News

POST TYPE

EDUCATION

ပညာရေး အကျဉ်းစံများနှင့် ကျူရှင်နာ
12-Mar-2020


“သားသား ထတော့ ၆ နာရီထိုးပြီ”

အမေဖြစ်သူက သားဖြစ်သူကို နှိုးနေတာ။ သားက အင်းအဲမလှုပ်။ ထပ်၍ ချော့ချော့မော့မော့ နှိုးနေပြန်သည်။ ယခုလ (၄-၅-၆) ၃-ရက် ဆက်တိုက် ကျောင်းတွင်း စာမေးပွဲဖြေရသည်။ ကျောင်းစစ် ၉ တန်းဆိုပေမယ့် မိခင်တို့ ထုံးစံအတိုင်း အဆင့် (A) လိုချင်ပြန်သည်။ စာမေးပွဲရက်တွင် မနက် ၇ နာရီမှ ၁၂ နာရီအတွင်း နှစ်ဘာသာဖြေရသည်။ တစ်ဘာသာကို နှစ်နာရီနှင့် ၄ နာရီဆက်တိုက်နီးပါး ဖြေလိုက်ရသည်။ တစ်နှစ်လုံးအတွက် အကဲဖြတ်မှု။

စာမေးပွဲပြီး၍ ၇ ရက်နေ့ တစ်ရက်နားသည်။ ၈ ရက်နေ့ မနက် ၆ နာရီတွင် ပြန်နှိုးပြန်သည်။ အကြောင်းမှာ ၁၀ တန်း (သင်ရိုးဟောင်း) ကျူရှင်တက်ရန် ဖြစ်သည်။ သို့ဖြစ်၍ မနားရသေးဘဲ ကျူရှင်တက်ခိုင်းသည့် အမိကို အတွန့်တက်ပြနေသည့်သား။ ကျူရှင်အတူတက်မည့် သူငယ်ချင်းရောက်လာ၍ မလိုက်ချင်ဘဲ လိုက်သွားရ၏။ နောက်ဆုံး အမိကိုယ်တိုင် လိုက်ပို့ရလေတော့သည်။ ဤမြင်ကွင်းကို ကြည့်၍ အဘိုးဖြစ်သူမှာ ခေါင်းခါနေရုံမှအပ မတတ်နိုင်။

နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သင်သည်။ နှစ်ဘာသာသင်သည်ဟု ဆိုသည်။ ခေတ္တနားချိန်ကို နုတ်လျှင်ပင် တစ်ဘာသာကို နှစ်နာရီကျော်ကျော်သင်ကြောင်း သိရ၏။ ၁၂ နာရီခွဲမှ မြေးတော်လေးအိမ်ပေါ်ရောက်လာသည်။ မျက်ဝန်းအစုံကလည်း မျက်ရည်ပိုးပိုးပေါက်ပေါက်။ ဟဲ့ လုပ်ကြဦး ဘယ်လိုလဲ မေးကြဦး “မြေးဦးလေးက အတော်နဲ့စကားမပြော။ သူ့အမေကလည်း ပျာပျာသလဲ။ အတော်ကြာမှ စာမေးပွဲပြီးတာ တစ်ရက်ပဲရှိသေးတယ်။ နားတောင်မနားရသေးဘူး အချိန်အကြာကြီး သင်ရတယ်။ အမေတို့ စဉ်းစားကြည့်ဦး”

အမေဖြစ်သူက “ငါ့သားတဲ့ ၁၀ တန်းဆိုတာ ပေါ့ပေါ့နဲ့ မအောင်ဘူး။ တချို့ဆို ကြိုတောင်သင်ကြတာလေ” သားဖြစ်သူက မျက်ရည်ကျရင်း “သားကို တစ်ပတ်လောက်တောင် နားခွင့်မရဘူး။ သင်ခန်းစာတွေကို ချက်ချင်းသင်ရတယ်။ အမေတို့က သူများကျူရှင်ဆိုတာနဲ့ ကျူရှင်တာပဲ။ ကျောင်းသားက ၅၀၊ ၆၀ လောက်ရှိတယ်။ ဘာသင်နေမှန်းတောင်မသိဘူး။ သင်ခန်းစာတစ်ပုဒ်ကို နှစ်ခေါက်ဖတ်ခိုင်းတယ်။ ပြီးပြီတဲ့။ နောက်တစ်ပုဒ်တဲ့။ ဘယ်လိုတတ်မှာလဲ” အမေဖြစ်သူက ...

“ဒါအစမို့ပါ သားရယ်၊ တခြားကျောင်းသားတွေလည်း ဒီလိုပဲ တက်နေကြတာလေ။ တခြားကျောင်းသားတွေလည်း သားလိုပဲ မတက်ချင်ဘဲ တက်နေကြတာ အမေသိလား။ သား ကျောင်းဖွင့်မှပဲ တက်ချင်တယ်”

သားအမိနှစ်ယောက် မြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချမိသည်။ ကြားထဲက ဝင်ပြီးအဖြေတစ်ခု ပေးလိုက်ရသည်။ “ကဲသား သားမတက်ချင်ဘူးဆိုတာသိပြီ။ ဒါပေမဲ့ ကျူရှင်လခက ကြိုသွင်းထားရတာ။ ဒီတစ်လတော့ တက်ပေးပါ။ ကြားထဲမှာ ပိတ်ရက်တွေလည်း ပေးထားတာဆိုတော့ ဒီတစ်လပြီးရင် နားမယ်။ ကျောင်းဖွင့်တဲ့ မေလ (အစိုးရ ကျောင်းများက ဇွန်လ) မှ သားကြိုက်တဲ့ဆီ ပို့ပေးမယ်။ ယင်းကဲ့သို့ ကတိပေးလိုက်မှ ထမင်းစားသည်။ ညနေ ၃ နာရီမှ ၆ နာရီခွဲထိ တက်ရဦးမည်ဆိုသည်။ သူငယ်ချင်းရောက်လာ၍ မလိုက်ချင်လိုက်ချင်နှင့် လိုက်သွားပြန်တော့သည်။

ယင်းအဖြစ်အပျက်သည် ယနေ့မြန်မာ့ပညာရေးတွင် စူးစူးနစ်နစ်ဝင်နေသော အယူအဆပင်ဖြစ်သည်။ နိုင်ငံတော်က ကျောင်းများကို ဇွန်လ ၁ ရက်တွင် ဖွင့်ရမည်ဟုဆိုသည်။ အစိုးရကျောင်းများက လိုက်နာသည်။ ပုဂ္ဂလိကကျောင်းများကမူ မေလဆန်းကပင် စကြသည်။ အကြောင်းပြချက်မှာ ကျောင်းစောစောဖွင့်မှ ကျောင်းသားရမည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။

အစိုးရကျောင်းနှင့် ပုဂ္ဂလိကကျောင်းများထက် လက်ဦးမှုရနေသည်မှာ တရားမဝင်ကျူရှင်များနှင့် တရားဝင်ဘာသာရပ်သင်ကိုယ်ပိုင်သန်တန်းများပင်ဖြစ်သည်။ တရားမဝင်ကျူရှင်များ၊ ဝိုင်းတန်းများကို မည်သို့မျှ မဟန့်တားနိုင်သကဲ့သို့ တရားဝင် သင်တန်းများကိုလည်း လက်ပိုက်ကြည့်နေရသည့် အခြေအနေပင်ဖြစ်သည်။

ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းများတွင် အစိုးရခွင့်ပြုသည်မှာ ဘာသာရပ် ၃ ခုသာဖြစ်သည်။ သို့သော် ဘာသာစုံသင်နေကြသည်။ ရှိစေတော့။ အစိုးရက တရားဝင်ပြဋ္ဌာန်းထားသည့် သင်ရိုးများ မထွက်ခင်ကပင် သင်နေကြသည်။ ထားဦး။ အဆိုးဝါးဆုံးအချက်မှာ တရားဝင်ကျူရှင်များအတွက် မည်သည့်လတွင် စဖွင့်ရမည်ဆိုသည့် ဥပဒေကန့်သတ်ချက်မရှိ။ ဖွင့်ချင်သလို ဖွင့်နေကြသည်။ သို့ဖြစ်၍ ယနေ့ ကျောင်းတွင်းစာမေးပွဲများ ပြီးသည်နှင့် နောက်ရက်တွင် သင်တန်းစကြသည်။ အကဲပိုသော ဆန်းဆန်းတင့်မေမေများက အများသား။ ယင်းမိဘများကို တုပကာ ကျန် မဆန်းမတင့်သော မိဘများကလည်း လိုက်၍ အပ်ကြသည်။ မြေစာပင်က ကလေးများ။

စာရေးသူတို့ ငယ်စဉ်ကဘဝကို တမ်းတမိသည်။ နွေရာသီ ၃ လသည် အိမ်တွင် အပြည့်အဝ နားရသည်။ ယခုကဲ့သို့ အတတ်ပညာမျိုးစုံ၊ သင်တန်းမျိုးစုံမရှိ၊ ကာတွန်းစာအုပ် ဖတ်ကြသည်။ စကားထာ ဝှက်တမ်း၊ ဇယ်တောက်တမ်းကစားကြသည်။ ညအခါ လသာသာတွင် ကျား၊ မ မခွဲ ထုပ်ဆီးတမ်း ကစားကြသည်။ ရွှေစွန်ညိုကစားကြသည်။ ဆိုရလျှင် ကလေးဘဝသည် ပျော်ရွှင်စရာ အတိဖြစ်ခဲ့သည်။ စာရေးသူတို့ငယ်စဉ်ကဆိုလျှင် တစ်နွေလုံးပျော်ပါး၍ဝမှ ကျောင်းကဖွင့်သည်။ ဇွန်လတွင် ကျောင်းတက်ရမှာမို့ စိတ်ဓာတ်ခွန်အားများ ပြည့်ဖြိုးလန်းဆန်းလျက်ရှိသည်။ ဇွန်လတွင် ကျောင်းဖွင့်၍ ပညာသင်ကာလဆုံးအထိ သင်ကြားပြီးနောက် ထူးချွန် ထက်မြက်သူများ ထူးခြားစွာပေါများသည်ကိုလည်း တွေ့ရသည်။ ထိုခေတ်က ကျောင်းသား/သူတိုင်း အလွန်ထူးချွန်ကြပါသည်။ (ယခုဆိုလျှင် အသက် ၅၀- ၆၀ တန်းများပင်ဖြစ်သည်) စိတ်ဓာတ်ဖွံ့ဖြိုးမှု လွတ်လပ်မှုမရှိသော ကလေးများ၏ ပညာသင်နှစ်သည် ပင်ပန်းငြီးငွေ့ဖွယ်ရာများသာဖြစ်သည်။ ကလေးများ၏ သင်ယူနိုင်စွမ်း လက်ခံနိုင်စွမ်းကိုလည်း ထည့်မတွက်ကြတော့ပေ။ ဆရာဖြစ်သင်တန်းများတွင် ကလေးများ၏ စိတ်နေသဘာဝ (Child Psychology) ကို ဘာသာရပ်တစ်ခုအဖြစ် သင်ရသော်လည်း လူကြီးများထည့်သွင်းစဉ်းစားကြဟန် မတူ။ အောက်ခြေကလည်း ပြုပြင်ပြောင်းလဲမှုမရှိ ပုံစံခွက်ထဲက ကြိုးနီဖြင့် ချည်နှောင်ထားသည့် Mind Set များ မပြောင်းနိုင်သေးချေ။ ရင်လေးဖွယ်ကောင်းလေစွ။

ယခုခေတ်ကလေးများ ဘဝကား ပညာရေး အကျဉ်းသားများနှင့် တူသည်။ ကျောင်းပြီးသည်နှင့် ကျောင်း။ ကျူရှင်ပြီးသည်နှင့် ကျူရှင်။ အချို့ကျူရှင်များ ည ၁၀ နာရီခွဲအထိ။ ကျောင်းဖွင့်လျှင် ကျူရှင်နှင့်ဆက်သွားတော့သည်။ ကလေးအတွက် ကိုယ်ပိုင် လွတ်လပ်ချိန် နည်းလွန်းလှသည်။

ယနေ့ခေတ်သည် စာရေးသူတို့ခေတ်နှင့် မတူ။ တတ်သိကျွမ်းကျင်စရာများလှသည်။ သင်တန်းပေါင်းစုံ ရှိသည်။ ကျောင်းက သင်ကြားမပေးလိုက်နိုင်သည့် ကျွမ်းကျင်မှုများကို ကျောင်းပြင်ပတွင် ရှာကြရသည်။ အမြော်အမြင်ကြီးသော မိဘများက စွန့်စားကြသည်။ အမြော်အမြင်နည်းသော မိဘများက အောင်မှတ်ကောင်းရေး၊ ဂုဏ်ထူးထွက်ရေးအဆင့်ကိုသာ မြော်မြင်တတ်ကြသည်။ သို့ဖြစ်၍ နွေရာသီသည် ကျောင်းသားအများစုအတွက် အားလပ်ရက်မဟုတ်။ ထပ်တိုးထောင်ဒဏ်ကျသည်နှင့် တူနေတော့၏။

ယနေ့ အစိုးရက အကောင်အထည်ဖော်နေသည့် ပညာရေးစနစ်သစ်သည် ကျူရှင်လျော့ကျရေးကို ဦးတည်သည်။ ကျောင်းများတွင် သတ်မှတ်သင်ရိုးကို မှန်ကန်သည့် သင်ပြနည်း၊ စနစ်ဖြင့် သင်ယူခြင်းဖြင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးရင့်သန်စေမှုကို ရည်သန်သော စနစ်ဖြစ်သည်။ သို့ဖြစ်၍ စနစ်သစ်ပညာရေး အောင်မြင်ရန် အခရာအကျဆုံးမှာ ဆရာ၊ ဆရာမများပင်ဖြစ်သည်။ ထိုဆရာ၊ ဆရာမများက သင်ရိုးဟောင်း၊ သင်နည်းဟောင်းကို စွန့်ပယ်ကာ စနစ်သစ် သင်ရိုးသစ်သင်ကြားနည်းဖြင့် သင်ကြားနိုင်ရန်လိုသည်။

မိမိတို့ ကျောင်းသားများများရရှိရေးအတွက် ကျောင်းများ စောနိုင်သရွေ့စောဖွင့်ခြင်း၊ နွေရာသီမနားဘဲ ကျူရှင်များ သောသောညံအောင် ဖွင့်နေခြင်း၊ သင်ရိုးသစ်သင်ကြားနည်းစနစ်များမရှိဘဲ ဆောလျင်စွာ သင်ကြားနေကြခြင်းများသည် နိုင်ငံတော်က အကောင်အထည်ဖော်နေသည့် စနစ်သစ်ပညာသင်ကြားရေးစနစ်ကို များစွာဟန့်တားနေသည်သာ ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေနှင့် ကျောင်းသားများ၏ ပညာသင်ယူလိုစိတ်၊ နွေရာသီတွင် ကျောင်းပြင်ပ ပညာရှာဖွေဆည်းပူးခွင့် စသည်တို့ကို ထည့်သွင်းစဉ်းစားသင့်သည်။ ကျောင်းသား/သူများအတွက် နွေရာသီတွင် အပူအပင်အကြောင့် အကြကင်းစွာ လွတ်လပ်ခွင့်ပေးစေလိုသည်။ သတ်မှတ်ပြဋ္ဌာန်းသင့်သည့် ဥပဒေများကို တိတိကျကျ ပြဋ္ဌာန်းသင့်သည်။ ယခုကဲ့သို့ရေးသားနေရခြင်းမှာ မည်သူတို့၏ အကျိုးစီးပွားကိုမျှ ထိပါးစေလိုစိတ် အလျှင်းမရှိပါ။ မြေးကလေးအပါအဝင် ကလေးများကြုံတွေ့နေရသည့်အခြေအနေကို ကိုယ်ချင်းစာမိသောကြောင့်ဖြစ်သည်။ သားအမိပြောဆိုနေသည့် စကားများကို ဆက်လက်ဖတ်ကြည့်စေလိုပါသည်။ သားဖြစ်သူက သူ့အမေပြောသမျှ ပြန်ပြောနေသည်။

“အမေတို့ သားဘက်က ကြည့်ပါဦးတဲ့။ တစ်ဘာသာကို ၂ နာရီကျော်ထိုင်ရတယ်။ ကျောင်းသားတွေက ၅၀/၆၀။ တိတ်ဆိတ်ငြိမ်သက်နေရပြီးတော့ ဆရာပြောတာပဲ နားထောင်နေရတာ။ ဟိုဘက်ဒီဘက်တောင်လှုပ်မရဘူး။ ဘယ်လောက်မွန်းကျပ်တယ်ထင်လဲ” တဲ့။

အမေဖြစ်သူ ငိုင်သွားသည်။ အဘိုးဖြစ်သူကတော့ မြေးလေးကို မငေါက်ရက်။ အသနားသာ ပိုနေမိတော့သည်။ မြေးလေးပြောလိုက်သောစကားသည် ပညာရေးလောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်လိမ့်မည်ဟုထင်သည်။ Policy Makers များ Decision Makers များ၏ အရှိုက်သို့ အထိုးခံလိုက်ရသကဲ့သို့ရှိမည်ထင်သည်။ ဆိုလိုသည်မှာ ယနေ့ အကောင်အထည်ဖော်နေသော စနစ်သစ်ပညာရေးသည် မြေးငယ်ပြောသကဲ့သို့ ဖြစ်နေပြီလော။ စာသင်ခန်းတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်ကာ ဆရာတစ်ဦး၏ အံ့မခန်းအစွမ်းများကို ငေးမောကြည့်နေရမည်လော။ တပည့်များ၏ ပါဝင်ဆွေးနွေးခွင့်၊ စဉ်းစားခွင့်၊ တွေးတောခွင့် မပေးနိုင်ကြတော့သည်လား။ ဆိုင်ရာဂုရုကြီးများ၊ ပညာရေးနှင့် စီးပွားရှာနေသူများ မသိသော်လည်း ကလေးများ သိနေကြသည်။ ခေတ်က IT ခေတ်။ Google နှင့် Youtube ကို ကျွမ်းကျင်နှံ့စပ်စွာ သုံးစွဲတတ်သူများဖြစ်သည်။ ထို့ကြောင့် ဖင်လန်နိုင်ငံ၏ ပညာရေးစနစ်၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်နိုင်ငံများ၏ လက်ရှိအနေအထား နည်းပညာကို အသုံးချနေပုံ စုံမှစုံ။ ထိုသို့သော ကလေးများကို ပေါ့ပေါ့ဆဆ မတွေးဆသင့်။ ရာစုနှစ်ပေါင်းများစွာ အရိုးစွဲနေခဲ့သည့် ပုံစံထဲသို့ အတင်းရိုက်၍မထည့်စေလိုတော့ပါ။ ဘဝ၏ တစ်ရာစုကျော် အခြေခံပညာရေးအကျဉ်းသားအဖြစ်မှ လွတ်လပ်စေလိုလှပါသည်။ ပညာရေးကယ်တင်ရှင်များကိုသာ မျှော်လင့်နေမိသည်။ သို့မဟုတ်ပါက မြေးကလေးအပါအဝင် ကလေးများကား ပညာရေးအကျဉ်းစံဘဝမှ လွတ်မြောက်ဖွယ်ရှိပါဦးမည်လား မသိနိုင်တော့ပါတကား။

ခင်မောင်ဌေး (ပညာရေး)