News

POST TYPE

EDUCATION

ကျောင်းသားတိုင်း စာမေးပွဲ ဖြေဆိုခွင့်ရှိသည်
05-Mar-2020


ဤခေါင်းစဉ်ကို ဖတ်ကြည့်မိလျှင် စိတ်ထဲတွင် မေးခွန်းမေးလိုစိတ်ပေါ် လာမည်ဖြစ်သည်။ အကြောင်းမှာ ကျောင်းသားတိုင်း ကျောင်းသားတိုင်းရနိုင်သည့် အခွင့်အရေးဖြစ်သောကြောင့်ပင်။

သို့ဆိုလျှင် ပထမဦးစွာရှင်းပြလိုသည်မှာ ကျောင်းသားတိုင်းတွင် စာမေးပွဲဖြေဆိုခွင့်ရှိသည်။သို့သော် သတ်မှတ်ရာနှုန်း(၇၅ရာခိုင်နှုန်း) ကျောင်းတက်ပြည့်မီရန် လိုပါသည်။ ဒုတိယအချက်အဖြစ် သက်ဆိုင်ရာစာစစ်ဌာနသို့ ဖြေဆိုခွင့်လျှောက်လွှာတင်ရပါသည်။ ဖြေဆိုရန် ခုံနံပါတ်နှင့်တကွ လျှောက်လွှာပြန်ကျလာလျှင် ယင်းကျောင်းသား၊ ကျောင်းသူကို မည်သူတစ်ဦးတစ်ယောက်ကမှ ဖြေဆိုရန် ငြင်းဆန်ခွင့် မရှိပါ။ ဖြေဆိုခွင့်ရရမည်ဖြစ်သည်။ 

ယခုပြောဆိုလိုသည့် အကြောင်းမှာ ဖြေဆိုခွင့်ရှိပါလျက် အသွင်ပြောင်းဖြေဆိုခွင့်လျှောက်ထားနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ယင်းသို့သော ကျောင်းမျိုး ၂၀ဝ ခန့်ပင် ရှိသည်ဟုဆိုသည်။ ယင်းကျောင်းများသည် မိမိတို့၏ ကျောင်းရှိအတွင်းဖြေကျောင်းသားများထဲတွင် ညံ့သူများ၊ အောင်နိုင်ခြေမရှိသူများကို ပြင်ပဖြေပြုလုပ်ရန် ကြံစည်နေကြခြင်းဖြစ်သည်။ ပြင်ပဖြေအဖြစ် ကျောင်းမှ ခွဲထုတ်လိုက်ခြင်းဖြင့် အောင်ချက်ရာနှုန်းမြင့်တက်လာနိုင်ခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံစာစစ်ဦးစီးက "ကျောင်းဖြေအဖြစ် ဖြေဆိုခွင့်တင်ထားသည့် ကျောင်းသားများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြု မည်မဟုတ်။ ထိုကျောင်းသားများကို အတွင်းဖြေအဖြစ် ဖြေဆိုခွင့်ကတ်ပြား ထုတ်မပေးကြောင်းကြားသိရပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးကို အရေးယူမည်ဖြစ်ကြောင်း" ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်ကိုကြည့်ခြင်းဖြင့် ယခုပြောင်းလဲနေသည့် ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အဘယ်ကြောင့် ရှေ့သို့ အလျင်အမြန် မရောက်ရှိရသနည်းဆိုသည့်အဖြေကို မှန်းဆကြည့်နိုင်ပါသည်။

စနစ်သစ်ပညာရေးကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP-2016-2021) အရ ပြောင်းလဲနေခြင်းဖြစ်သည်။ လာမည့်ပညာသင်နှစ်ဆိုလျှင်ပင်Grade-4, Grade-7 နှင့် Grade-10 တို့ပြောင်းလဲတော့မည်ဖြစ်သည်။ သက်ဆိုင်ရာ ပညာသင်နှစ်အလိုက် Grade-11, Grade-12 အထိ ပြောင်းလဲရမည်ဖြစ်သည်။ ယင်းသို့ ပညာရေးစနစ်သစ်ကို ပြောင်းလဲရာတွင် ပုံဖော်ကြရမည့်သူများမှာ ဝန်ကြီး၊ ဝန်ကလေး ညွှန်ချုပ်၊ ညွှန်မှူးများ မဟုတ်ကြပါ။ ယင်းတို့သည် Policy Makers များသာ ဖြစ်သည်။ အဓိကပုံဖော်ရမည့်သူများသည် အခြေခံပညာကျောင်းများပင်ဖြစ်သည်။ ယင်း ကျောင်းများတွင်လည်း ကျောင်းတစ်ကျောင်းကို စီမံကွပ်ကဲအုပ်ချုပ်ရသည့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများပေါ်တွင် ရာနှုန်းများစွာ တည်မှီနေပါသည်။ ဆိုလိုသည်မှာ ကျောင်းအုပ်တစ်ဦးအပေါ်တွင် ယင်းကျောင်း၏ ဖွံ့ဖြိုးခြင်း၊ တိုးတက်ခြင်း၊ ဆုတ်ယုတ် ခြင်း၊ ကျဆင်းခြင်းများ ရှိနေသောကြောင့်ပင်ဖြစ်သည်။

ဆိုလိုသည်မှာ ပညာရေးပြုပြင်ပြောင်းလဲရာတွင်ပင် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ Mind Set ကို ဦးစွာပြင်ရမည်ဖြစ်သည်။ အများစုသည် ပြောင်းလဲနေသော ပညာရေးစနစ်၏ အဓိကဆိုလိုချက် (Theme) အယူအဆသဘောထား (Concept) ကို နက်နက်ရှိုင်းရှိုင်းအလေးထားဟန်မတူပါ။ သို့ဖြစ်၍ ယခုကဲ့သို့ မလိုလားအပ်သော ညွှန်ကြားချက်များ ထုတ်နေရခြင်းပင် ဖြစ်နိုင်ပါသည်။

ပညာရေးစနစ်တွင် အဓိကပြောင်းလဲနေသော အချက်များမှာ -

-ဆရာဗဟိုပြုချဉ်းကပ်နည်း (T.C.A) မှ ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်း (C.C.A) သို့ ပြောင်းခြင်း၊
-ရမှတ်အခြေခံမှ ရလဒ်အခြေခံသို့ ပြောင်းခြင်း၊ 
-Content Base Thinking မှ Critical, Creative Thinking သို့ပြောင်းခြင်း၊
-ယခင်က ၅-၄-၂ မှ ယခု ၅-၄-၃ အဆင့် ပြောင်းခြင်း။ (ပညာသင်နှစ်)
-ယခင်အမျိုးသားပညာရေး ဥပဒေမရှိရာမှ ယခုအခါတရားဝင်ပြဋ္ဌာန်းနိုင်ခြင်း၊
-ယခင်ဘာသာတွဲ (၈) တွဲမှာ ယခုအခါ (၄) တွဲသာ သင်ယူရခြင်း၊
-ယခင်ပညာရေးတြိဂံ (မိဘ၊ ဆရာ၊ ကျောင်းသား)မှ ယခုပညာရေးဆဋ္ဌဂံ (မိဘ၊ ဆရာ၊ ကျောင်းသား၊ ရပ်ရွာအဖွဲ့အစည်း၊ NGOs နှင့် အစိုးရ)
-ယခင်ဖွံ့ ဖြိုးရေးဘာသာရပ်များက တွဲဖက်သင်ရိုးဝင်မှ ယခုအခါ သင်ရိုးဝင်အဖြစ် ပြောင်းလဲခြင်းစသည့် အခြေခံအချက်အလက်များသည် ပညာရေးပြုပြင်ပြောင်းလဲရမည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ ထဲထဲဝင်ဝင် သိရှိရန် လိုပေမည်။

ရမှတ်မှာ ရလဒ်အခြေခံသို့ပြောင်းလဲခြင်း

အခြေခံပညာကျောင်းများ အပါအဝင် ကိုယ်ပိုင်ကျောင်းများအားလုံးသည် အောင်ချက်မြင့်မားရေး၊ အမှတ်ကောင်းရေး၊ ဂုဏ်ထူးများများရရေးပင်ဖြစ်သည်။ သို့မှသာ မိမိတို့ ကျောင်းနာမည်ရမည်။ ကျောင်းသားများများရနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ 

-ပုဂ္ဂလိကကျောင်းအချို့သည် နာမည်ကောင်းရရန် အတော်ဆုံး၊ အထူးချွန်ဆုံးကျောင်းသားများကို ဝင်ခွင့်ဖြင့်စစ်၍ လက်ခံပါသည်။
-ပုဂ္ဂလိကကျောင်းအများစုမှာ လာအပ်သမျှ လက်ခံပါသည်။ သို့သော် အတော်၊ အညံ့ခွဲ၍ သင်ကြားကြပါသည်။
-အစိုးရကျောင်းများသည် ဒေသအလိုက် လာအပ်သမျှငြင်းပယ်ခွင့်မရှိလက်ခံရပါသည်။

ပြောင်းလဲခြင်းအချက်များစွာထဲမှ ရမှတ်မှရလဒ်သို့ပြောင်းလဲခြင်းဆိုသည်မှာ အတော်ဆုံး အထူးချွန်ဆုံးများကိုချည်းရွေး၍ နေ့မနား၊ ညမအား အာဂုံဆို အလွတ်ပြန်ကာ အောင်ချက်ကောင်းစေခြင်းမဟုတ်ပါ။ မိမိရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို Test များဖြင့် အမှတ်စာရင်းထုတ်ကာ ပိုင်းခြား၍ သင်ကြားခြင်းသည်လည်း မှန်ကန်မှုမရှိပါ။ ထို့အတူ ရွေးချယ်ခွင့်မရှိ၍ လာသမျှကျောင်းသား လက်ခံထားရ၍ အောင်ချက်မြင့်မားစေရန်အတွင်းဖြေ ကျောင်းသားများကို အပြင်ဖြေစေသောနည်းဖြင့် ကြိုးပမ်းဆောင်ရွက်ခြင်းသည် လုပ်သင့်သောအလုပ်မဟုတ်ပါ။

ရလဒ်ကောင်းဆိုသည်မှာ မိမိကျောင်းသို့ လာအပ်သမျှ ကျောင်းသားများကို မိမိကျောင်း ဝင်ဆံ့အင်အား၊ ဆရာ၊ ဆရာမ အင်အားဖြင့် မျှမျှတတလက်ခံရန် ဖြစ်သည်။ စာသင်ခန်းတွင် အတော်အညံ့တွဲ၍ထားကာ သင်ခန်းစာတစ်ရပ် အပေါ် စုပေါင်းဆွေးနွေးသုံးသပ်အဖြေရှာစေခြင်း၊ ကျောင်းသားဗဟိုပြုစဉ်းစားတွေးခေါ်စေခြင်း။  အလွတ်ကျက်ခြင်းထက် သင်ခန်းစာ၏ သဘောသဘာဝ (Concept)ကို သဘောပေါက်စေသင့်သည်။ ထို့ပြင် အားနည်းသည့် ဘာသာရပ်များတွင် အထူးသီးသန့်အချိန်ပေး၍ ရှင်းလင်းသင်ပြခြင်း၊ ပြန်လှန်လေ့ကျင့်ခြင်းဖြင့် သင်ခန်းစာများကို ပို၍နားလည်စေသင့်ပါသည်။ တစ်ကျောင်းလုံးရှိ ကျောင်းသားအားလုံးအပေါ် သက်ရောက်သည့် ရလဒ်သာလျှင် ရလဒ်ကောင်းတစ်ခုအဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပါသည်။ယင်းသို့ သောရလဒ်မျိုး ထွက်ပေါ်လာစေရန် ကြိုးပမ်းမှုမျိုးသာ ဖြစ်စေသင့်ပါသည်။

သို့ဖြစ်၍ မိမိတို့ ပညာရေးရဲဘော်များအား မေတ္တာစကားဆိုချင်သည်မှာ စနစ်ပြောင်းနေပါပြီ။ ပြောင်းလဲရသည့်စနစ်၏ အနှစ်သာရကို မြင်အောင်ကြည့်ကြပါ။ အသွင်သဏ္ဌာန်ပြောင်းရုံဖြင့် မပြောင်းလဲနိုင်ပါ။ အနှစ်သာရရှိရှိ ပြောင်းနိုင်ကြဖို့လိုပါသည် ဟူ၍သာ ... ။             

ခင်မောင်ဌေး (ပညာရေး)