News

POST TYPE

EDUCATION

စာမေးပွဲအောင်ဖို့ထက် တတ်မြောက်ကျွမ်းကျင်ဖို့ စဉ်းစားပါ
19-Mar-2020


တစ်နေ့က ကျောင်းသားမိဘတစ်ဦးနှင့် တွေ့သည်။ ကျောင်းတွင်း စာမေးပွဲများပြီးပြီမို့ စိတ်အေးသွားသော်လည်း စိတ်ကတထင့်ထင့် ဖြစ်နေရသေးသည်ဟုဆိုလာသည်။ အကြောင်းမှာ ကျောင်းတွင်းစာမေးပွဲများတွင် အကျအရှုံးရှိသည် ဟူသောသတင်းကြောင့်ဟုဆိုသည်။

စာရေးသူ သိသလောက်ပြောရလျှင် အကျအရှုံးစာရင်းမရှိဟုပင်သိသည်။ ထို့ကြောင့်လည်း 'မအောင်မရှိ ငါ့တပည့်' ဆိုသည့်စကား တွင်ကျယ်လာခြင်းပင် ဖြစ်သည်။ သို့သော်မိဘက ဆိုလာပြန်သည်။ အခုစစ်ပြီးတဲ့ (၉) တန်းတွေ တော်တော်ကျတယ်ဆရာတဲ့။ ဖြစ်နိုင်သည်။ အနှီမိဘသည် ဆရာ၊ ဆရာမများနှင့် ခင်မင်ရင်းနှီးသူဖြစ်သည်။ သို့အတွက် သိလာခြင်းဖြစ်ပေမည်။ စာမေးပွဲကိစ္စဆိုသည်မှာ ကျောင်းတွင်း စစ်ဖြစ်စေ၊ အစိုးရစစ်ဖြစ်စေ လျှို့ဝှက်ထားနိုင်လျှင်တော့ ကောင်းပါသည်။ အချို့ဆိုလျှင် အမှတ်စာရင်းများ အထိပင်သိနေတတ်ကြသည်။ ဆိုရလျှင် အမှတ်သည် ကျောင်းသား၊ ကျောင်းသူများကို အသိပေးစရာပင်မလို။ အဆင့် A , B , C နှင့် D ဟူ၍သာ ဖော်ပြရမည်ဖြစ်သည်။

ဤသို့ဖော်ပြရခြင်းမှာ အမှတ်ယှဉ်ပြိုင်ခြင်းကို လျှော့ချရန်ဖြစ်သည်။ သို့သော်လည်း အမှတ်စာရင်းများ ပေါက်ကြားနေသည်သာဖြစ်သည်။ မိဘများ၏ ယှဉ်ပြိုင်လိုစိတ်ကို ပညာပေးနိုင်ဖို့လိုသည်။ စင်စစ် မိဘများအနေနှင့် အမှတ်ယှဉ်ပြိုင်ခြင်းထက် မိမိတို့၏ သား၊ သမီးများအနေနှင့် သင်ကြားပြသလိုက်သည်ကို နားလည်ဖို့နှင့် ကျွမ်းကျင်စွာတတ်မြောက်ဖို့ပင် ဖြစ်သည်။ သို့မှသာ မိမိတို့ သား၊ သမီးများသည် နောင်နှစ်တွင် အတန်းသစ်တက်သည့်အခါ လိုက်နိုင်မည်ဖြစ်သည်။

ဆိုလိုသည်မှာ အတန်းတစ်တန်းတွင် မိမိတို့ သား၊ သမီး အောင်မြင်သည်ဆိုရုံဖြင့် မကျေနပ်သင့်ပါ။ တတ်မြောက်ကျွမ်းကျင်မှု ပါမလာခဲ့လျှင် အတန်းသစ်တွင် ထူးချွန်နိုင်ဖို့ ခက်ခဲနေတတ်သောကြောင့်ပင်ဖြစ်သည်။ သို့ဖြစ်၍ ကျောင်းသွားသည်၊ ကျူရှင်ထားသည်၊ ဂိုက်ထားသည် ဆိုရုံကာမျှဖြင့် စာမတတ်နိုင်ပါ။ စာသင်ကြားရခြင်းကို အဓိပ္ပာယ်ရှိအောင် မိဘများက စနစ်တကျပါဝင် ပူးပေါင်းဖို့လိုပါသည်။

ဆိုရလျှင် စာမေးပွဲ မအောင်မည်ကို မကြောက်ပါနှင့်။ လက်ရှိစစ်ဆေးပြီး စာရင်းတွင် ကျရှုံးအဆင့် ဖြစ်နေသူများလည်း အောင်စာရင်းတွင် ပါလာမည်ဖြစ်သည်။ ယခင်ကကဲ့သို့ ကျရှုံးသူများကို ကုစားစနစ်ဖြင့် ပြန်လည်ဖြေဆို ရမည်မဟုတ်ပါ။ မြန်မာနိုင်ငံ စာစစ်အဖွဲ့က အောက်ပါအတိုင်း ကြေညာချက်ထုတ်ပြန် ပြီးဖြစ်သည်။

"စတုတ္ထတန်းနှင့် အဋ္ဌမတန်းအပါအဝင် အခြေခံပညာတန်းများ၏ စာမေးပွဲအောင်စာရင်းကို ဧပြီလ ၂၆ ရက်နေ့တွင် ကြေညာရမည်ဖြစ်သည်။ ယင်းကြေညာချက်တွင် ခုံအမှတ်၊ အမည်၊ အဘ အမည် တို့သာ ဖော်ပြရန်ဖြစ်သည်။ (ဂုဏ်ထူးရဘာသာ များဖော်ပြလိမ့်မည် မဟုတ်ပါ)။ ယင်းသို့ ထုတ်ပြန်ရာတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကဲ့သို့ အတန်းကူးပြောင်းစာရင်းဟု ထုတ်ပြန်ရန်မလိုဘဲ အောင်စာရင်းဟုသာ ထုတ်ပြန်ရမည်ဖြစ်သည်။

ယင်းသို့ စတုတ္ထတန်း၊ အဋ္ဌမတန်း အောင်/ ရှုံး ကို နှစ်ဆုံးစာမေးပွဲရလဒ်တစ်ခုတည်းဖြင့် ဆုံးဖြတ်မည်မဟုတ်ပါ။ အခန်းဆုံးစာမေးပွဲ၊ ပထမနှစ်ဝက်စာမေးပွဲနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်မှုရလဒ်ဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။

ဆိုလိုသည်မှာ နှစ်ဆုံးစာမေးပွဲရလဒ်ကို ဘာသာရပ်တစ်ခုချင်းစီအလိုက် ရမှတ် ၈၀ မှ ၁၀ဝ အထိကို (A) အဆင့်၊ ရမှတ် ၆၀ မှ ၇၉ အထိကို (B) အဆင့်၊ ရမှတ် ၄၀ မှ ၅၉ အထိကို (C) အဆင့်၊ ရမှတ် ၃၉ အောက်ကို (D) အဆင့် (ကျ/ရှုံး) အဆင့် သတ်မှတ်မည်ဖြစ်သည်။

သို့သော် နှစ်ဆုံးစာမေးပွဲတွင် ဘာသာရပ် တစ်ခု၌ အဆင့် (D) ရနေပါက အခန်းဆုံးစစ်ဆေးမှု Chapter End Test (CET) သို့မဟုတ် ပထမနှစ်ဝက် စာမေးပွဲတွင် ထိုဘာသာရပ်၌ (A) , (B) , (C) အဆင့် တစ်ခုခုရထားပါက ထိုဘာသာရပ်၏ နှစ်ဆုံးစာမေးပွဲ ရလဒ်ကို (D) မှ (C) သို့ ပြင်ဆင်ပေးမည်ဖြစ်သည်။ ထိုစာမေးပွဲရလဒ်ဖြင့် ဖြည့်ဆည်းသော်လည်း (D) အဆင့်ရဘာသာရပ် ကျန်ရှိနေသေးလျှင် တစ်နှစ်ပတ်လုံး ကျောင်းလုပ်ငန်းဆောင်ရွက်မှု (CPR) ရလဒ်ဖြင့် (C) အဆင့်သို့ ပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။ (မတ်လ ၈ ရက် 7 Day News)

ထို့ကြောင့် မိဘများ စာမေးပွဲများနှင့်ပတ်သက်၍ စိတ်ပူစရာမရှိတော့ပါ။ စာမေးပွဲကို ဝင်ရောက်ဖြေဆိုမိရန်သာ အရေးကြီးသည်။ အောင်စာရင်းထွက်ချိန်တွင် တစ်နည်းနည်းဖြင့် အောင်မြင်နိုင်မည်ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ မိမိ၏ကလေးသည် တက် ရောက်သင်ကြားနေသည့် အတန်းအတွက် မှန်မှန်ကန်ကန် သင်ကြားတတ်မြောက်ရန်ပင်ဖြစ်သည်။ ယခု မိဘများအနေနှင့် မိမိတို့ သား၊ သမီးများအပေါ် ထားရှိသည့်သဘောထားကိုလေ့လာကြည့်လျှင် ပြောင်းလဲလာခြင်းမရှိသေးချေ။ ကလေးများစာမေးပွဲတစ်ခုပြီးသည်နှင့်  လွတ်လပ်ခွင့်ပေးရန် အများစုစဉ်းစားမထားကြပါ။ စဉ်းစားသော မိဘရှိသော်လည်း နည်းလှပါသည်။ အတန်းကြီးတက်ရမည့် ကလေးဆိုလျှင် ပို၍ပင်ဆိုးပါသေးသည်။ စင်စစ် ကလေးအများစုမှာ ဤကဲ့သို့သော မိဘများ၏စီစဉ်မှုကို မနှစ်သက်တတ်ကြပါ။ မိဘများ၏လောဘကြီးမှုကို ငြင်းပယ်နိုင်စွမ်းမရှိသောကြောင့်သာ လက်ခံနေကြရလေသည်။ မိဘအများစုမှာ ကျူရှင်ကို အားကိုးကြပါသည်။ အပြိုင်အဆိုင်ထားခြင်းကိုလည်း ဂုဏ်ယူလေ့ရှိပါသည်။မိဘများသည် ဘာသာရပ်တစ်ခုအတွက် ၄၅ မိနစ် သင်လျှင်မတတ်ဟုထင်သည်။ တစ်ချိန်လျှင် ၂ နာရီ (သို့) ၃ နာရီဆက်တိုက်သင်လျှင် တတ်သည်ဟု ထင်သည်။ ထိုသို့ သင်သည့် ကျူရှင်ကို သဘောကျသည်။ ကျောင်းမှ ဆရာ၊ ဆရာမ ငေါက်လျှင်ပင် ရုံးကနား ရောက်သည်။ ကျူရှင်က ဆရာက ကြိမ်နှင့်ရိုက်သည်။ တစ်ချိန်လုံး ငေါက်ငမ်းကြိမ်းမောင်းနေလျှင် ရေငုံနှုတ်ပိတ်နေကြသည်။ ရိုက်တိုင်းစာတတ်မည်၊ အကြောက်တရားဖြင့် သင်မှ စည်းကမ်းရှိမည်၊ အချိန်များ များသင်မှ ကောင်းသည်ဆိုသည့် အယူအဆများသည် ယနေ့ကဲ့သို့သော နည်းပညာတိုးတက်သော ခေတ်တွင် လွန်စွာမှခေတ်မမီတော့ပေ။ ထို့အတူ ကလေးများ၏လက်ခံနိုင်စွမ်းကို ထည့်မတွက်ဘဲ အချိန်များစွာ ဆက်တိုက်သင်ကြားနေသည်ကိုလည်း သဘောကျနေဆဲ ဖြစ်သည်။ နွေရာသီတွင် လုံးဝနားခွင့်မပေးဘဲ ဆက်တိုက်သင်ယူစေသော မိဘများလည်း ရှိနေဆဲဖြစ်သည်။ ယင်း သဘောတရားများသည် မြန်မာနိုင်ငံ ပညာရေးစနစ်တွင် မတွန်းလှန်နိုင်သေးပေ။ စာရေးသူ၏မိတ်ဆွေတစ်ဦးကမူ ထူးခြားသူဟုဆိုနိုင်ပါသည်။ အကြောင်းမှာ ၎င်း၏ သား၊ သမီးများအားလုံး နွေရာသီတွင်  လုံးဝ လွတ်လပ်ရေးရခြင်းပင်ဖြစ်သည်။ သား၊ သမီးများ စိတ်ဝင်စားသော သင်တန်းမျိုးစုံတက်ခြင်းဖြင့်သာလျှင် နွေရာသီကို ကုန်ဆုံးကြသည်သာဖြစ်သည်။ သား၊ သမီးအားလုံးထူးချွန်ကြသည်ကိုလည်းတွေ့ရသည်။ မိဘများရဲရဲဝံ့ဝံ့ အတုယူအားကျစေလိုပါသည်။

ယခုကျင့်သုံးနေသော ပညာရေးစနစ်သည် ကျောင်းသား၊ ဆရာ၊ မိဘဟူသော ပညာရေးတြိဂံ မဟုတ်တော့သည်ကိုလည်း မသိရှိကြသေးပေ။ ကျောင်းသား၊ ဆရာ၊ မိဘ၊ အရပ်ဘက်အဖွဲ့အစည်းများ(CSOS)၊ အင်ဂျီအိုများ (NGOS) နှင့်အစိုးရတို့ ပူးပေါင်းပါဝင်ရမည့် ဆဋ္ဌဂံပညာရေးဖြစ်သည်။

သို့ဖြစ်၍ မိမိတို့ သား၊ သမီးများ၏ ပညာရည် တိုးတက်မြင့်မားရေးတွင် ပူးပေါင်းပါဝင်လာသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်မိရန် လိုပါသည်။ အထူးသဖြင့် မိဘများ၏ Mind Set များပြင်ရန် လိုနေပါသည်။ 

ချုပ်၍ဆိုရလျှင် ပညာရေးတြိဂံမှ ဆဋ္ဌဂံသို့ ပြောင်းလဲရမည့် သဘောတရားကို နားလည်ဖို့လိုနေပါသည်။ ဆရာ၊ မိဘတစ်ဦးတည်း တစ်လမ်းသွား ပညာရေးမျိုးဖြင့် ကလေးများ၏ပညာရည် တိုးတက်လာရန် လိုအပ်ချက်များစွာ ရှိနေနိုင်ပါသေးသည်။ကလေးများ၏ ပညာရေးကို ပူးပေါင်းပါဝင် ဖြည့်ဆည်းပေးနိုင်မှုကို  ပွင့်လင်းမြင်သာမှုရှိရှိ ထိထိမိမိ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးနိုင်ရမည်သာဖြစ်ပါကြောင်း ။  ။

ခင်မောင်ဌေး (ပညာရေး)