News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (စာမေးပွဲ )
22-Dec-2016 tagged as ဆရာ

မြန်မာဆိုရိုးစကားတစ်ခု ရှိသည်။ ‘အစကောင်းမှ အနှောင်းသေချာ’ ဖြစ်သည်။ ပညာရေးတွင်လည်း အခြေခံပညာ ခိုင်မာမှ အဆင့်မြင့်ပညာသို့ ကူးပြောင်းရာတွင် အသစ်၊ အသစ်များကို ဖန်တီးနိုင်မည် ဖြစ်သည်။ အခြေခံပညာအဆင့် ကျောင်းသားများ၏ တတ်မြောက်မှုကို သင်ခန်းစာဆုံး စစ်သည်။ လပတ်စာမေးပွဲ စစ်သည်။ နှစ်ဝက်စာမေးပွဲ စစ်သည်။ ကုစားသင်သည်။ သို့သော် ‘တကယ်တတ်ရဲ့လား’ ဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။ ထိုမေးခွန်း၏ အဖြေ အမှန်ရောက်သည်အထိ ဖြေဆိုရန်ထက် ဆွေးနွေးသည့် သဘောသာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မည် ဖြစ်သည်။ ဆွေးနွေးရန်အတွက် အခြေခံအကြောင်း အချက်ကလည်း များစွာရှိသည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ အခြေခံပညာဆရာ၊ ဆရာမများ၏ လက်ရှိ တွေ့ကြုံရသည့် အနေအထားနှင့် အကြံပြု ဆွေးနွေးချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့်  The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“အတန်းတက်သွားပေမယ့် ကလေးတွေ တကယ်တတ်မသွားကြပါဘူး”
ဦးဆန်းမျိုးအောင် (အထက်တန်းပြ၊ အထက (၇) ကလေးမြို့)

အတန်းတက်သွားပေမယ့် ကလေးတွေ တကယ်တတ်မသွားကြပါဘူး။ လက်ရှိ မြန်မာပြည်ရဲ့ ပညာရေ စနစ်က အတန်တင်ပေးစနစ် ဖြစ်နေပါတယ်။ အတန်းတစ်တန်းမှာ ကလေးတွေ တစ်ခန်းကို ငါးဆယ်၊ ခြောက်ဆယ် နေရတယ်။ ဆရာက တစ်ဦးတည်း။ ဆရာ၊ ကျောင်းသား အချိုးက လုံးဝမညီပါဘူး။ အဲဒီမှာ ကလေးတစ်ဦးချင်းစီကို ဆရာက အာရုံစူးစိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ ကလေးတစ်ဦးချင်းစီရဲ့ Genius ကို ရှာဖွေဖို့လည်း အချိန်တွေ ရှားပါးလာတယ်။

နောက်တစ်ခု လပတ်စစ်ဆေးမှု ပုံစံကလည်း စနစ်မကျပါဘူး။ အများအားဖြင့် လပတ်စာမေးပွဲ ဆိုရင် ထိုင်နေကျ တစ်ခုံကို လေးယောက်နှုန်းနဲ့ပဲ စစ်ဆေးသွားတော့ ကလေးတွေက စာမကြည့်ကြတော့ဘူး။ သူများဆီက ကူးရေးရင် ရတယ်ဆိုပြီး ရေသာခိုတတ်လာကြတယ်။ ဒါဟာလည်း သူတို့လေးတွေအတွက် အခြေခံမပါဖို့ ဖြစ်လာတာပါ။ ပြီးတော့ နောက်ဆုံးစာမေးပွဲ ဖြေပြီးတော့ မြို့နယ်ရုံးက မျှော်မှန်းအောင်ချက် ရာခိုင်နှုန်းကို ၉၀ ကျော်ပဲ ရချင်တယ်တဲ့။ ဒီနေရာမှာ ကျောင်းအုပ်ရယ်၊ မိဘရယ်၊ အဓိက ကျပါတယ်။ တကယ်အခြေခံမပါတဲ့ ကလေးကို အတန်းတင် မပေးဘဲ ထားဖို့က ကျောင်းအုပ်နှင့်မိဘ နားလည်မှုရှိဖို့ လိုပါတယ်။ မဟုတ်လို့ ကျောင်းအုပ်က ပညာရေးမှူး စကားအတိုင်း အအောင်ပေး အတန်းတင်ပေးလိုက်တော့ သုံးဘာသာကျ လေးဘာသာကျအထိ အောင်သွားကြပါတော့တယ်။

အဲဒီလို အတန်းသာအောင်ပြီး ဘာအခြေခံမှ မပါတဲ့ ကလေးတွေဟာ ဆယ်တန်းမှာ သိပ်ကို သနားစရာ ကောင်းပါတယ်။ ဘာဆို ဘာမှမသိကြတော့ဘူး။ စာမလိုက်နိုင်တော့ ထွက်ပေါက်တွေရှာ ရည်းစားတွေထားပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်တယ်။ ပညာရေးစနစ်ဆိုးကြားက သားကောင်တွေပါပဲ။ အဲဒီကလေးတွေ ဆယ်တန်းရောက်တော့ အကျများတော့တယ်။ ဒီတော့ ဆရာ၊ ဆရာမတွေက စာကောင်းကောင်းမသင်လို့။ တတ်အောင်မသင်လို့ ဆိုပြီး ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ အဆူခံ အငေါက်ခံ ဖြစ်ရပါတယ်။ မြန်မာပြည်ရဲ့ အထက်တန်းကျောင်း အများစုဟာ ဆယ်တန်းကို မပိုင်ကြတော့ပါဘူး။ ဒီဇင်ဘာလရောက်ပြီဆို ကျောင်းကို လုံးဝ လာမတက်ကြတော့ပါဘူး။ ဘော်ဒါတွေကပဲ သင်ပေးကြပါတော့တယ်။ ကျောင်းကစာတွေ ဆိုလည်း ကလေးတွေက လိုက်မလုပ်ချင်ကြပါဘူး။

ဒီတော့ ဆယ်တန်းအောင်ချက် ဆိုတာ စာသင်ကျောင်းက ဆရာတွေလက်ထဲမှာ မရှိဘဲ ဘော်ဒါတွေ လက်ထဲမှာပဲ ရှိပါတော့တယ်။ နာမည်ကြီး ဘော်ဒါတွေက လာတက်ကြတဲ့ကျောင်းဆို ဆရာ၊ ဆရာမတွေ အေးအေးဆေးဆေးပါပဲ။ အဲလိုမှ မဟုတ်ရင်တော့ ကျောင်းကဆရာတွေ သေအောင်သင်လည်း အောင်ချက်က တက်လာမှာ မဟုတ်ပါဘူး။ ဒါဟာ လက်ရှိ ပညာရေးစနစ်ဆိုးကြီးရဲ့ အလွဲကြီးတစ်ခုပါပဲ။

အခု လေးယောက်ဂရုကို တော်တဲ့သူနှင့် ညံ့တဲ့သူ ယောက်ျားလေး မိန်းကလေး နှစ်ယောက်စီ ခွဲထားရမယ်ဆိုပြီး ညွှန်ကြားချက် ထပ်ထွက်လာတယ်။ အဲဒီလေးယောက်ကိုမှ တော်တဲ့သူရဲ့ အမှတ်ကိုပဲယူပြီး အောင်ပေးမှာပါ။ ဒါဟာ အောင်ချက်ကို တောင်ထက်ထိ ရောက်စေမှာပါ။ ဒါပေမဲ့ ကလေးတွေကို ပိုညံ့သွားစေပါတယ်။ ညံ့တဲ့သူဟာ ပိုပိုပြီး ညံ့သွာတဲ့အပြင် ရေသာခိုစိတ်တွေပါ ဝင်သွားတော့မှာပါ။ သိပ်ကိုဆိုးဝါးတဲ့ Wrong Number တွေပါပဲ။ ကမ္ဘာကျော် အိန္ဒိယ ရုပ်ရှင်ဇာတ်ကားလေး PK ထဲက စကားလုံးလေးလိုပါပဲ။ ကျွန်တော်တို့ ပညာရေးမှာ Wrong Number တွေ သိပ်များနေပါပြီ။

ဒီတော့ အတန်းအအောင်ပေးတဲ့ စနစ်ဟာ ကလေးတွေကို စာမတတ်စေပါဘူး။ အခြေခံမပါအောင် သတ်ယူနေသလို ဖြစ်နေပါတယ်။ လူကြီးမင်းများဟာ ကျောင်းထွက်နှုန်း (Drop Out) မရှိစေရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီစနစ်ကို ကျင့်သုံးနေတာပါ။ ရပ်သင့်ပါပြီ။ လက်ရှိ ပညာရေးစနစ်ဆိုးကြီးကို ပြင်သင့်နေပါပြီလို့ ပြောချင်ပါတယ်။                                                

“မေးခွန်းပဲ ဇောင်းပေးသင်ပြီး ကျန်သင်ခန်းစာများကို ဖော့ထားခဲ့တဲ့ ပြဿနာ ဒါတွေကို ထည့်တွက်ရမှာပါ”
ဒေါ်ဇင်မြတ်ခိုင် (အထက်တန်းပြ၊ အထက (၂)၊ မကွေးမြို့)

အခြေခံပညာမှာ ကျောင်းသားကလေးငယ်တွေ အနေနဲ့ အတန်းတွေ တက်သွားတယ်။ စာမေးပွဲတွေ စစ်တယ်။ တကယ်တတ်ရဲ့လား ဆိုတော့ တကယ်တတ်တဲ့သူတွေ ရှိပါတယ်။ တကယ်မတတ်တဲ့ သူတွေလည်း ရှိနေပါတယ်လို့ပဲ ပြောရမှာပါပဲ။ တကယ်တမ်း ပြည့်ပြည့်စုံစုံ ခြုံငုံမိအောင် ဆွေးနွေးမယ် ဆိုရင်လည်း အတော်ကျယ်ပြန့် ရှည်လျားသွားမယ့် အကြောင်းအရာမျိုးပါ။ ကျွန်မတို့ဆီမှာက ဒုတိယတန်းကစပြီး သင်ခန်းစာဆုံး စစ်ဆေးခြင်း(Chapter End Test) ပုံစံနဲ့ စစ်ဆေးပါတယ်။ လေးတန်း၊ ရှစ်တန်း၊ ဆယ်တန်း အတန်းတွေက လွဲပြီးပေါ့လေ။ အဲဒီတော့ ဒီသင်ခန်းစာဆုံး စစ်ဆေးခြင်းရဲ့ သဘောအရ ဒီတစ်ခါဖြေပြီးရင် ဒီသင်ခန်းစာ ထပ်ဖြေစရာ မလိုတော့ဘူး။ (ကုစားပြန်ဖြေရတဲ့ ကလေးကလွဲလို့) တစ်ခါအားလုံး နေမြဲနေရာမှာပဲ ဖြေရတဲ့အတွက် ကျောင်းသားတစ်ယောက်ချင်းစီရဲ့အဖြေဟာ အပြည့်အဝ ယုံကြည်လို့ မရနိုင်ပါဘူး။ 

အခုဆို လေးယောက်ပေါင်း အဖြေလွှာ တစ်အုပ်နှုန်းနဲ့ ဖြေတာမျိုးဆိုရင် တချို့ကလေးတွေရဲ့ တတ်မြောက်မှုဟာ သံသယ ဖြစ်စရာတွေ ပိုရှိလာနိုင်မှာပါ။ သို့သော် သင်ခန်းစာဆုံး စစ်ဆေးခြင်း အားလုံးပေါင်း ပျမ်းမျှရှာပြီး အတန်းတင်ပေးလိုက်တဲ့ အခါမှာ ကလေးက အတန်းတော့ တက်သွားမှာပါပဲ။ ဒါပေမဲ့ သင်ခန်းစာဆုံး စစ်ဆေးခြင်း စာအုပ်ထဲမှာ ချရေးလိုက်ရုံနဲ့ သူချရေးလိုက်တဲ့ အဖြေတွေဟာ သူကိုယ်တိုင် တကယ်တတ်လို့ ချရေးထားတာလား။ တစ်ဆင့်မြင့် အတန်းကို တက်သွားတဲ့ ကလေးတစ်ယောက်ဟာ သူနေခဲ့ရတဲ့ အတန်းက ပေးလိုက်တဲ့ ပညာအခြေခံတွေကို တကယ်တတ်မြောက်သွားပြီးမှ အတန်းတက်သွားတာလား ဆိုတာ သေချာစိစစ်ရမယ့် အချက်တွေပါ။ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေက ကိုယ့်ကလေးရဲ့ အခြေအနေတွေကို အသိဆုံးပါ။ ဒီသင်ခန်းစာမှာ မကျေညက်ဘူး။ ကုစားပြန်သင်နေတယ်။ အဲဒီအချိန်မှာ သင်ရိုးမာတိကာအရ  သင်ခန်းစာ အသစ်တွေကိုလည်း ရှေ့ဆက်သင်နေရတယ်။ ကုစားနဲ့ အသစ်နဲ့ကြားမှာ ကလေးက သူများထက် ပိုပြီး အားထုတ်ရတယ်ပေါ့လေ။ သိပ်မကြာခင် နောက်သင်ခန်းစာဆုံး စစ်ဆေးခြင်း ပြန်လာတယ်ပေါ့။ တချို့ကလေးတွေက အဲလို လည်ထွက်နေတာလေးတွေ ရှိပါတယ်။ ကျောင်းထွက်တာ (Droupout) မဖြစ်ရအောင်၊ စာမေးပွဲကျလို့ ကျောင်းဆက်မနေနိုင်တာမျိုး မဖြစ်ရအောင် ကြိုးစားစီစဉ်ပေးတဲ့ ရည်ရွယ်ချက် မှန်ပေမယ့် တချို့ကလေးတွေ အတွက်တော့ လုံးချာလည်နဲ့ တက်လာရသလို ဖြစ်သွားပါတယ်။ ကလေးတွေ တတ်၊ မတတ်ဆိုတာ အကြောင်းအချက် တစ်ရပ်တည်းပေါ်မှာတင်ပဲ စဉ်းစားလို့ မရနိုင်ပါဘူး။ မိဘ၊ ဆရာ၊ ကျောင်းသားဆိုတဲ့ ပညာရေးတြိဂံနဲ့ ဖော်ကျူးထားသလိုပဲ ဒီဘက်သုံးဖက်လုံးကို ကြည့်ရမှာပါ။ 

ပထမဆုံး မိဘအပိုင်းကို ကြည့်မယ်ဆိုရင် ကျွန်မတို့နိုင်ငံမှာ အခြေခံလူတန်းစား မိဘတွေက အများစုပါ။ အခုဆိုရင် ဝန်ထမ်းအများစုကလည်း အခြေခံလူတန်းစာထဲမှာပဲ စာရင်းဝင်နေရတာပါ။ ဒီလိုမိဘတွေသည် မိသားစု စီးပွားရေးအတွက် အိမ်ရှိ လူကုန် ရုန်းကန်နေရတဲ့အခါ နောက်ပြီး ကျောင်းချိန်ပြင်ပမှာလည်း ဒီကျောင်းသားရဲ့ လုပ်အားကို အားကိုးရသေးတဲ့အခါ ကျောင်းသားရဲ့ စာတွေဟာ ကျောင်းမှာပဲ ကျန်ခဲ့တာမျိုး ဖြစ်သွားလေ့ ရှိကြပါတယ်။ တတ်နိုင်တဲ့ မိဘများကတော့ ကျောင်းကအပြန် အိမ်မှာလည်း ဂရုစိုက်နိုင်တဲ့အခါ မိဘဂရုမစိုက်နိုင်တဲ့ ကလေးနဲ့ ကွာဟသွားရပါတယ်။ အဲဒါကြောင့် ပညာရေးကို မြှင့်တင်ဖို့ဆိုရင် မိဘတွေရဲ့ လူမှုစီးပွားစနစ်တွေ မြှင့်တင်နိုင်ဖို့ကိုပါ ဒွန်တွဲစဉ်းစားရမှာပါ။ 

ဒုတိယ ဆရာတွေရဲ့အပိုင်း။ ဒီအပိုင်းမှာလည်း နေရာဒေသတချို့ကိုပဲ မကြည့်ဘဲ အားလုံးကို ခြုံကြည့်မယ်ဆိုရင် ဆရာ၊ ဆရာမ မလုံလောက်မှု ပြဿနာ၊ လပိုင်းနဲ့ ကိုက်ညီအောင် သင်ရမယ့် သင်ခန်းစာ များပြားတဲ့ ပြဿနာ၊ ကျောင်းသားဗဟိုပြု သင်နည်းနဲ့ အိမ်မှာ စာကျက်စရာ မလိုဘဲ အတန်းထဲမှာတင် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ပြီး စွဲမြဲသွားအောင် သင်ကြားနိုင်ဖို့အတွက် နေရာ၊ အချိန်၊ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းများ ပံ့ပိုးကူညီသူများ အစရှိတဲ့ ပြဿနာ၊ ဘာသာရပ်ကိုက်မှု ပြဿနာ၊ နောက် အနည်းငယ်သော ဆရာ၊ ဆရာမများရဲ့ သင်ခန်းစာဆုံး စစ်ဆေးခြင်း မေးခွန်းပဲ ဇောင်းပေးသင်ပြီး ကျန်သင်ခန်းစာများကို ဖော့ထားခဲ့တဲ့ ပြဿနာ ဒါတွေကို ထည့်တွက်ရမှာပါ။ 

တတိယ ကျောင်းသားတွေရဲ့အပိုင်း။ ကျောင်းသားတွေရဲ့ အပိုင်းကတော့ မိဘ၊ ဆရာ ပူးပေါင်းပြီး ဂရုစိုက်နိုင်တဲ့ ကျောင်းသားနဲ့ ဂရုမစိုက်နိုင်တဲ့ ကျောင်းသား ကွာခြားပါတယ်။ အတန်းတစ်တန်းစီမှာ နည်းနည်းစီ ကွာဟသွားတာဟာ အတန်းကြီးလာလေ ပိုပြီး သိသာလာလေပါပဲ။ တစ်တန်းစီမှာ အခြေခံမပါလာတဲ့အခါ အတန်းကြီးလာလေ ကလေးတွေဟာ သနားစရာ ပိုကောင်းလာလေပါပဲ။ အခြေခံအသိ အားနည်းခဲ့တော့ ရှေ့ဆက်သင်ရမယ့် သင်ခန်းစာတွေ မသိ။ နောက်တော့ ကျောင်းစာအပေါ်မှာ စိတ်မဝင်စား။ ဒါမျိုးတွေနဲ့ ရည်ရွယ်ချက်မဲ့၊ ခံယူချက်မဲ့စွာနဲ့ ကျောင်းတက်နေတဲ့ ကလေးတွေလည်း များပါပြီ။ 

ဒါတွေဟာ စာမေးပွဲတွေစစ်ပြီး အတန်းတက်သွားတဲ့ ကလေးတွေ တကယ်တတ်ရဲ့လား ဆိုတဲ့ အကြောင်းအရာအတွက် အင်မတန်ကို ယေဘုယျ ဆန်လွန်းတဲ့ အချက်တွေပါ။ အသေးစိတ် ဆွေးနွေးမယ် ဆိုရင်တော့ စာအုပ်တစ်အုပ်စာလောက် ထွက်လာမယ် ထင်ပါတယ်။ ပြီးတော့ ဒါဟာ ကျွန်မ တစ်ယောက်တည်းရဲ့ ပုဂ္ဂလအမြင်ပဲ ဖြစ်ပါသေးတယ်။ တခြားသူတွေနဲ့ အမြင်မတူတာတွေ အများကြီး ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးတွေရဲ့ ရင်ထဲမှာ ပညာအခြေခံလေးတွေ တကယ်စွဲမြဲသွားစေဖို့ ကျွန်မတို့ တစ်ယောက်ချင်းစီ အနေနဲ့ ကိုယ်ကျရာနေရာ (မိဘဆိုလည်း မိဘ၊ ဆရာဆိုလည်း ဆရာနေရာ) ကနေ ကိုယ်ရနိုင်မယ့် အခြေအနေ၊ အနေအထားလေးတွေနဲ့ပဲ ကလေးတွေ ကို ရာနှုန်းပြည့် တကယ်တတ်မြောက်တဲ့အထိ ဖြစ်လာအောင် တတ်နိုင်သမျှ ပြိုင်တူတွန်းနိုင်ဖို့ အားတွေတူညီစွာ စိုက်ထုတ်နိုင်ဖို့ ကြိုးစားနေကြရဦးမှာပါရှင့်။      

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)