News

POST TYPE

EDUCATION

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ လမ်းညွှန် (မြန်မာစာဘာသာရပ် အကြောင်း သိကောင်းစရာ)
21-Jan-2017

တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူအပေါင်းတို့။ တက္ကသိုလ်ဝင်တန်းအတွက် မြန်မာစာ ဘာသာရပ်အား ကောင်းမွန်စွာ ဖြေဆိုနိုင်ရန်အတွက် ရည်ရွယ်ပြီး ဤဆောင်းပါးကို ရေးသားလိုက်ရပါတယ်။

မေးခွန်းပုံစံအကြောင်း မပြောမီ ပထမဦးဆုံး ပြောချင်တာက မိမိဖြေဆိုရမယ့် ဘာသာရပ်တိုင်းကို အဖြေလွှာစာအုပ်ရဲ့ စာမျက်နှာတစ်နဲ့ စာမျက်နှာနှစ်မှာ မဖြေဆိုသင့်ပေ။ ဘာကြောင့်လဲဆိုရင် ပထမဦးဆုံး စာမျက်နှာမှာ အမှတ်ကွက်တွေ ရှိနေလို့ပါ။ စာဖြေသူတွေက အမှတ်ကွက်တွေနားမှာ ဖြေဆိုထားတဲ့အတွက် အမှတ်ပေးရတာ ရှင်းလင်းမှု မရှိလို့ပါ။ နောက်တစ်ခုက ခုံနံပါတ်တွေကို စာစစ်သူတွေ မသိအောင် ဖုံးတဲ့အတွက် စာမျက်နှာ (၁) နဲ့ စာမျက်နှာ (၂) အပေါ်ပိုင်းတွေကို ဖုံးလိုက်ပါတယ်။ အဲဒီအခါ စာမျက်နှာ (၂) မှာ ဖြေထားတဲ့ အဖြေတချို့ကို ဖုံးမိတတ်ပါတယ်။ ကျောင်းသားကျောင်းသူတို့ရဲ့အဖြေတချို့ ဖတ်လို့မရတဲ့အတွက် စာစစ်သူက အမှတ်ပေးတဲ့အခါ အခက်အခဲ ဖြစ်နိုင်ပါတယ်။ စာဖြေသူများအတွက် နစ်နာနိုင်ပါတယ်။

နောက်ပြီး စာမျက်နှာ (၂) မှာ ဖြေတဲ့အတွက် မင်ပျံ့ပြီး စာမျက်နှာ (၁) မှာရှိတဲ့ အမှတ်ကွက်ကို ဖုံးမိတတ်ပါတယ်။ ဒါ့ကြောင့် စာဖြေသူများဟာ စာမျက်နှာသုံးက စတင်ဖြေကြပါလို့ ဦးစွာပြောလိုပါတယ်။

နောက်တစ်ခုက စာမေးပွဲမှာ စာဖြေတဲ့အခါ မေးခွန်းစဉ်အတိုင်း ဖြေဆိုစေချင်ပါတယ်။ တချို့သော စာဖြေသူတွေဟာ ကိုယ်အပိုင်ဆုံး အပုဒ်က စဖြေတတ်ကြပါတယ်။ အဲဒီအခါ အပုဒ်ခွဲတွေဟာ တစ်စုတစ်စည်းတည်း မရှိတတ်ပါဘူး။ ဖြေဆိုထားတဲ့ အဖြေတွေဟာ ဟိုရောက်လိုက်၊ ဒီရောက်လိုက်နဲ့ စာစစ်သူ အခက်တွေ့စေပါတယ်။ ဥပမာ - မြန်မာစာ ဘာသာရပ်မှာ မေးခွန်းခြောက်ပုဒ် ရှိပါတယ်။ အဲဒီခြောက်ပုဒ်ကို အစဉ်အတိုင်း ဖြေဆိုစေချင်ပါတယ်။ အပုဒ်ခြောက်ပုဒ်ရဲ့ အပုဒ်ခွဲတွေ ရှိရင်လည်း အပုဒ်ခွဲတွေကို အစဉ်အတိုင်း ဖြေဆိုစေချင်ပါတယ်။ မေးခွန်း ၁ မှာ (က)၊ (ခ)၊ (ဂ) ဆိုပြီး အပိုင်းသုံးပိုင်း ရှိပါတယ်။ အဲဒီအပုဒ်ခွဲ (က)၊ (ခ)၊ (ဂ) ကို အစဉ်အတိုင်း ဖြေဆိုစေချင်ပါတယ်။ စာဖြေသူတချို့ဟာ အစဉ်အတိုင်း မဖြေဘဲ ခွဲဖြေတတ်ကြပါတယ်။ အဲဒီအခါ စာစစ်သူဟာ ရှာဖွေပြီး အမှတ်ပေးရတဲ့အတွက် ရှုပ်ထွေးတတ်ပါတယ်။ ဒါ့ကြောင့် စာဖြေသူများဟာ အစဉ်အတိုင်း ဖြေဆိုပါလို့ ပြောချင်ပါတယ်။

အခု မြန်မာစာဘာသာရပ် အကြောင်းကို ရှင်းလင်းပြောဆိုမှာ ဖြစ်ပါတယ်။ မြန်မာစာ ဘာသာရပ်အတွက် မေးခွန်းကြီးခြောက်ပုဒ် ဖြေဆိုရမှာ ဖြစ်ပါတယ်။ မေးခွန်း ၁ မှာ မြန်မာသဒ္ဒါမေးခွန်း ဖြစ်ပါတယ်။ မေးခွန်း ၁ မှာ (က)၊ (ခ)၊ (ဂ) ဆိုပြီး အပိုင်းသုံးပိုင်း ဖြေဆိုရမှာ ဖြစ်ပါတယ်။ မေးခွန်း ၁ (က) မှာ စာအမျိုးမျိုး၊ အက္ခရာ ပုံသဏ္ဌာန် ပြောင်းလဲပုံ၊ ဌာန်၊ ကရိုဏ်း၊ ပယတ်၊ စကားသံဖြစ် အင်္ဂါများ၊ ဝါစင်္ဂဆိုင်ရာ ဖွင့်ဆိုချက်များ၊ ဝါကျဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်များထဲက မေးမှာဖြစ်ပါတယ်။ ဒီမေးခွန်းမှာ ရွေးစရာရှိတဲ့အတွက် အချိန်တိုတိုနဲ့ အမှတ်ပြည့်ရနိုင်တဲ့ အပုဒ်ကို ရွေးချယ်ဖြေဆိုစေချင်ပါတယ်။ မေးခွန်း ၁ (ခ) ကတော့ သဒ္ဒါလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေဆိုနိုင်ဖို့အတွက် မေးပြီးသား မေးခွန်းဟောင်းတွေကို လေ့ကျင့်ထားစေချင်ပါတယ်။ မေးခွန်း ၁ (ဂ) ကတော့ သဒ္ဒါနားလည်မှုဆိုင်ရာ မေးခွန်းပါ။ သဒ္ဒါအမျိုးအစားတွေ ပေးထားပြီး ဝါကျဖွဲ့ခိုင်းလေ့ ရှိပါတယ်။ မေးခွန်းဟောင်းတွေမှာ မေးထားတဲ့ မေးခွန်းတွေကို လေ့ကျင့်ထားစေချင်ပါတယ်။ မေးခွန်း ၁ (က)၊ (ခ)၊ (ဂ) ရဲ့ စုစုပေါင်း ရမှတ်ဟာ (၁၅) မှတ် ဖြစ်ပါတယ်။ စေ့စေ့စပ်စပ် ဖြေဆိုမယ်ဆိုရင် အမှတ်ပြည့်ရမှာ ဖြစ်ပါတယ်။

မေးခွန်း ၂ မှာ ကဗျာ၊ စကားပြေ၊ ရေသည်ပြဇာတ်တွေထဲက ခက်ဆစ်အဖွင့်တွေ၊ ဝါကျတည်ဆောက်တာတွေနဲ့ အလင်္ကာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ မေးခွန်း ၂ (က) မှာ စာသုံးပေသုံး ရှေးသုံးဝေါဟာရတွေကို အဓိပ္ပာယ် ဖွင့်ဆိုခိုင်းပါတယ်။ ကဗျာ၊ စကားပြေ၊ ရေသည်ပြဇာတ်တွေထဲက ရှေးသုံးဝေါဟာရတွေကို ကျက်မှတ်ထားရမှာ ဖြစ်ပါတယ်။ မေးခွန်း ၂ (ခ) မှာတော့ ဝေါဟာရတွေကို ဝါကျဖွဲ့ခိုင်းတာ ဖြစ်ပါတယ်။ ဝါကျဖွဲ့တဲ့အခါ အဓိပ္ပာယ်ပြည့်စုံဖို့ လိုပါတယ်။ ကတ္တားမပါတဲ့ ဝါကျမျိုးလည်း မဖြစ်သင့်ဘူး ဆိုတာ သတိထားရပါမယ်။ မေးခွန်း ၂(ဂ) ကတော့ အလင်္ကာမေးခွန်း ဖြစ်ပါတယ်။ အလင်္ကာတွေကို သေသေချာချာ လေ့ကျင့်ထားရင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ မေးခွန်း ၂ (က)၊ (ခ)၊ (ဂ) ရဲ့ စုစုပေါင်း ရမှတ်ဟာ ၂၀ မှတ် ဖြစ်ပါတယ်။ စနစ်တကျ ကျက်မှတ်ထားရင် အမှတ်ပြည့်ရမှာ ဖြစ်ပါတယ်။

မေးခွန်း ၃ (က) ကတော့ ကဗျာနဲ့ သက်ဆိုင်တဲ့ မေးခွန်းတိုတွေ ဖြစ်ပါတယ်။ ကဗျာမေးခွန်းတိုတွေအတွက် ကဗျာတစ်ပုဒ်ချင်းရဲ့ မိတ်ဆက်မှာပါတဲ့ ကဗျာစာဆိုအကြောင်း ကဗျာရေးတဲ့ခေတ်၊ ကဗျာအမျိုးအစား၊ ကဗျာအကြောင်းနဲ့ ကဗျာနဲ့ သက်ဆိုင်တဲ့ ထူးခြားချက်တွေကို လေ့လာကျက်မှတ်ထားဖို့ လိုပါတယ်။ သေသေချာချာ ပြင်ဆင်ထားရင် အမှတ်ပြည့် ရရှိမှာ ဖြစ်ပါတယ်။ မေးခွန်း ၃ (ခ) ကတော့ ကဗျာမေးခွန်းရှည် ဖြစ်ပြီး ကဗျာကို ရှင်းလင်းဆွေးနွေးရတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်ချင်းရဲ့ ရည်ရွယ်ချက်၊ အကြောင်းအရာ၊ အရေးအဖွဲ့နဲ့ ရရှိတဲ့ သုတရသတွေကို လေ့လာထားရပါမယ်။ အထူးသတိထားရမှာကတော့ မေးထားတဲ့ မေးခွန်းနဲ့ ဘောင်ဝင်အောင် ဖြေဆိုနိုင်မှ ထူးချွန်မှတ်ရမှာ ဖြစ်ပါတယ်။

မေးခွန်း ၄ (က) ကတော့ စကားပြေနဲ့ သက်ဆိုင်တဲ့ မေးခွန်းတိုတွေ ဖြစ်ပါတယ်။ စကားပြေ မေးခွန်းတိုတွေအတွက် စကားပြေ တစ်ပုဒ်ချင်းရဲ့ မိတ်ဆက်မှာပါတဲ့ စာရေးသူအကြောင်း၊ စကားပြေအကြောင်း၊ စကားပြေရေးတဲ့ခေတ်၊ ထုတ်နုတ်ထားတဲ့စာအုပ် စတဲ့ စကားပြေဆိုင်ရာ အချက်အလက်တွေကို လေ့လာကျက်မှတ်ထားရပါမယ်။ ကဗျာမေးခွန်းတိုလိုပဲ အမှတ်ပြည့်ရတဲ့ မေးခွန်းပါ။ မေးခွန်း ၄ (ခ) ကတော့ စကားပြေ မေးခွန်းရှည် ဖြစ်ပြီး စကားပြေကို ရှင်းလင်းဆွေးနွေးရတဲ့ မေးခွန်းပါ။ စကားပြေရဲ့ အကြောင်းအရာပိုင်းနဲ့ အရေးအသားပိုင်းကို အသေးစိတ် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ မေးခွန်းနဲ့ ဘောင်ဝင်အောင် ဖြေဆိုနိုင်ရင် ထူးချွန်မှတ်ကို ရရှိမှာ ဖြစ်ပါတယ်။

မေးခွန်း ၅ ကတော့ ရေသည်ပြဇာတ်မေးခွန်း ဖြစ်ပါတယ်။ မေးခွန်း ၅ (က) မှာ ရေသည်ပြဇာတ်ရဲ့ စကားစပ်မေးခွန်း ဖြစ်ပါတယ်။ စကားစပ်ကို ဖြေဆိုတဲ့အခါ ပေးထားတဲ့စာပိုဒ်ဟာ ဘယ်အခန်းကဖြစ်တယ်။ ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘာအကြောင်းနဲ့ ဆက်စပ်ပြီး ပြောဆိုတယ် ဆိုတာကို တိတိကျကျ ဖြေဆိုရမှာ ဖြစ်ပါတယ်၊ ဒီမေးခွန်းကို ဖြေဆိုနိုင်ဖို့ ပြဇာတ်တစ်ပုဒ်လုံးကို စေ့စေ့စပ်စပ် လေ့ထားရမှာ ဖြစ်ပါတယ်။ မေးခွန်း ၅ (ခ) ကတော့ ရေသည်ပြဇာတ်ရဲ့ အကြောင်းအရာပိုင်းကို မေးတာဖြစ်ပါတယ်။ အကြောင်းအရာပိုင်းကို ဇာတ်လမ်းအဖြစ်အပျက်အပိုင်းနဲ့ ဇာတ်ဆောင်အကြောင်းနဲ့ ဇာတ်ဆောင်စရိုက် အကြောင်းတွေကို မေးမှာဖြစ်ပါတယ်။ စနစ်တကျ လေ့ကျင့်ပြင်ဆင်ထားရင် ထူးချွန်မှတ်ကို ရပါမယ်။

မေးခွန်း ၆ ကတော့ စာစီစာကုံးမေးခွန်း ဖြစ်ပါတယ်။ စာစီစာကုံး မေးခွန်းဟာ အမှတ် (၂၀) ပေးထားတဲ့အတွက် အမှတ်အများဆုံး မေးခွန်းလည်း ဖြစ်ပါတယ်။ ခေါင်းစဉ်သုံးခု ပေးထားပြီး အဲဒီအထဲက နှစ်သက်ရာတစ်ခုကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ ခေါင်းစဉ်တစ်ခုချင်းစီကို ပုံကြမ်းအချက်အလက်တွေ ပေးထားပြီး အဲဒီအချက်အလက်တွေကို အခြေခံပြီး ရေးရမှာ ဖြစ်ပါတယ်။ စာစီစာကုံးဟာ အလွတ်ကျက်မှတ်ထားရတာ မဟုတ်ပါဘူး။ အကြိမ်ကြိမ် လေ့ကျင့်ဆည်းပူးထားရမယ့် မေးခွန်းဖြစ်တယ် ဆိုတာ နားလည်ထားရပါမယ်။

အခုပြောဆိုဆွေးနွေးထားတဲ့ အချက်တွေဟာ မြန်မာစာဘာသာရပ်အတွက် သိသင့်သိထိုက်တာတွေ ဖြစ်ပါတယ်။ စာဖြေသူများအတွက် အထောက်အကူ ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ စာဖြေသူ ကျောင်းသား ကျောင်းသူအားလုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို ကောင်းမွန်စွာ ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

ဆရာသန့်
တွဲဖက်ပါမောက္ခ
မြန်မာစာဌာန
ဒဂုံတက္ကသိုလ်