News

POST TYPE

EDUCATION

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် တက္ကသိုလ်ပညာရေးအခက်အခဲအပေါ် စစ်တမ်းကောက်
07-May-2020
မန္တလေး၊ မေ ၇

ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် တက္ကသိုလ်ပညာရေး အခက်အခဲအပေါ်အမြင်စစ်တမ်းတစ်ခုကို Youth Response အဖွဲ့က ကောက်ယူနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းစစ်တမ်းကို တက္ကသိုလ်အသီးသီးရှိ ကျောင်းသားများထံမှကောက်ယူနေခြင်းဖြစ်ကြောင်း ၊ နည်းပညာတက္ကသိုလ်နှင့် ဝိဇ္ဇာသိပ္ပံကျောင်းများမှ လက်ရှိကျောင်းတက်နေသော ကျောင်းသားများနှင့် ကျောင်းသားဟောင်းများဖြင့် ဖွဲ့စည်းထားသော Youth Response မှ လက်ရှိကြုံတွေ့နေရသောပညာရေးအခြေအနေနှင့် အခက်အခဲများကို လေ့လာရန်အတွက် ကောက်ယူခြင်းဖြစ်ကြောင်း Youth Response အဖွဲ့ခေါင်းဆောင် မသဲစုစုထွန်းက ပြောကြားသည်။

“COVID-19 ကာလမှာက ကျန်းမားရေးနဲ့ပတ်သက်တာတွေကို အာရုံစိုက်နေရတယ်။ ကျောင်းမပိတ်ခင်ကတည်းက COVID-19 ဖြစ်တယ်။ ညီမတို့နိုင်ငံမှာ ကူးစက်ခံရခြင်းမရှိဘူးလို့သိထားကတည်းက ပညာရေးဘက်ရော ကျန်းမာရေး ဘက်ကရောစီစဉ်မှုတွေအားနည်းနေတာကိုတွေ့ရတယ်” ဟု ၎င်းကပြောဆိုသည်။

ယင်းအပြင် “အခုလက်ရှိမှာ ကျောင်းဖွင့်ရာသီရောက်တော့မယ်။ ရောက်ကာနီးတိုင်အောင် သေချာတဲ့ထုတ်ပြန်ချက်တွေ မတွေ့ရသေးဘူး။ Online သင်ကြားရေးစနစ်လုပ်မယ်လို့ကြားတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့အခက်အခဲတွေ အများကြီးရှိလာနိုင်တယ်။ ဆရာ၊ ကျောင်းသာနှစ်ဖက်စလုံးမှာ အခက်အခဲရှိနိုင်တယ်။ ဒါတွေကိုသိပေမယ့် ဘာတွေနဲ့တိုင်းတာမှာလဲ ၊ အခက်အခဲတွေကဘာတွေလဲ၊ တကယ်လိုအပ်နေတာကဘာတွေလဲဆိုတာကို ဝန်ကြီးဌာနက လူတွေလုပ်ထားလား၊ မလုပ်ထားလားဆိုတာတော့မသိဘူး။ ဒါပေမဲ့ မြင်တွေ့နိုင်တဲ့ အချက်အလက်တွေမရှိဘူး။ စီမံချက်တွေဆွဲတယ်ဆိုရင် ဒါတွေကိုအခြေခံပြီးတော့ ဆွဲစေချင်တယ်” ဟုလည်း မသဲစုစုထွန်းက ထပ်မံပြောဆိုသည်။

အဆိုပါစစ်တမ်းကို အွန်လိုင်းစနစ်ဖြင့် ဧပြီလ ၂၆ ရက်နေ့ကစ၍ ကောက်ယူနေခြင်းဖြစ်ပြီး ယခုတစ်ပတ်အတွင်း အဆုံးသတ်မည်ဖြစ်ရာ ရရှိလာသောကျောင်းသားထု၏ Response အပေါ်မူတည်ကာ Analysis လုပ်ပြီးပါက သက်ဆိုင်ရာအစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ်သည်။

ထိုစစ်တမ်းအပေါ်အခြေခံ၍ နောက်ဆက်တွဲစစ်တမ်းများ ထပ်မံပေါ်ထွက်လာရန့် Youth Response အဖွဲ့က ရွယ်ထားသည်။

ယင်းစစ်တမ်းကို မြန်မာနိုင်ငံရှိတက္ကသိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူပေါင်း ၁၅၀ဝ ကျော် ဝင်ရောက်ဖြေဆို ထားပြီးဖြစ်ကြောင်း၊ COVID-19 ကြောင့်ဖြစ်ပေါ်လာသည့် ပညာရေးအပေါ်အမြင်များ၊ Online စနစ်ပြောင်းလဲ ကျင့်သုံးချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများအပါအဝင် မေးခွန်းပေါင်း ၂၀ ကျော်မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း Youth Response အဖွဲ့ထံမှ သိရသည်။

ရတီ