News

POST TYPE

EDUCATION

ခန်းအကယ်ဒမီအကြောင်း သိကောင်းစရာ
16-Feb-2017 tagged as ပညာရေး

အကယ်ဒမီ (Khan Academy) သည် အစိုးရ မဟုတ်သော ပုဂ္ဂလိက အဖွဲ့အစည်း (non-profit) အနေနှင့် ပညာရေး လုပ်ငန်းများကို လုပ်ဆောင်နေသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်။ ၂၀၀၆ ခုနှစ်ကတည်းက ဆယ်လ်မန် ခန်း (Salman Khan) ဆိုသူက လူတိုင်းပညာလေ့လာသင်ယူနိုင်ရေး အတွက် ထူထောင်ဖွဲ့စည်းခဲ့သော NGO အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။

ခန်းအကယ်ဒမီ ပညာပေးအဖွဲ့သည် အွန်လိုင်း YouTube က တစ်ဆင့် ဗီဒီယို ပို့ချချက်များဖြင့် ပညာရေး သင်ခန်းစာများကို သင်ကြားပေးလျက် ရှိသည်။ သူတို့ သင်ကြားပို့ချပေးမှုများသည် ခပ်တိုတိုနှင့် ထိရောက်သည့် ပို့ချချက်များ ဖြစ်သောကြောင့် လူကြိုက်များလာခဲ့ကြသည်။ 

ထို့ပြင် ခန်းအကယ်ဒမီက ထူထောင်ထားသည့် Website တွင်လည်း နောက်ဆက်တွဲ အနေဖြင့် ဆက်လက်လေ့လာသင့်သည့် သင်ခန်းစာများ၊ လေ့ကျင့်ခန်းများ၊ သရုပ်ပြပုံများ စသည်ဖြင့် ဆရာများ ဆက်လက်လေ့လာ သင်ကြားနိုင်စရာများကိုလည်း ထည့်သွင်းပေးထားသည်။ အထူးသဖြင့် ပညာရေးနှင့် ပတ်သက်သမျှသော ရင်းမြစ်များအားလုံးကို လေ့လာနိုင် ထည့်သွင်းဖြည့်ဆည်းပေးထားသော ပညာရေး အထောက်အကူပြု ထင်ရှားသည့် Website တစ်ခု (https://www.khanacademy.org/) ကိုလည်း ထူထောင်နိုင်ခဲ့သည်။

ခန်း Website တွင် အဓိကအားဖြင့် အင်္ဂလိပ်ဘာသာဖြင့် လေ့လာနိုင်စေရန် စီစဉ်ပေးထားသော်လည်း ဘင်္ဂါလီ၊ ဟင်ဒီနှင့် စပိန်ဘာသာစကားများနှင့်လည်း စီစဉ်ပေးထားမှုများ ရှိသည်။

ခန်းအကယ်ဒမီကို ဆယ်လ်မန်ခန်းသည် ၂၀၀၄ ခုနှစ်ခန့် ကတည်းက စတင်ကြိုးပမ်းခဲ့သည်။ အင်တာနက်ပေါ်တွင် သူ၏ ညီအစ်ကိုဝမ်းကွဲတော်သူ တစ်ဦး၏ အကူအညီဖြင့် Yahoo Doodle Images ဆိုသည့် ဝန်ဆောင်မှုကို စတင်ပေးခဲ့သည်။ နောက် မကြာမီ အခြားသော ညီအစ်ကိုဝမ်းကွဲတစ်ဦးနှင့် ပူးပေါင်းပြီး အွန်လိုင်းပေါ်တွင် စာသင်သည့် လုပ်ငန်းကို စတင်လုပ်ကိုင်ကြည့်ကြသည်။ 

လေ့လာလိုသူများ၏ တောင်းဆိုချက်အရ ခန်းသည် အင်တာနက်ပေါ်တွင် ဗီဒီယို အစီအစဉ်ဖြင့် ထုတ်လွှင့်နိုင်ရန် စီစဉ်ခဲ့သည်။ YouTube ကို ဆက်သွယ်ပြီး ပညာရေးဆိုင်ရာ ထုတ်လွှင့်မှုများကို စတင်လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် SmoothDraw ဆိုသည့် ဆော့ဖ်ဝဲကို အသုံးပြုပြီး ပုံများကို ဆွဲတင်သည်။ ပညာရေး အထောက်အကူပြုပုံများကို Wacom တက်ဘလက် အသုံးပြုပြီး ArtRage ဆော့ဖ်ဝဲကို အသုံးပြုကာ ကွန်ပျူတာထဲ ထည့်သွင်းသည်။ သင်ကြားသည့် သင်ခန်းစာများကိုလည်း ကွန်ပျူတာထဲ ထည့်ပြီး အားလုံးပေါင်းစပ်ပြီးမှ YouTube ပေါ်တင်ကာဖြန့်သည်။

၂၀၀၉ ခုနှစ်တွင် ကြည့်ရှုသူ များလာပြီး တောင်းဆိုသည့် ပရိသတ်လည်း များလာသောကြောင့် ခန်းသည် အလုပ်က ထွက်လိုက်ပြီး အွန်လိုင်းသင်ကြားရေး လုပ်ငန်းများကို အာရုံစိုက်ကာ လုပ်ဆောင်ခဲ့သည်။ သူက Khan Academy ဆိုသည်ကို တရားဝင် ထူထောင်လိုက်ပြီး အချိန်ပြည့် ပညာပေး လုပ်ငန်းများကို စေတနာ့ဝန်ထမ်း စတင်လုပ်ဆောင်ခဲ့သည်။

ခန်းအကယ်ဒမီသည် စတင်စဉ်က သင်္ချာနှင့် ပတ်သက်သည့် ဗီဒီယို သင်ခန်းစာများကို အလေးပေးကာ တင်လေ့ရှိသည်။ နောက်ပိုင်း လုပ်ငန်းကိုချဲ့ထွင်ပြီး ဝန်ထမ်းများ ငှားကာ သမိုင်း၊ စီးပွားရေးပညာ၊ သိပ္ပံနှင့် ဝိဇ္ဇာဆိုင်ရာ ဘာသာရပ်များအပြင် ကွန်ပျူတာ သိပ္ပံဘာသာရပ်ဆိုင်ရာတို့ကိုပါ ဗီဒီယို ရှင်းလင်းချက်များဖြင့် အွန်လိုင်းပေါ် လွှင့်ထုတ်နိုင်ခဲ့သည်။ 

၂၀၁၅ ခုနှစ်တွင် သင်ကြားမှု အထောက်အကူပြု အကြောင်းအရာမျိုးစုံ ခေါင်းစဉ်ပေါင်း ၅၀၀၀ ကျော်ကို လွှင့်ထုတ်တင်ဆက်နိုင်ခဲ့ပြီး ဖြစ်သည်။ ထိုအကြောင်းအရာများထဲတွင် ပညာရှင်တို့၏ ရေးသားချက်များ၊ တက္ကသိုလ်ပါမောက္ခ ဌာနမှူးများ၏ ပို့ချချက်များလည်း ပါဝင်ကြသည်။

ခန်း Website ပေါ်တွင် ဘာသာစကားအမျိုးမျိုးကို ပြန်ဆိုကာ လေ့လာဖတ်ရှုနိုင်သည့် စနစ်များကို ၂၀၁၃ ခုနှစ်က စတင်ပြီး လုပ်ဆောင်နိုင်ခဲ့သည်။ ပထမဆုံး အင်္ဂလိပ်ဘာသာမှ စပိန်ဘာသာသို့ ပြန်ဆိုကြည့်နိုင်မှုကို ၂၀၁၃ စက်တင်ဘာလတွင် စတင်ခဲ့သည်။ ၂၀၁၆ နိုဝင်ဘာလတွင် ခန်းအကယ်ဒမီသည် ဘာသာစကား ၇ မျိုးဖြင့် Website ကို လွှင့်တင်နိုင်ခဲ့သည်။ ဗီဒီယို သင်ကြားချက်များကိုလည်း ဘာသာပြန်စာတန်းထိုး ၂၀၀၀၀ ခန့် လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

Khan Lab School ကျောင်းကို ခန်းကိုယ်တိုင် ထူထောင်ခဲ့ပြီး ခန်းအကယ်ဒမီနှင့် တွဲဖက်ထားသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ကာလီဖိုးနီးယားပြည်နယ်၊ မောင်းတိန်းဗျူးတွင် ထိုကျောင်းကို ဖွင့်လှစ်ခဲ့သည်။ 

ခန်းအကယ်ဒမီသည် အစိုးရ မဟုတ်သော ပညာရေး အဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့် အလှူရှင်များ၏ ငွေကြေးထောက်ပံ့မှုများဖြင့် ရပ်တည်ရသည်။ 

၂၀၁၀ ပြည့်နှစ်တွင် Google အဖွဲ့အစည်းက ဒေါ်လာ ၂ သန်းလှူဒါန်းခဲ့သည်။ အခြားဘာသာစကား အမျိုးမျိုးသို့ ပြန်ဆိုပြီး ထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ဖြစ်သည်။ 

၂၀၁၃ ခုနှစ်တွင် ဘီလီယံကြွယ် သူဌေးကြီး ကားလို့စ် စလင်းက စပိန်ဘာသာသို့ ပြန်ဆိုပေးနိုင်ရေး အတွက် ငွေကြေးများ ထောက်ပံ့ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် AT&T ဆက်သွယ်ရေး ကုမ္ပဏီကြီးက ဒေါ်လာ ၂ ဒသမ ၂၅ သန်းလှူခဲ့သည်။ 

အမေရိကန်ပြည်ထောင်စု ပြည်တွင်းအခွန်ဌာနက ၂၀၁၁ ခုနှစ်က စတင်ပြီး ခန်းအကယ်ဒမီကို နှစ်စဉ် ဒေါ်လာ ၃၅၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုဌာနကပင် ၂၀၁၅ ခုနှစ်က စတင်ပြီး နှစ်စဉ် ဒေါ်လာ ၅၅၆,၀၀၀ တိုးမြှင့် ထောက်ပံ့ထောက်ပံ့ခဲ့ပြန်သည်။

ယခုအခါတွင် ခန်းအကယ်ဒမီအနေနှင့် အွန်လိုင်းပညာပေးရေး လုပ်ငန်းများကို ခေတ်မီနည်းစနစ်များ၊ ကမ္ဘာအရပ်ရပ်မှ ပညာရှင်များနှင့် ပူးပေါင်းပြီး အချိန်မရွေး လေ့လာနိုင်စေရန် အကျိုးဆောင်ပေးလျက် ရှိသည်။                                                

E01