News

POST TYPE

EDUCATION

COVID-19 ကာလအတွင်း စဉ်းစားပြင်ဆင်သင့်သော ပညာရေးအတွက် Digital Literacy
07-May-2020


နိဒါန်း

COVID-19 ကူးစက်ရောဂါဟာ ကမ္ဘာ့ကပ်ဆိုးပါ။ ကမ္ဘာကိုသတိပေးဖို့ရောက်လာပါတယ်။ ကမ္ဘာဟာ လူလုပ်အညစ်အကြေး၊ စွန့်ပစ်အမှိုက်၊ သစ်တောပြုန်းတီးမူ၊ အနိုင်ကျင့်မတရားမှု စတဲ့အဖျက်တွေနဲ့ အသက်ငင်နေပြီလို့ သတိပေးဖို့ပါ။ ဆင်းရဲချမ်းသာမရွေး ကမ္ဘာအနှံ့ပျံ့ပါပြီ။ တကယ်တမ်း ရင်ဆိုင်လာရရင် Physical and social distancing အဝေးကနေပြီး သတိနဲ့စောင့်ရှောက်ရပါမယ်။ ဆက်ဆံရေးလျှော့ချပြီး ခပ်ကွာကွာနေဖို့ဟာ စိတ်ကို အလုပ်ပေးဖို့လိုတာမို့ သာမန်လူတို့ လုပ်နိုင်ခဲတာပါ။ Lockdown လုပ်ခံသူ တွေဟာ အချင်းချင်းစကားပြောကြရင်း ကူးစက်ခွင့်ရှိပါတယ်။

အရှိန်အဟုန်နဲ့ ပြောင်းလဲလူပ်ရှားတိုးတက်နေတဲ့ ကမ္ဘာလောကကြီးဟာ COVID-19 ကြောင့် အနားရသွားပါတော့တယ်။ မနားမနေ ကြိုးစားယှဉ်ပြိုင်ပြီး အောင်မြင်မှုအရသာကို အာသာငမ်းငမ်းတောင့်တနေတဲ့လောကကြီးကို အချက်ပေးခေါင်းလောင်းသံပေးတာပါပဲ။ ရုပ်ဝတ္ထုတိုးတက်မှုကို အားသန်နေတဲ့သူတွေအတွက် စိတ်အလုပ်လုပ်ဖို့ ခေတ္တငြိမ်သက်ပြီး လုပ်ရပ်တိုင်းကို မှားမှန်သင့်မသင့် စဉ်းစားဖို့ အခြေအနေတစ်ရပ် အခွင့်အရေးတစ်ရပ်ပေါ်စေပါတယ်။

ဆရာကြီး စစ်ကိုင်းဦးဘိုးသင်းရဲ့ ကိုယ်တွေ့အတ္ထုပ္ပတ္တိမှာ မန္တလေးနော်မန်ဆရာအတတ်သင်ကျောင်းမှာ ကျောင်းသားအဖြစ် မောင်ဘိုးသင်း တက်ရောက်စဉ်ကာလ မြန်မာပြည်ပုလိပ်ရောဂါကပ်ဆိုးကြီး ကျရောက်ပါတယ်။ ဆယ်ကျော်သက် မောင်ဘိုးသင်း ဟာ ပုလိပ်ရောဂါကို သူတကာထက်စောစွာ အလူးအလဲခံလိုက်ရပြီး နာလန်ထလာတယ်တဲ့ မန္တလေးတစ်မြို့လုံး အတုံးအရုံးပါ။  မြို့ကိုလှည့်ပတ်ကြည့်ရင်း အိမ်တွေဟာ တံခါးမပိတ်နိုင်ဘဲ ဟင်းလင်းပွင့်နေတာတွေ့တယ်။ အိမ်တိုင်းစေ့ရောဂါရပြီး သေသူသေ မြောသူမြောနေတယ်။ ညည်းသံကြားတဲ့အိမ်ထဲ ဝင်ကြည့်မိတယ်။ မျက်လုံးဖွင့်နိုင်ပြီး မထနိုင်သူကို ရေစက်တစ်စက်ချင်း ချတိုက်ပေးတယ်။ အိမ်ထဲရှာဖွေရင်းတွေ့တဲ့ဆန်ကို ပြုတ်တိုက်လိုက်တယ်။ သန့်ရှင်းရေး လုပ်ပေးနိုင်သလောက် လုပ်ပေးတယ် စသည်တို့လုပ်တယ် တချို့ နာလန်ထလာတဲ့အကြောင်းများကိုရေးပါတယ်။ 

ယခုအချိန်မှာအရေးကြီးတာက Third Wave ပြည်ပကို တရားဝင် တရားမဝင်သွားရောက်အလုပ်လုပ်သူတို့ဟာ တရုတ်နဲ့ထိုင်း စသည်မှ ပြန်လည်ဝင်ရောက်လာတယ်။ သူတို့ကို Lockdown Quarantine ကန့်သတ်ချုပ်ချယ်ပြီး ၂ ပတ်သီးသန့်ဖယ်ထုတ်တဲ့ လှုပ်ရှားမှုကို ကာယကံရှင်ရော ပတ်ဝန်းကျင်ကပါ ပါဝင်တာပါ။ နောက်ပိုင်းမှာ ကျန်းမာရေးပညာပေးဖြစ်တဲ့ မူးယစ်အသွင်ကွဲ ကွမ်းစား၊ ဆေးလိပ်သောက် စတာတွေကို လျော့ပါးစေဖို့လိုပါမယ်။ ဓာတုပစ္စည်းသုံးစွဲမူ (အကြော်ခံဆီထဲကို ပလတ်စတစ်ထည့်ခြင်း အသီးအနှံထဲ ဆေးထိုးခြင်း စတာတွေ) ကို ပညာပေးနိုင်ရပါမယ်။ ကျန်းမာအောင် နေထိုင်နည်း အလေ့အကျင့်များကိုပါ တစ်ဆက်တည်း ထူထောင်သွားဖို့ပါ။

ပညာရေးအလုပ်များနဲ့ COVID-19

တက္ကသိုလ်စာမေးပွဲတွေပိတ်လိုက်ပြီ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာစစ်ဖို့ နွေရာသီစနစ်သစ်အတွက် ဆရာများကို သင်တန်းများခေါ်ဖို့ စတဲ့အလုပ်တွေ အားလုံးဆိုင်းငံ့လိုက်ပါပြီ။ သင်္ကြန်အပါအဝင်ပျော်ပွဲများအစ လူစုလူဝေးများအားလုံး ရပ်ဆိုင်းပါပြီ။ အလုပ်တွေ ရပ်ဆိုင်းနေချိန်မှာ လုပ်ခဲ့တဲ့အလုပ်တွေကို ပြန်လည်သုံးသပ်ဖို့ သင်ခန်းစာယူဖို့ အနာဂတ်အတွက် သုံးသပ်ဆင်ခြင်ဖို့ အချိန်ကောင်းပါ။ G 10 သင်ရိုးသစ်ကို Online လုပ်မယ်ကြားရတာ သတင်းကောင်းပါ။ စတင်တော့မယ့် အထက်တန်းသင်ရိုးသစ် ဆိုင်ရာအချက်အချို့ကို ဆွေးနွေးပါမယ်။

၂၀၂၀ အတွက်  G 4, 7, 10 သင်ရိုးသစ်များ သင်တန်းပေးရာမှာ G 10 စာအုပ်သစ်တချို့ကို ဖတ်ကြည့်ပြီး စနစ်သစ် အထက်တန်း G 10-12 သင်ရိုးကို ဆဝါးနိုင်ပါပြီ ။ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ မူလသင်ရိုးဟောင်းများ G 10-11 တို့ကို အာလေးလုံး 4R နည်းနဲ့ ပြုပြင်မယ်တဲ့။ (၁) မူလအတိုင်းထား (Retained),  (၂) ပယ်ဖျက် (Removed), (၃) အစားထိုး (Replaced), (၄) ပြုပြင် (Revised) နည်းများနဲ့ ပြင်ဆင်မယ်ပေါ့။ Guideline က စီ ၅လုံး 5C ပါ။ (၁) ပူးပေါင်းဆောင်ရွက် (Collaboration), (၂) ဆက်သွယ်ပြောဆို (Communication), (၃) ဆန်းစစ်ဝေဖန်ပြဿနာရှင်း (Critical thinking & problem solving), (၄) တီထွင်ဖန်တီး (Creativity & innovation), (၅) နိုင်ငံသားကောင်းစိတ် (Citizenship) တို့ဟာ နိုင်ငံတော်ပညာရေး ရည်မှန်းချက်ပါ နိုင်ငံသားကောင်းစိတ်ဓာတ်မှာ ဗလ ၅တန်ပြည့်ပြီး တိုင်းပြည်ရဲ့ အဖိုးတန်လူငယ်များ ပေါ်ထွန်းရေးပါ ။

၂၀၂၀ အထက်တန်းပညာရေး မြေပြင်အခြေအနေ

၂၀၂၀မှာ G 10 ကလေးများဟာ မူလအတိုင်း ဘာသာတွဲ ၄ ခုရှိပါမယ်။ ပထမသိပ္ပံတွဲက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပ၊ ဓာတု ၊ ဇီဝ + စုပေါင်းဝိဇ္ဇာဘာသာ (ပထဝီ၊ သမိုင်း၊ ဘောဂ)၊ ဒုတိယသိပ္ပံတွဲက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပ၊ ဓာတု၊ ဘောဂ + စုပေါင်း ဝိဇ္ဇာ ဘာသာ (ပထဝီ၊ သမိုင်း)၊ တတိယဝိဇ္ဇာတွဲက  မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဘောဂ၊ ပထဝီ၊ သမိုင်း + စုပေါင်း သိပ္ပံဘာသာ (ရူပဓာတုဇီဝ)၊ စတုတ္ထဝိဇ္ဇာတွဲက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ စိတ်ကြိုက်မြန်မာစာ၊ ပထဝီ၊ သမိုင်း+ စုပေါင်းသိပ္ပံဘာသာ (ရူပ၊ ဓာတုဇီဝ)တို့ပါ စာမေးပွဲဖြေ ဘာသာ ၇ ဘာသာပါ။ ဒီဘာသာတွဲ ၄ခုစနစ်ကလည်း ခေတ်နောက်ကျနေပြီမို့ ပြုပြင်သင့်တာပါ။ နိုင်ငံတကာ စံညွှန်းက Foreign Language တစ်ခုခု Programming language digital literacy တို့ရှိရမယ်။

မိဘများက ကလေးကို ဆေးဘက်ဆိုင်ရာတက်ဖို့ လူအများဆုံးယူသောဘာသာတွဲဖြစ်တဲ့ သိပ္ပံဇီဝအတွက် ကျူရှင်က ဆက်လက်လိုနေပါမယ်။ ဇီဝဗေဒမှာ အလွတ်ကျက်မှတ်နေရဦးမယ်ဆိုရင် ကျူရှင်အပြင် စာကျက်ဝိုင်းပါ ထပ်လိုလာပါဦးမယ်။ ဖြစ်သင့်တာက ဘာသာတွဲလေးတွဲအနက် ဘယ်အတွဲယူယူ ကြိုက်တာယူ ဝိဇ္ဇာနဲ့သိပ္ပံရောနှောသင်ထားတာမို့ ဝင်ခွင့်ဖြေရာမှာ ဘယ်ဘာသာတွဲကမဆို ကြိုက်ရာဝင်ခွင့်ကို ဖြေခွင့်ပြုသင့်တာပါ။ ဥပမာ-ဆေးတက္ကသိုလ်တက်ဖို့ ဝိဇ္ဇာ ဘာသာတွဲ ၂ တွဲကလည်း ဖြေခွင့်ပြုသင့်တာပေါ့။ စိတ်ကြိုက်မြန်မာစာ ဝိဇ္ဇာတွဲက ဆေးတက္ကသိုလ်ဝင်ခွင့် ဖြေလိုက ဖြေခွင့်ပြုဖို့ပါ။

အထက်တန်းကျောင်းသုံးစာအုပ် ပြုပြင်ခြင်းမှာ Digital Literacyudk ပေါင်းစပ်ပေးရေး

ကျောင်းသားဗဟိုပြုချဉ်းကပ်နည်းမှာ သင်ခန်းစာကို ဆရာက သင်ကြားနေစဉ်ကျောင်းသားက အင်တာနက်မှာ ရှာရပါမယ်။ ကျောင်းသားရော ဆရာပါ ဖုံးကိုယ်စီနဲ့ အင်တာနက်သုံးတတ်ပြီမို့ Khan Academy လို Website တွေကို ဂူဂယ်ဆာချ်လုပ်ရပါမယ်။ ဆရာနဲ့တပည့်ပြိုင်တူ အင်တာနက်သုံးပြီး အဆင့်မီမီ လေ့လာဖို့ပါ။ G 12 မေးခွန်းပုံစံကို တိကျစွာ မပြောနိုင်သေးပေမယ့် အလွတ်ကျက်စနစ်ကိုဖယ်ထုတ်နိုင်ဖို့ အရင်မေးခွန်းပုံစံအတိုင်း မဟုတ်တော့ဘဲ အတွေးအခေါ်မေးခွန်းတွေကို လေ့ကျင့်ရပါမယ်။ Digital literacy အင်တာနက် သုံးသလောက် သင်ကြားနည်း ခေတ်မီလာနိုင်တာမို့  ဆရာများရဲ့ Digital literacy ကိုမြှင့်ပေးရပါမယ်။

ဘာသာရပ်အခက်အခဲကို ရင်ဆိုင်စဉ်မှာ အင်္ဂလိပ်စာအခက်အခဲမရှိသင့်ပါဘူး။ ရူပ၊ ဓာတု၊ ဇီဝ၊ သင်္ချာတို့မှာသုံးတဲ့ အင်္ဂလိပ်စာဟာ စာကြောင်းတစ်ကြောင်းပြည့်စုံအောင်ရေးဖို့မလိုဘဲ သဒ္ဒါမှန်စရာမလိုဘဲ ဘာသာရပ်ဆိုင်ရာလိုတဲ့ဝေါဟာရ Terms နဲ့ အတို အပြတ်ရေးနည်းနဲ့ ရေးရတာကို ကလေးများသဘောပေါက်ပါက စာကြောင်းတိုင်းကို အလွတ်ကျက်မှတ်ဖို့ မလိုတော့ဘဲ Term ကိုသာ မှတ်ဖို့လိုတာမို့  အင်္ဂလိပ်စာ အခက်အခဲနည်းပါပြီ ။မေးခွန်းမေးရာမှာ နယူတန်နိယာမကိုချရေးပါဆိုတာမျိုး မမေးဖို့တော့လိုတာပေါ့။ မေးမိပါက နောင်တစ်ချိန်မှာ မေးခွန်းထုတ်သူကို အထင်သေးစရာဖြစ်လာနိုင်ပါမယ်။ အကယ်၍ မေးရင်လည်း ကလေးက အရေးကြီးတဲ့ ဘာသာရပ်ဆိုင်ရာဝေါဟာရကို  အင်္ဂလိပ်လိုရေးပြီး ကျန်တာကို သူနားလည်သလို ရေးမယ်။ ဗမာစာကိုကြားညှပ်ရေးချင်လည်း ရေးမယ် ပေါ့။ သင်ရာမှာ ကျောင်းသားဗဟိုပြုသင်သလို မေးခွန်းမှာလည်း ကျောင်းသားအတွက် စီ ၅ လုံး သရုပ်ပေါ်စေနိုင်မယ့်မေးခွန်း ဖြစ်ရပါမယ်။ အလွတ်ကျက်စနစ်မှသည် အတွေးအခေါ်မေးခွန်းသို့ ပြောင်းရပါမယ်။

ကျောင်းသားဗဟိုပြုသင်နည်းမှာ ကျောင်းသားရဲ့တီထွင်ဖန်တီးမှုကို အနှောင့်အယှက်ဖြစ်စေမယ့် အလွတ်ကျက်စနစ်ကို အတတ်နိုင်ဆုံးလျှော့ချရပါမယ်။ ဘယ်ဟာက ကျက်သင့်တယ်၊ ဘယ်ဟာကတော့ မကျက်သင့်ဘူးဆိုတာ ကလေးကိုယ်တိုင်ကပါ ပါဝင် ဆုံးဖြတ်ခွင့်ရှိစေဖို့ပါ။ ကျောင်းသားမှာ စဉ်းစားချိန်များ အလုံအလောက်ရနိုင်ဖို့ စာကြည့်တိုက်မှာ ရှာဖွေဖို့လိုမယ်။ အလယ်တန်းကျောင်းသားအဆင့်ကစပြီး သုတေသနကိုလမ်းစထွင်ဖို့ ကျူရှင်မရှိဖို့ စတာတွေလိုလာပါပြီ။ ဆရာတွေကို Digital Literacy ကျွမ်းကျင်စေဖို့လိုပါပြီ။ အင်တာနက် Website များသုံးတတ် သူဆရာနဲ့ မသုံးတတ်သူကလည်း ဆရာအချင်းချင်း အရည်အချင်းကွာပါမယ်။ 

ဇီဝဗေဒဘာသာကို အလွတ်ကျက်ဘာသာအဖြစ်မှ အတွေးအခေါ် ဦးစားပေးဘာသာအဖြစ် နိုင်ငံတကာသင်ရိုး မေးခွန်းနမူနာတို့နဲ့ ညှိပေးပါ။ သတ္တဗေဒ၊ ရုက္ခဗေဒတို့ထက် လူ့ခန္ဓာဗေဒကို အဓိကထားတဲ့စနစ်ကို စတင်ပြုပြင်ပြီး အလွတ်ကျက်စနစ်ကိုဖျက်ရပါမယ်။ မဖျက်နိုင်သေးပါက ကျက်ရသက်သာအောင် မြန်မာဘာသာနဲ့ပြောင်းသင်ဖို့လိုပါမယ်။ ဘဝ တွက်တာ ကျွမ်းကျင်စရာဘာသာအတွက် ကွန်ပျူတာပရိုဂရမ်ဆွဲဖို့ ပိုင်သွန်ကို စသင့်တာပါ။

ကမ္ဘာကတောင်းဆိုနေတဲ့ Digital Literacy

ကမ္ဘာ့ပညာရေးရဲ့အနာဂတ်ဟာ Digital Literacy ပါလို့ Ramesh Srinivasan, Professor of Information Studies and Director of Digital Cultures Laboratory, University of California, Los Angelis UCLA က ၂၀၂၀ မတ်လ ၃ ရက်နေ့ online www.weform.org/  'Two things that need to change for the future of education' သတင်းမှာ အချက် ၂ ချက် နဲ့ပြောပါတယ်။ တစ်က Technology Education နည်းပညာ ပညာရေးနဲ့ တီထွင်ပြီး ကမ္ဘာကြီးကိုတိုးတက်အောင် ပြုပြင်ပြောင်းလဲရာမှာ  လူသားအကျိုးပြုရေးဖြစ်ရမယ် Human-centered approach toward technology နည်းပညာဟာ လူသားကောင်းကျိုးဆောင်ဖို့ ပြဋ္ဌာန်းချက်ပါ။ ဥပမာ-Video game တွေတီထွင်ဖို့ ကြိုးစားအားထုတ်ကြသလို ethics in video games တွေအတွက် ထားသင့်တဲ့ လူ့ကျင့်ဝတ်ကိုပါ လေ့လာဖို့၊ အလေးပေး တန်ဖိုးထားဖို့ပါ။ လူကိုအကျိုးပြုဖို့နဲ့ အနည်းဆုံးဒုက္ခမပေးမိစေဖို့က ပညာရှင်တို့ နာခံရမယ့်ကျင့်ဝတ်ပါ။

နှစ်နံပါတ်က အခြေခံနဲ့အဆင့်မြင့်ပညာရေးမှာ ကျောင်းသားကိုရော ဆရာများကိုပါ Digital Literacy ကို ပြိုင်တူစသင်ဖို့ပါ ကျောင်းသားက ဆရာထက်ပိုပြီး သင်လွယ်တတ်လွယ် ရှေ့ရောက်လွယ်ပါမယ်။ Literacy ဟာ ရှေးခေတ်အယူမှာ အရေးအဖတ် Writing Reading ပါ။ ဒီနေ့ခေတ်မှာ Analyze Create  ခွဲခြမ်းစိတ်ဖြာ လေ့လာဆန်းစစ်နဲ့ တီထွင်ဖန်တီးမှုပါတဲ့ ရှေးတုန်းက စာအုပ်စာပေစာတမ်းကို ရေးဖတ် စာတတ်တာနဲ့အမျှ ခံစားတွေးခေါ် စသည်တို့ရှိခဲ့တယ်။ ခုခေတ်မှာ ကျယ်ပြန့်လာတယ်။ ရေးသူ၊ ရည်ရွယ်ချက်၊ နောက်ကွယ်က Behind it အချက်အလက်၊ ယူဆချက် Assumption အလားတူအချက်တွေက ဘာတွေလဲ၊ ဘယ်မှာရှာနိုင်သေးလဲ စတာတွေကို စာအုပ် ဝတ္ထုတို မဂ္ဂဇင်း ဆောင်းပါး စသည်တို့ကို ကြည့်ရာမှာ ဒီနေ့ခေတ်က ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ပါ။ ရည်ရွယ်ချက်က အမှန်တရားကို ချဉ်းကပ်ဖို့ပါ။ ပိုကောင်းအောင် ပြည့်စုံအောင် ရှာဖွေ၊ နှိုင်းယှဉ်၊ ဖြည့်စွက် နိုင်ပါမယ်။ တီထွင်ဖန်တီးနိုင်ပါတော့တယ်။ ဒီအတွက် အင်တာနက်က အဓိကပါ။

Digital Literacy မှာရှိသင့်တဲ့ လိုအပ်ချက်များ

Digital Literacy မှာ Computer literacy and information literacy ၂ မျိုးရှိတာပါ။ ကွန်ပျူတာကို သာမန်သုံး အပျော်သုံးသူ Comfort level user ဟာ ဖေစ့်ဘွတ်ခ်သုံး ဂူဂယ်သုံးအဆင့်ပါ။ ဒါ့ထက်ပိုပြီး ကွန်ပျူတာ အလုပ်လုပ်ပုံ Work and operate ကို လေ့လာသင်တန်းတက်ရပါမယ်။Orogramming ပိုင်သွန်ကို ဆရာတိုင်း မဖြစ်မနေ Train သင်ပေးပြီး Computer literacy ကို လေ့လာ ရမယ်။ Information literacy မှာ ဒီခေတ်ကို Increasingly complex information society ကြီးထွားရှုပ်ထွေးတဲ့ သတင်းအချက်အလက် လူ့ဘောင်လို့သတ်မှတ်ပါပြီ။  Information သတင်းအချက်အလက်ဟာ အခြေခံလူ့အခွင့်အရေး ဖြစ်လာပါတယ်။ Library literacy စာကြည့်တိုက်ပညာ အခြေခံရှိရပါမယ်။

နိဂုံး

ကလေးတွေကို မျက်စိမပိတ်၊ ဖိအားမပေး၊ ချုပ်မထားဘဲ လွတ်လပ်ပွင့်လင်းစွာ အချက်အလက်ရနိုင်ဖို့ Open universe of information သတင်းအချက်အလက်တွေကို အဓိကပေးတာဟာ အင်တာနက်ပါ။ Masquerade မလိုချင်တာ မဖြစ်ချင်တာကို ဖုံးကွယ်ပြီး လိုချင်တာကို ဇောင်းပေးအသားပေးတဲ့ Propaganda ဝါဒဖြန့်တာတွေဟာ ခေတ်ကုန်ပြီ။ သဘာဝတရား သစ္စာတရားနဲ့ နီးစပ်လာမယ် ရိုးသားစွာ အမှန်နဲ့ အသိပညာဗဟုသုတ Truth and knowledge ကိုပေးပြီး ပျိုးထောင်ဖို့ပါ။ Digital Literacy ခေတ်မှာ အင်တာနက်ဟာ လူတိုင်းကို လွတ်လပ်စွာစိတ်ဝင်စားရာကို လုပ်ခွင့်ပေးတာပါ။ ကိုယ်ကလည်း မညံ့သလိုသူတော်တာကိုလည်း အသိ အမှတ်ပြုလာတာပါ။ ယှဉ်ပြိုင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းက ပိုအရေးကြီးလာပြီး အုပ်စုဖွဲ့လုပ်တတ်လာပါမယ်။ ကလေးတွေဟာ အလွတ်ကျက်စရာမလိုတော့ပါဘူး။ အမှတ်အများဆုံးရဖို့ မလိုတော့ပါဘူး။ ကျူရှင်တက်ဖို့မလိုတော့ပါဖူး။ ပင်ကိုအတိုင်း ပွင့်လင်း ရိုးသား ထက်မြက်သွက်လက်လာရပါမယ်။ အမြင်ကျယ် သဘောထားကြီးလာပါမှသာ (၁) ပူးပေါင်းဆောင်ရွက် (၂)ဆက် သွယ်ပြောဆိုနိုင်ပြီး (၃) စဉ်းစားဝေဖန် (၄) တီထွင်ဖန်တီး နိုင်လာပါမယ်။ ဒီနည်းနဲ့ (၅) နိုင်ငံသားကောင်းဆိုတဲ့ ပညာရေးရည်မှန်းချက် စီ ၅ လုံးကို တစ်ဆင့်စီ ဖြည့်ဆည်း နိုင်ပါတယ် ။

အမေရိကန်ကျန်းမာရေးဝန်ကြီးရဲ့ ကြေညာချက်မှာ COVID-19 မှာ လူငယ်တွေဟာ ငြိမ်နေဖို့ ခြေချုပ်ချတာကို မလိုက်နာဘဲ အပြင်ထွက်လျှောက်သွားတာက ရောဂါပျံ့နှံ့ခြင်းအကြောင်းတစ်ခုဖြစ်ကြောင်းပြောဖူးတယ်။ ကမ္ဘာ့တက္ကသိုလ်ကြီးများနဲ့ ပညာရေးဆိုင်ရာအဖွဲ့များဟာ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အဆင့်ဆင့်အလိုက် ဘာသာရပ်မျိုးစုံကို  Online courses  အခမဲ့သင်ယူခွင့်ကို အခုလို ချေချုပ်ရက်ပိုင်းမှာ ခွင့်ပြုလိုက်ပါတယ်။ အလွန်ဈေးကြီးတဲ့ သင်ခွင့်ကို အခုလို အခမဲ့အခွင့်အရေးရချိန်မှာ ကျောင်းသားရော ဆရာတို့ပါ လက်လွတ်မခံဘဲ အသုံးချသင့်ကြောင်း တင်ပြပါတယ်၊ 

တင်ဝင်းသိန်း (77RIT)၊ 
အောင်ကျော်စိုး(80RIT)