News

POST TYPE

EDUCATION

Strategy First Institute တည်ထောင်သူ၊ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ချစ်ခင်နှင့် တွေ့ဆုံခြင်း
14-Dec-2016 tagged as

ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး ပုဂ္ဂလိက ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများက တစ်ဖက်တစ်လမ်းမှ ထမ်းဆောင်နေသည်။ အချို့သော ပုဂ္ဂလိက ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများကလည်း ကြော်ငြာအား ကောင်းကောင်းဖြင့် အသိအမှတ်ပြု လက်မှတ်များ ဖောဖောသီသီ ထုတ်ပေးကာ စီးပွားရှာလျက် ရှိကြောင်း ပညာရေး အသိုင်းအဝိုင်းကြား ပြောဆိုသံများ ကြားရသည်။ ပညာရေး ဖျက်ပိုးများဟုလည်း ခိုင်းနှိုင်း ပြောဆိုကြသည်။ အစိုးရဘက်က ထိန်းကွပ်တည့်မတ်မှု အခြေအနေများ မရှိသလောက် ဖြစ်နေသည်။ စိစစ် ကြပ်မတ်နိုင်မည့် ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းသည်လည်း လွှတ်တော်သို့ တင်သွင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုနိုင်ခြင်း မရှိသေးသည့် အနေအထားကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်မည်ဟု ယူဆရသည်။ ထို့ကြောင့် ပုဂ္ဂလိကပညာရေး လုပ်ငန်းများနှင့် အစိုးရကြား ဆက်ဆံရေး အနေအထားများကို Strategy First Institute တည်ထောင်သူ၊ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ချစ်ခင်နှင့် The Voice တို့ ဒီဇင်ဘာလ ၁၂ ရက်က တွေ့ဆုံမေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

Voice : ပထမဆုံးအနေနဲ့ Strategy First Institute ရဲ့အကြောင်းကို မေးချင်ပါတယ်။ Strategy First Institute အနေနဲ့ ဆေးလိပ်၊ အရက်၊ ဘီယာလုပ်ငန်း၊ အချို့ဆင့်ပွား အရောင်းလုပ်ငန်း(Multi-level Marketing)တွေနဲ့ သူတို့ ဝန်ထမ်းတွေကို ဘာကြောင့် ဝန်ဆောင်မှု မပေးတာလဲ။ 
UACK : ကျွန်တော်တို့ ကျောင်းစထောင်တဲ့ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီကတည်းက အဲဒီစာကြောင်းက ကြော်ငြာတိုင်းမှာပါပါတယ်။ ဘာလို့လဲဆို ကိုယ်ကိုယ်တိုင် မသုံးလို့ပါ။ အဲဒါတွေက ကိုယ့်ရဲ့မိဘ၊ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းက အားမပေးတဲ့အခါ ကိုယ်ကိုယ်တိုင်လည်း အဲဒါတွေ မသင်ချင်တော့ဘူး။ ကိုယ်က စီးပွားရေး ပညာသင်တာ ဖြစ်တဲ့အတွက် သင်တဲ့အခါ ကိုယ်သိတာတွေ အကုန်လုံး သူ့အလုပ်မှာ အကောင်းဆုံး အသုံးချနိုင်အောင် သင်ပေးရတာကိုး။ အဲဒီအခါ ကျွန်တော်တို့က တစ်ဖက်မှာလည်း ကိုယ်လုပ်နေတဲ့လုပ်ငန်းက လူ တွေကို ပိုစဉ်းစားနိုင်အောင်၊ နိုင်ငံအတွက် ပိုအကျိုး ရှိအောင်၊ အလုပ်လုပ်နိုင်အောင် လုပ်တဲ့အခါမှာ ဒီလုပ်ငန်းတွေနဲ့ အဆက်အစပ် မရှိဘူး။ ကိုယ်လုပ်နေတဲ့ လမ်းကြောင်းကို ပိုပြီး သွေဖည်စေတယ်လို့ ကျွန်တော် ထင်တဲ့အတွက် အဲဒါတွေ သတ်မှတ်ခဲ့ပါတယ်။ ကိုယ့်ကျောင်းသားကို အကောင်းဆုံး သင်ပေးရမယ်။ သူတို့ကလည်း သူတို့အလုပ်မှာ အကောင်းဆုံး လုပ်ရမယ်။ လုပ်တဲ့အခါ ဒီလုပ်ငန်းတွေ တိုးတက်တယ်။ ကိုယ့်ကြောင့် သွယ်ဝိုက်ပြီးတော့ဖြစ်ဖြစ် အားမပေးချင်တော့တဲ့အတွက် ကျွန်တော် အဲဒါကို မလုပ်ပါဘူး။ MLM(Multi-level Marketing) ကတော့ အတန်းထဲမှာ ဈေးလာရောင်းမှာ စိုးလို့ပါ။ ကျွန်တော်လည်း အချို့ MLM လို့ပဲ ရေးထားပါတယ်။ 

Voice : တက်ခွင့်ရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ရော မူဝါဒက ဘယ်လို ရှိပါသလဲ။ 
UACK : ကျွန်တော်တို့ဆီမှာတော့ ရှင်းတယ်။ ကျောင်းသားတွေ ဝင်လာတယ်။ မကြိုက်ရင် ငွေပြန်အမ်းတယ်။ အပြည့် ပြန်အမ်းတယ်။ သုံးထားတဲ့စာအုပ်ဖိုး ယူလိုက်တယ်။ ကျန်တာ ပြန်အမ်းတယ်။ အဲဒီလိုနည်းနဲ့ ကျွန်တော်တို့က ထားတယ်။ မကြိုက်ဘူး။ တခြား အတန်း ပြောင်းချင်တယ်ဆို ပြောင်းခွင့် ရှိတယ်။ အဲဒီတော့ တစ်ခါတလေကျတော့ ဆေးမကောင်းတာ မဟုတ်ဘူး။ အနာနဲ့မတည့်တာ။ ဥပမာ- ဗိုက်နာတာ ပါရာစီတမော့ သောက်သလိုပေါ့။ အဲဒီတော့ သူစိတ်ဝင်စားတာက HR၊ တက်နေတာက Marketing မကြိုက်ဘူး။ ပြောင်းချင်တယ်ဆို ပြောင်း။ အဲဒါ အခမဲ့ပါပဲ။ ကျွန်တော် တို့ဆီမှာတော့ လွတ်လပ်ခွင့်ပေးတယ်။ တခြားကျောင်း တွေကတော့ ဘယ်လိုလုပ်လဲမသိဘူးပေါ့။ ချောင်ပိတ် ရိုက်တာတော့ မလုပ်ဘူး။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ အစကတည်းက မူဝါဒပဲ။ 

Voice : ဘာသာရပ်သင် ပုဂ္ဂလိက သင်တန်းတွေ၊ ကျောင်းတွေကို အစိုးရဘက်ကနေ ဘယ်လို စိစစ်ကြပ်မတ်မှုတွေ လုပ်ပါသလဲ။ 
UACK : လောလောဆယ်တော့ ဘာစိစစ်ကြပ်မတ်မှုမှ မရှိပါဘူး။ ကျွန်တော်တို့က ပုဂ္ဂလိက ဝန်ဆောင်မှု ပေးတဲ့ကုမ္ပဏီတွေ ဖြစ်ပါတယ်။ 

Voice : အစိုးရဘက်က ကြပ်မတ်ဖို့ လိုပါသလား။ 
UACK : လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စားသုံးသူကို သွားတဲ့အခါမှာ တစ်ပိုင်းကတော့ စားသုံးသူ အခွင့်အရေး ထိပါးတာတွေ ရှိနေတယ်ဆိုရင် ဒါတွေ ကျူးလွန်တာ ရှိတယ်ဆိုရင် အစိုးရပိုင်းက ကာကွယ်ဖို့ လိုမယ်။ စားသုံးသူဆိုတာ ကျောင်းသားပေါ့။ ကျောင်းသားတွေအတွက် အခွင့်အရေး ဆုံးရှုံးတာတွေ ရှိရင်တော့ ကာကွယ်ဖို့ လိုမယ်။ နောက်တစ်ပိုင်း အရည်အသွေး သတ်မှတ်ချက်နဲ့ ပတ်သက်တာကတော့ အတိုင်းအတာ တစ်ခုထိတော့ လိုပါတယ်။ ဥပမာ- ဘွဲ့ပေးမယ်ဆိုရင် အနည်းဆုံးတော့ ဘာတွေတော့ သင်ရမယ်။ ဘယ်လောက်ထိတော့ သင်ရမယ်။ ဘယ်လို အရည်အချင်းမျိုးတော့ ရှိရမယ်။ နာရီ သုံးဆယ်လောက်သင်၊ ဘွဲ့ပေးတယ်ဆို ရင်တော့ ဒါက အလွန်အကြူး ပြောပြတာပါ။ အဲဒီလို မဟုတ်ဘဲ လိုအပ်ချက်လေးတွေ ဒီလောက်တော့ ရှိသင့်တယ်ပေါ့။ အဲဒါမျိုးတော့ ရှိသင့်ပါတယ်။

Voice : လက်ရှိ အခြေအနေမှာရော ကျောင်းသားတွေ အနေနဲ့ စားသုံးသူ အခွင့်အရေး ချိုးဖောက်ခံရနေရတာတွေ ရှိပါသလား။ 
UACK : အဲဒီလိုတော့ မရှိပါဘူး။ စားသုံးသူကလည်း ရွေးချယ်သွားတာပါပဲ။ ဆိုတော့ မကောင်းတဲ့ဟာဆိုလည်း ရှောင်တတ်တယ်ပေါ့။ ရှောင်သွားကြတာပေါ့။ အဲဒီတော့ ရေတိုမှာတော့ ရှင်သန်ကောင်း ရှင်သန်မယ်။ ခြောက်လ၊ တစ်နှစ်ကြာရင်တော့ သူ့သတင်း သူဆောင်သွားတာပေါ့။ 

Voice : အစိုးရအနေနဲ့ ပုဂ္ဂလိက ပညာရေးနဲ့ပတ်သက်ပြီး တွန်းအားပေးမှု၊ အထောက်အပံ့ပေးမှု အခြေအနေရော ဘယ်လို သုံးသပ်ပါမလဲ။ 
UACK : လောလောဆယ်တော့ ပုဂ္ဂလိက ကဏ္ဍကို ဘာမှ အားပေး၊ အားမြှောက်ခြင်းလည်း မရှိသေးဘူး။ ကာကွယ် စောင့်ရှောက်ခြင်းလည်း မရှိဘူး။ ဖြုတ်ပစ်တာလည်း မရှိဘူး။ ကျွန်တော်တို့က အဆက်အစပ် မရှိတဲ့ သဘောပေါ့။ ဒီမှာတစ်ပိုင်းတော့ ရှိတယ်။ ပညာရေးလို့ ပြောလို့ရှိရင် ဝန်ထမ်းတွေကို ပြန်ပြီး လေ့ကျင့် သင်ကြားပေးတဲ့ အပိုင်းတွေ ရှိတယ်။ အဲဒီအပိုင်းကတော့ အလုပ်သမားဘက်ပဲ ရောက်မလား။ ပညာရေးအောက်က တိုက်ရိုက် ကွပ်ကဲမလား။ ဒါမျိုးတွေတော့ ဘယ်လိုလာမလဲ မသိသေးဘူး...။ 

Voice : အစိုးရနဲ့ ပုဂ္ဂလိက ပညာရေး ဝန်ဆောင်မှု ပေးနေတဲ့သူတွေ အဆက်အစပ် ပြတ်နေတဲ့ အနေအထား ဆိုတော့ အကောင်း၊ အဆိုးက ဘာတွေ ရှိသလဲ။ 
UACK : အစိုးရက အရမ်း ဝင်စွက်ရင်လည်း မကောင်းဘူး။ အရမ်း လွှတ်ထားတော့လည်း အစိုးရရဲ့ အခန်းကဏ္ဍက ကောင်းတဲ့ဘက်မှာ အဆင်ပြေ လွယ်ကူအောင် ကူညီတယ် ဆိုရင်တော့ အဆင်ပြေတာပေါ့။ အဲဒီအပိုင်းကို သွားဖို့ဆိုရင်လည်း ပညာရေး ဝန်ကြီးဌာနမှာက ပုဂ္ဂလိက ကဏ္ဍကို ကြပ်မတ်တဲ့ လုပ်ရိုး လုပ်စဉ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ မရှိသေးဘူး။ မရှိသေးတဲ့အတွက် သူတို့ဘက်ကလည်း လုပ်ရတာ အဆင် မပြေသေးဘူး။ ဥပဒေ ထွက်လာရင်တော့ သူတို့ဘက်က ကူညီဖို့၊ ကြပ်မတ်ဖို့ပေါ့။ ကြပ်မတ်ဖို့ထက် ပုဂ္ဂလိက ကဏ္ဍရဲ့အကျိုး ကျေးဇူးတွေကို ပိုပြီးတော့ ကောင်းလာအောင်ရယ်၊ ပုဂ္ဂလိက ပညာရေးကဏ္ဍရဲ့ ဆိုးပြစ်တွေကို ပိုပြီးတော့ လျော့နိုင်အောင်ရယ် ဝိုင်းပြီးတော့ ထိန်းပေးနိုင်မယ်လို့ ထင်ပါတယ်။ အခုလောလောဆယ် အနေအထားမှာတော့ အဲဒါတွေကို အစိုးရက မလုပ်နိုင်သေးဘူးပေါ့။ မလုပ်နိုင်သေးဘူး ဆိုတာက ပညာရေး ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံအရရော၊ လုပ်လာတဲ့ ပုံစံအရရော၊ ဒါကို ကိုင်တွယ်ဖို့ သူတို့မှာ အဆင်သင့် မဖြစ်သေးဘူး။

Voice : နောက်ဆုံး အနေနဲ့ရော ဘာတွေ ထပ်ပြောချင်ပါသေးလဲ။ 
UACK : အဓိကတော့ ပုဂ္ဂလိကရဲ့ ကဏ္ဍကတော့ ပြိုင်ဆိုင်မှုနဲ့ သွားတာပေါ့။ အဲဒါကတော့ စားသုံးသူအတွက် ကောင်းပါတယ်။ ကိုယ်ရှင်သန်ဖို့၊ တိုးတက်ဖို့အတွက်ဆိုရင် ကောင်းအောင် လုပ်ရမယ်။ ပိုသက်သာအောင် လုပ်ပေးရမယ်။ စနစ်တကျ ထိန်းသိမ်းရမယ် ဆိုတာ အကုန်လုံး သိတယ်။ အကုန်လုံး အဲဒီနည်းနဲ့ ယှဉ်ပြိုင်ကြတယ်ဆိုရင် ဒီကဏ္ဍက တိုးတက်တာပေါ့။ စားသုံးသူအတွက် အကောင်းဆုံး အခြေအနေပါပဲ။ အဲဒီတော့ အမြဲတမ်း ဘာလိုအပ်နေလဲ ဆိုတာလည်း ရှာပေးနေရတယ်။ စားသုံးသူ မကျေနပ်တာ ဘာရှိလဲ ဆိုတာလည်း ကြည့်ပေးနေရတယ်။ အဲဒီဟာကို ကျွန်တော်တို့က အမြဲတမ်း ဖြည့်ဆည်းနေရတာ ဖြစ်တဲ့အတွက် ပုဂ္ဂလိက ကဏ္ဍက တစ်ဖက်က ပြောရရင် အစိုးရရဲ့ ပညာရေး ပိုကောင်းအောင် လုပ်ဖို့အတွက် ဝန်ထုပ်ဝန်ပိုးကို တစ်ပိုင်းတစ်စကနေ ဖြေရှင်းပေးတဲ့ ပုံစံလည်း ဖြစ်တယ်။ အဲဒီတော့ အစိုးရကလည်း အားပေးသင့်တယ်။ တစ်ဖက်မှာလည်း ချိုးဖောက်မှုတွေ ရှိလာနိုင်တဲ့ အပိုင်းလေးတွေကိုတော့ ထိန်းပေးတယ် ဆိုရင် ဥပမာ-မမျှမတ ယှဉ်ပြိုင်တာတွေ၊ အခွင့်အရေး ယူတဲ့အပိုင်းတွေ၊ လိမ်ညာ ကြော်ငြာတာတွေ ဒါမျိုးတွေကတော့ ဘယ်ကဏ္ဍ၊ ဘယ်လုပ်ငန်းမျိုးမှာမဆို ကန့်သတ်ရမယ့် ကိစ္စတွေပါ။ အဲဒါတွေကို ဝိုင်းပြီးတော့ ထိန်းပေးတယ်ဆိုရင် အားလုံး အဆင်ပြေမှာပါ။

နေဇာကျော်

  • TAGS