ထွက်မှာပါ။ ကျွန်တော့်တစ်ဦးတည်း အမြင်ဆိုရင် မနှစ်ကနဲ့စာရင် ဒီနှစ်လေးတန်း ခရိုင်စစ် (ပခုက္ကူ) မေးခွန်းက မဆိုးပါဘူး။ မဆိုးပါဘူးဆိုတာ မေးခွန်းအင်္ဂါရပ်နဲ့ ညီညွတ်တယ်လို့ ကျွန်တော် ယူဆတာပါ။ ကလေးတွေလည်း ခက်ခက်ခဲခဲကြီး မဟုတ်ဘူး။ သိပ်ကွန့်တာမျိုးလည်း မပါပါဘူး။ မကွန့်ဘူး ဆိုပေမယ့် လွယ်လွယ်ကူကူ အဆင့်လည်း မဟုတ်ပါဘူး။ သာမန်အဆင့်လို့ ဆိုလို့ရမယ် ထင်ပါတယ်။ အခက်အခဲကြီးလည်း မဟုတ်ဘူး။ အလွယ်ကြီးလည်း မဟုတ်ဘူး။ မေးတဲ့မေးခွန်းက ပုံမှန်သဘောရိုးပါ။ သင်ခန်းစာက ရှေ့ပိုင်းလည်း ပါသလို၊ နောက်ပိုင်းလည်း ပါတယ်။ နှံ့နှံ့စပ်စပ် ရှိတယ်လို့ ပြောရပါမယ်။

“မေးခွန်းကလည်း ပုံစံပိုကျလာတယ်”
ဒေါ်ခင်ကျော့ကျော့ခိုင် (ပုသိမ်မြို့၊  အမှတ်(၂) အလယ်တန်းကျောင်း(ထခွဲ)၊ ကျောင်းအုပ်၊ ဧရာဝတီတိုင်းဒေသကြီး)

လေးတန်းနဲ့ ရှစ်တန်းမေးခွန်းကို ၂၀၁၄ ခုနှစ် ကစပြီး ပျမ်းမျှအားဖြင့် တော်၊ သင့်၊ ညံ့ ကျောင်းသားတွေအတွက် ပြီးတော့ ကျောင်းပြင်ပကို ရောက်မသွားဖို့ အတွက် အောင်ချက်ကောင်းဖို့ လွယ်တဲ့မေးခွန်းပဲ ပြောပါတော့။ သိရှိမှုကို မေးတဲ့ မေးခွန်းက ၆၀ ရာခိုင် နှုန်း၊ အလယ်အလတ် ကလေးတွေအတွက် နားလည်မှု မေးခွန်းက ၂၀ ရာခိုင်နှုန်း၊ တော်တဲ့ကလေးအတွက် ကျွမ်းကျင်မှုမေးခွန်းက ၂၀ ရာခိုင်နှုန်းဆိုပြီး ပညာရေးဌာနက မေးခွန်းပုံစံတစ်ခုပဲ ချပေးပါတယ်။ အဲလိုမေးရမယ် ဆိုတဲ့ သတ်မှတ်ချက်တစ်ခုပဲ ချလိုက်တယ်။

ဒါပေမဲ့ တိကျတဲ့ မေးခွန်းပုံစံမျိုး အပိုင်း (က) မှာ ဘယ်နှပုဒ်၊ အပိုင်း(ခ) ဘယ်နှပုဒ်၊ အပိုင်း (ဂ) က ဘယ်နှပုဒ်ဆိုတာမျိုး ချမှတ်ထားတာ မရှိဘူး။ ဆယ်တန်း မေးခွန်းလို တိကျတဲ့ ပုံစံတစ်ခုနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ထုတ်တဲ့ မေးခွန်းလိုမျိုး မဟုတ်ဘူး။ တက္ကသိုလ် ပါမောက္ခ ၁၃ ဦးကနေ Board of Study လုပ်ပြီး ထုတ်တယ်။ 

လေးတန်း ခရိုင်စစ်နဲ့ ရှစ်တန်း တိုင်းစစ်မေးခွန်းကိုတော့ သက်ဆိုင်ရာ ခရိုင်အလိုက်၊ တိုင်းအလိုက် ထုတ်ကြတော့ တစ်နိုင်ငံလုံး အတိုင်းအတာ မဟုတ်ဘူး။ Board of Study လုပ်ပြီး မထုတ်နိုင်ဘူးပေါ့။ ကိုယ့်ကလေးတွေ အနေနဲ့ လိုက်ဖက်မယ့် အခြေအနေပေါ် မူတည်ပြီး ထုတ်ကြတယ်။ ရာခိုင်နှုန်း ၆၀၊ ၂၀၊ ၂၀ ဆိုရယ်လို့တော့ တိတိကျကျထွက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သတ်မှတ်ပျမ်းမျှမှန်းခြေနီးအထိ ရအောင် တိုင်းပညာက ကျွမ်းကျင်တဲ့ ဆရာကြီး၊ ဆရာမကြီး သုံးသပ်ကြပ်မတ်ပေးပါတယ်။

ခုနကပြောခဲ့တဲ့ ကျွမ်းကျင်မှု၊ ပြန်လည်အသုံးချမှု မေးခွန်းမျိုးကျတော့ ဘောင်ဖွင့်ပြီးမေးတဲ့ မေးခွန်းမျိုးပါ။ ဘယ်လိုဖြေရမယ် ဆိုပြီး ဘောင်ပိတ်ထားတဲ့ မေးခွန်းမျိုး မဟုတ်ပါဘူး။ တော်တဲ့ကလေးရော၊ ညံ့တဲ့ကလေးရော ကျောင်းသားရဲ့ ဆက်စပ်တွေးခေါ်တဲ့၊ သုံးသပ်တဲ့အမြင်ကိုသာ မေးတဲ့ မေးခွန်းမျိုးပါ၊ ဥပမာ အာဇာနည်စိတ်ဓာတ် ဆိုတာမျိုးပေါ့ ကလေးတွေ သူတို့အမြင်အတိုင်း ဖြေနိုင်တာမို့ တော်၊ သင့်၊ ညံ့ အားလုံး ဖြေနိုင်မယ့် မေးခွန်းပါ။ ကလေး ၃ မျိုးစလုံး ဖြေနိုင်မယ် ထင်ပါတယ်။

ကလေးတွေရဲ့ ဉာဏ်ရည်ကလည်း ပိုကောင်းလာတယ်။ မေးခွန်းတွေရဲ့ အရည်အသွေးက တစ်နှစ်ထက် တစ်နှစ် ပိုကောင်းလာပါတယ်။ ဒီနှစ်ဆို ကျောင်းသားတွေအတွက် ပိုကောင်းလာတယ်။ မေးခွန်းကလည်း ပုံစံပိုကျလာတယ်။ မူလတန်းဆင့် လေးတန်းဆိုရင် မေးခွန်းတို(Short Question) များပြီး မေးခွန်းရှည် (Long Question) နည်းတယ်။ လေးတန်းအဆင့်အရွယ် သူတို့ရဲ့ လက်ရှိနေထိုင်မှု၊ သိရှိမှုနဲ့ ပတ်ဝန်းကျင် လေ့လာမှု ဉာဏ်ရည်ပေါ် မူတည်ပြီး မေးထားတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

ရှစ်တန်းကတော့ အလယ်တန်းဆင့် ရောက်သွားပြီး သိရှိမှုနဲ့ ပတ်ဝန်းကျင် လေ့လာမှု သာမက ကျွမ်းကျင်မှု၊ သုံးသပ်မှုတွေ များတယ်။ မေးခွန်းတို (Short Question) ထက် မေးခွန်းရှည် (Long Question) များတယ်။ ဉာဏ်ရည်အသက်အရွယ်အရ မေးခွန်းက မြင့်လာတယ်။ လေးတန်းမှာ ၁၀၀ မှတ်ပေးတဲ့ မေးခွန်းဆိုရင် မေးခွန်းတိုက ၆၀ မှတ်ဖိုးပါရင် ရှစ်တန်းက ၄၀ မှတ်ဖိုးပဲ ပါတော့တယ်။ မေးခွန်းရဲ့ အရည်အသွေးရော ကလေးတွေနဲ့ ကိုက်ညီမှုရော တစ်နှစ်ထက်တစ်နှစ် ပိုမြင့်လာတယ်။

ရွှေဖူးခင်၊ မောင်မျိုးထက်