News

POST TYPE

EDUCATION

Online Learning နှင့် အထူးထုတ်များ၏ လားရာ
14-May-2020


မြန်မာနိုင်ငံတွင် Covid-19 စတင်ကြေညာပြီးနောက် ဝန်ကြီးဌာနအလျောက် လုပ်ငန်းများတစ်စတစ်စ လျော့ကျလာခဲ့ရသည်။ ပညာရေးကဏ္ဍတွင်လည်း အလားတူပိတ်သိမ်းခဲ့ရသည်များရှိခဲ့သည်။ ယင်းအထဲတွင် မတ်လကုန်အထိ ကျောင်းတက်ရန် အမိန့်ထုတ်ပြန်မှုကို တစ်နိုင်ငံလုံးသာမက လွှတ်တော်ကပါ ကြားဝင်ခဲ့၍ ကျောင်းသား၊ ကျောင်းသူ ၉ သိန်းကျော်ရှိသည့် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို လက်မတင်ကလေးပင် ကျင်းပနိုင်ခဲ့၍ အတော်ပင်စိတ်သက်သာရာရခဲ့သည်ဟု ဆိုရမည်သာဖြစ်သည်။

သို့သော်လည်း Covid-19 ရောဂါပျံ့နှံ့မှုအခြေအနေ တစ်စတစ်စတိုးမြှင့်လာမှုကြောင့် တက္ကသိုလ်စာမေးပွဲများရပ်နားခြင်း၊ တက္ကသိုလ် ဝင်တန်းစာစစ်ရမည့်လုပ်ငန်းများရပ်နားခြင်း၊ ကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းများ ရက်ရွှေ့ဆိုင်းခြင်းများ မဖြစ်မနေ ဆောင်ရွက်ခဲ့ရသည်။ ယင်းတို့အထဲတွင် မေလအတွင်း တစ်နိုင်ငံလုံးမှ ဆရာ၊ ဆရာမများအား သင်ရိုးသစ်သင်တန်းများပေးရန် အစီအစဉ်ပါ ရပ်နားခဲ့ရသည်။ထိုအချိန်တွင် Online Learning ပြုလုပ်နိုင်ရန် စီစဉ်လာကြသည်ကိုတွေ့ရသည်။ တစ်ဖက်ကလည်း မြန်မာပညာရေး ရုပ်မြင်သံကြားအစီအစဉ်ထုတ်လွှင့်နိုင်ရန် Test Run များ စတင်ထုတ်လွှင့်နေသည်ကို တွေ့ရသည်။

စင်စစ်ကြံဖန်၍ အကောင်းဘက်က တွေးရလျှင် Covid-19 ကြောင့် နည်းပညာဘက်ကို မဖြစ်မနေ ပြောင်းလဲရသည့် အခြေအနေတစ်ရပ်ကို တွေ့ရသည်။ အခြားနိုင်ငံများနှင့် ပြည်တွင်း International ကျောင်းများဆိုလျှင် ကျောင်းများ စတင်ပိတ်ကတည်းကပင် Online Learning များကို ဆရာတပည့်ကြား ဆက်သွယ်သင်ကြားနေကြသည်ကို တွေ့မြင်ရသည်။ ထိုကဲ့သို့ Online Learning ကို မဖြစ်မနေပြုလုပ်ရမည့်အခြေအနေတွင် အစိုးရနည်းတူ ပုဂ္ဂလိကအစီအစဉ်များတွင် ဖန်တီးလာကြသည်ကို တွေ့ရသည်။ တစ်ဆက်တည်းပင် နည်းပညာများဖြင့် ဆောင်ရွက်နိုင်ရန် နည်းပညာကုမ္ပဏီကလည်း နည်းပညာပစ္စည်းများ ကြော်ငြာလာကြသည်ကို တွေ့ရသည်။ မြန်မာ့ပညာရေးအတွက် အားတက်မျက်နှာတစ်ခုအဖြစ် မြင်မိသည်။

လက်ရှိ Online Learning များကို လေ့လာကြည့်ရာတွင် အချို့က မိမိဘာသာရပ်ကို ပညာဒါနအဖြစ်ရိုက်ကူး၍တင်ကြသည်။ အချို့က ဘာသာရပ်သင်တန်းများ (ဥပမာ - English)အဖြစ် သင်တန်း နည်းပြဆရာဖြင့် သင်ကြားပို့ချကြသည်။ အချို့က စနစ်သစ်သင်ရိုးကို Online Learning အတွက် စာရင်းယူခြင်း၊ ငွေပေးသွင်းခြင်း စသည်တို့ပါလာသည်။Covid-19 ကြောင့် အချိန်မှန်မှန်မပို့ချနိုင်သောအခါ ပူညံပူညံ ဖြစ်လာကြသည်။ ငွေကြေးမတတ်နိုင်၍ပဲဖြစ်ဖြစ်၊ အခြားအကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ်၊ မသင်ကြားနိုင်သူများကလည်း ဝေဖန်လာကြသည်။

စင်စစ် Online Learning အဖြစ်ပြောင်းလဲလာကြသည်ကို ကြိုဆိုရမည်ဖြစ်သည်။ အားပေးရမည်ဖြစ်သည်။ သို့သော်ပညာရေးဝန်ကြီးဌာနက ကြိုးပမ်းနေဆဲတွင် အခကြေးငွေယူ၍ သင်ကြားနေခြင်းသည် ပြောစရာဖြစ်လာသည်။ စီးပွားရေးဆန်သည်ဟု ဆိုလာသည်။ အမှန်တွင် ပညာရေးဝန်ကြီးဌာနသို့ အသိပေးသင့်သည်။ ခွင့်ပြုချက်ယူသင့်သည်။ အခြားသော Advanced Level တစ်ခုကို သင်ကြားခြင်း မဟုတ်ဘဲ ပညာရေးဝန်ကြီးဌာန၏ သင်ရိုးသစ်ကိုသင် ကြားခြင်းဖြစ်၍ ခွင့်ပြုချက်ယူရမည်ဖြစ်သည်။ ထိုသို့ မယူခဲ့ခြင်းကြောင့် မကြားသင့်ဘဲ အသံများကြားရခြင်းဖြစ်သည်ဟုထင်သည်။

တစ်ဖန် Online ပေါ်တွင် သင်ရိုးသစ်အထူးထုတ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ကျောင်းအသီးသီးရှိ လက်တွေ့သင်ကြားရမည့် ဆရာ၊ ဆရာမလက်ထဲသို့ပင် သင်ရိုးသစ်ပြဋ္ဌာန်းစနစ်များမရောက်မီ ပြင်ပတွင် အထူးထုတ်ကထွက်ရှိနေပေ သည်။ ဤအကြောင်းပြောလျှင် အထူးထုတ် ထုတ်ဝေသူများ ကြိုက်ကြမည်တော့မဟုတ်။ သို့သော် လုပ်သင့်လုပ်ထိုက်သည်ကိုတော့ ပြောပြရမည်ဖြစ်သည်။ပထမအချက်အဖြစ်ဌာနတွင် လျှို့ဝှက်စွာ သိမ်းဆည်းထားသင့်သည့် သင်ရိုးသစ်ပြဋ္ဌာန်းစာအုပ်များ ပြင်ပသို့ ဆောလျင်စွာရောက်ရှိနေသည်မှာ မည်သည့်တာ ကျိုးခဲ့သနည်း။ ဒုတိယအချက်အဖြစ်ယခင် Rote Learning စနစ်တွင် အထူးထုတ်များ ဘာသာကုန် သင်ရိုးများထုတ်ခြင်းကို လုံးဝဟန့်တားနိုင်ခြင်းမရှိထင်သလို ထင်သလောက်ရိုက်နှိပ်ထုတ်ဝေခဲ့ကြသည်။

သို့ဆိုလျှင် ယခုပြောင်းလဲလာသည့်စနစ်သစ်သင်ရိုးသည် Rote Learning အတိုင်းသွားကြ မည်လော။ ပြောင်းလဲလာသည့် NESP အရ တစ်နည်း CESR အရ သင်ကြားနည်းစနစ် ပြောင်းနေပြီဖြစ်သည်။ အထူးသဖြင့်  Bloom’s Taxonomy အရ အဆင့် ၆ ဆင့်ဖြင့် သင်ကြားရမည်ဖြစ်သည်။ ပညာရေးက ရည်မှန်းသည့် Skill Workers များ၊ Smart Knowledge Workers များရရန် Rote Learning ကို လုံးဝစွန့်လွှတ်ရမည်ဖြစ်သည်။ ယခုထုတ်ဝေမည့် အထူးထုတ်များသည် စနစ်သစ်သင်ရိုးကို မည်မျှအထောက်အကူပြုပါမည်နည်း။

ဥပမာတစ်ခုပြောပါမည်။ သင်ရိုးသစ် သင်ခန်းစာတစ်ခုကို သင်မည်ဆိုလျှင် ဆရာကဦးဆောင်၍ အကုန်ရှင်းပြ၍မရ။ ကျောင်းသားကိုယ်တိုင် ဖတ်ရှုလေ့လာရမည်။ မသိသည့်ဝေါဟာရများကို Dictionary အသုံးပြု၍ ရှာရမည်။ ဆက်စပ် Vocalbulary များ ကိုယ်တိုင်နားလည်သိမြင်စေရမည်။လေ့ကျင့်ခန်းများကို ကိုယ်တိုင်လေ့လာအဖြေရှာရမည်။ အချို့လေ့ကျင့်ခန်းများ ဆရာနှင့်ပူးတွဲ၍ လေ့လာရမည်။ ဆရာသည်သင်ရိုးသစ်တွင် Teacher အဖြစ်ဆိုသည်ထက် Helper အဖြစ်သာ ရှိရမည်ဖြစ်သည်။ အကြောင်းမှာ ကျောင်းသားကို ဗဟိုပြုချဉ်းကပ်သင်ကြားနည်းဖြစ်သောကြောင့်ပင်။ ယခုအခါတွင် အထူးထုတ်များ သင်ရိုးကုန်များကိုကြည့်လျှင် စာပိုဒ်အားလုံး ဘာသာပြန်ထားသည်။ ပုစ္ဆာအားလုံးတွက်ပြထားသည်။ကျောင်းသားကိုယ်တိုင် နားလည်အောင်ဖတ်ဖို့ မကြိုး စားကြတော့ပေ။ ထို့အတူ ကျောင်းသားကိုယ်တိုင်ရှာဖွေရမည့် စကားလုံး၊ ဝေါဟာရများကို အဆင်သင့်ရှာဖွေပေးထားသည်။ ကျောင်းသားများသည် အဆင်သင့်ကျက်မှတ်ရုံသာရှိတော့သည်။ လေ့ကျင့်ခန်းများကို မိမိတို့ကိုယ်တိုင် လေ့လာအဖြေရှာရန်လည်း မလိုတော့ပေ။ သို့ဆိုလျှင် သင်ရိုးသစ်ရည်မှန်းချက်များ မည်သို့မျှမပေါက်ရောက်နိုင်။ စာသင်နှစ်များ၍ အသက်ပိုကြီး လာကြသည်သာဖြစ်သည်။

ဤနေရာတွင် ထုတ်ဝေသူများဘက်ကကြည့်လျှင် မိမိတို့ထုတ်ဝေလိုက်သည့် အထူးထုတ်များသည် စနစ်သစ်သင်ကြားနည်းစနစ်ကို မည်သို့အထောက် အကူပြုနိုင်မည်နည်း။ ကလေးများ၏ တီထွင်နိုင်စွမ်း၊ စဉ်းစားနိုင်စွမ်းကို မည်သို့ထည့်သွင်းပေးမည်ဆိုသည်ကို စဉ်းစားသင့်သည်။ အလွတ်ကျက်ရန် အဆင့်မျှလောက်ဖြင့် ထုတ်ဝေကြမည်ဆိုလျှင် မည်သို့မျှ ထူးခြားလာနိုင်မည်ဟုမထင်။

ဤနေရာတွင် ဆရာ၊ ဆရာမများကို ပြောချင်ပါသည်။ သင်ရိုးသစ်ဟုဆိုလိုက်သည်နှင့် သင်တန်းတက်ရမည်ကိုသိကြသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် သင်တန်းများ ရပ်နားထားသောအခါတွင်  သင်တန်းများကို ငွေကုန်ကြေးကျခံ၍ အလျင်စလို  တက်ရန်လိုပါသလား။ သင်ရိုးသစ်သည် မည်မျှခက်ခဲနက်နဲနေပါသနည်း။ မိမိကိုယ်တိုင်လေ့လာကြည့်ရန် စိတ်ကူးမိပါသလား။ အထူးထုတ်များ သင်ရိုးကုန် စာအုပ်များရှိမှ သင်နိုင်ကြသည်လား။ သူငယ်ချင်း မိတ်ဆွေတစ်ဦး ပြောသကဲ့သို့ 'Self-study is the best' ဆိုသည့်အတိုင်း မိမိကိုယ်တိုင်လေ့လာပါ။ကြိုးစားရှာဖွေပါ။သို့မှသာ ကျောင်းသားများကိုလည်း သင်ကြားနိုင်မည်ဖြစ်သည်။ အထူးထုတ်ကြည့်၍ သင်ကြားနိုင်သော ဆရာ၊ ဆရာမမျိုး အဖြစ်မခံပါနှင့်၊ ဦးစွာပထမ မိမိတို့ကိုယ်တိုင် သင်ရိုးသစ်များကို လေ့လာပါ။ပြင်ပတွင် သင်ရိုးသစ်စာအုပ်မိတ္တူများ ပလူပျံနေပါသည်။ မိတ္တူကူးယူ၍ လေ့လာပါ။ ပညာရေးဝန်ကြီးဌာနက သင်တန်းပေးသည့်အခါလည်း သင်တန်းမှ ပို့ချချက်များနှင့် ပေါင်းစပ်သင်ကြားနိုင်လျှင် အဆင်ပြေပါသည်။ ဆိုလိုသည်မှာ ကျောင်းသားများကို သင်ကြားရမည့် နည်းစနစ်အတိုင်း မိမိတို့ကိုယ်တိုင်က လေ့လာသင်ယူ တတ်ဖို့လိုပါသည်။

အချုပ်ဆိုရရင် Online Learning ဆိုသည်မှာ စိတ်ကူးယဉ်သက်သက်မျှ မဟုတ်တော့ပေ။လက်တွေ့ ရင်ဆိုင်ရတော့မည်ဖြစ်သည်။ သို့ဖြစ်၍ မိမိဘက်က အဆင်သင့်ဖြစ်ရန် ပြင်ဆင်ထားရမည်သာ ဖြစ်သည်။ ကိုဗစ်ကြောင့် အခြေခံပညာကျောင်းများ မဖွင့်နိုင်သေးလျှင်ပင် Online မှ သင်ကြားနိုင်ရန် စီစဉ်နေသည်ဟု သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေး က ပြောကြားသွားခဲ့သည်။ ယင်းအပေါ်တွင် သုံးသပ်ချက်အမျိုးမျိုး ပြောဆိုနေသော်လည်း စင်စစ်မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။ကမ္ဘာ့နိုင်ငံကြီးများမှာပင် အခပေးရသည့် Online Learning ကို အခမဲ့ပင်ပြုလုပ်ပေးနေကြသည်။ Google မှပေးနေသည့် အခမဲ့ Download ရယူနိုင်သည်များလည်း ရှိပါသည်။ ဥပမာ (Zoom Cloud Meeting ကဲ့သို့မျိုး)အဓိကအချက်မှာ ပြင်ဆင်ထားကြဖို့ပင်ဖြစ်သည်။ ထို့အတူ အထူးထုတ်များနှင့်ပတ်သက်၍လည်း သင်ရိုးသစ်ကို အဟန့်အတားမဖြစ်ဖို့လိုသည်။ စိစစ်မှုမရှိဘဲ ဈေးကွက်တွင်း ကျယ်ပြန့်စွာပျံ့နှံ့လာပြီးမှ ညွှန်ကြားချက်ထုတ် ရန်မသင့်ပါ။ သင်ရိုးသစ်ကို အထောက်အကူဖြစ်နိုင် မည့်ပုံစံမျိုးသာ ဖြစ်သင့်ပါသည်။

ခင်မောင်ဌေး(ပညာရေး)