News

POST TYPE

EDUCATION

တောက်ပလာမည့် အနာဂတ်ပညာရေးဆီသို့
13-Feb-2020


၂၀၂၀ပြည့်နှစ် နှစ်ဦးပိုင်းမှာပင် ပညာရေးလောကအတွင်း လှုပ်ရှားမှုအသံများ သောသောညံ ခဲ့သည်။ အထူးသဖြင့်ပြောရလျှင် အခြေခံပညာရေးသာမက အဆင့်မြင့်ပညာရေးပိုင်းတွင်လည်း တွေ့ရသည်။ ရန်ကုန်တက္ကသိုလ်အတွင်း ပတ်လမ်းဖောက်ရာမှ ဖြစ်ပေါ်လာသည့် သစ်ပင်ခုတ်ခြင်းကိစ္စ၊ တင်ဒါနှင့် ပတ်သက်သည့် မန္တလေးတက္ကသိုလ် Food Court ကိစ္စ၊ ရန်ကုန်ရှိတက္ကသိုလ်များတွင် ခက်ခဲနေသည့် သွားလာရေးကိစ္စ။

အခြေခံပညာရေးပိုင်းတွင် မတ်လကုန်ထိ ကျောင်းတက်ရမည့်ကိစ္စ၊ ကျောင်းတွင်းစာမေးပွဲများ နောက်ကျသည့်ကိစ္စ ကျောင်းသား၊ ဆရာ၊ မိဘတို့တွင် အခက်အခဲဖြစ်စေသည့် အကြောင်းများကြောင့် ဆန္ဒပြတောင်းဆိုမှုများ၊ ဖဲကြိုးစိမ်းလှုပ်ရှားမှုများဖြစ်ခဲ့ရသည်။ သက်ဆိုင်ရာ သမဂ္ဂများ၊ အဖွဲ့အစည်းများက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာရေး၍  တင်ပြတောင်းဆိုကြသော်လည်း အခြေအနေမထူးခြား။ သို့ဖြစ်၍ လှုပ်ရှားမှုများ ပို၍စိပ်လာခဲ့သည်။ နောက်ဆုံး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားသည့် နေရာအထိ ရောက်ရှိသွားသည်။

စင်စစ် သက်ဆိုင်ရာတာဝန်ရှိသူသို့ လိပ်မူ၍ ပေးပို့သောစာများ မရောက်ရှိပါ။ယင်းသို့ ရောက်ရှိမသွားခြင်းက အခြေအနေတစ်ရပ်ကို ပို၍ ဆိုးသွားစေခဲ့သည်။ ကျောင်းသားများအပေါ် အမြင်အမျိုးမျိုးဖြင့် ဝေဖန်သုံးသပ်မှုများ မြင့်တက်သွားခဲ့ရသည်သာမက  မလိုလားအပ်သော နောက်ဆက်တွဲကိစ္စများပင် ပေါ်ထွက်လာခဲ့ရသည်။ ဆိုရလျှင် အချို့သော ပြဿနာများသည် သက်ဆိုင်ရာတာဝန်ရှိသူ မသိရှိ၍ ပိုမိုကျယ်ပြန့်သွားခြင်းဖြစ်သည်။ ဤမျှ ဆက်သွယ်ရေးစနစ် ကောင်းမွန်သောခေတ်တွင် တရားဝင်ပို့စာများ လူကြီးထံမရောက်ဆိုသည်မှာလည်း အခြေအနေတစ်ရပ်ကို ပို၍ဆိုးသွားစေလိုခြင်းလောဟုပင် ဆိုရပေမည်။ အထက်လူကြီးများ သိရှိသွားခြင်းဖြင့် ချက်ချင်းပြေလည်သွားသည့် သာဓကများစွာ အထင်အရှားပင်ရှိသည်။

စင်စစ်ပညာရေးနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲနေမှုများတွင် အဆင်မပြေမှုများ (ဥပမာ-သင်ရိုးပြဋ္ဌာန်းခြင်း နည်းပြသင်တန်း၊ ဆင့်ပွားသင်တန်းပေးခြင်းများ၊ ရာထူးရွှေ့/ပြောင်း/တိုးကိစ္စများ၊ စာမေးပွဲကိစ္စများ) မကြာခဏ ကြားနေရတတ်သည်။ ယင်းကိစ္စများနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနတစ်ခုတည်းအနေ နှင့် ခေါင်းခံဖြေရှင်းနေသည်ကိုလည်း တွေ့ရသည်။ အမှန်တွင် ပညာရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးရန် ညှိနှိုင်းအဖြေရှာရန် ပူးပေါင်းဆောင်ရွက် ရန် အဖွဲ့အစည်းများစွာ ရှိပါသည်။ ယင်းအဖွဲ့အစည်းများတွင် ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီ၊ အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်များ ရှိလေသည်။ ယင်းအဖွဲ့များအနေနှင့်လည်း ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားလာသည့်အချိန်မှသာ ညှိနှိုင်းအဖြေရှာ ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရသည်။

ယင်းနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၄ ရက်က ပြုလုပ်ခဲ့သည်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အောင်မြေသာစံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက - 

"စနစ်သစ်ပညာရေး၏ မွေးထုတ်ပေးလိုသည့် နိုင်ငံသားတိုင်းသည် လူသားကောင်းဖြစ်စေရေး၊ ပူးပေါင်းဆောင်ရွက်သော အလေ့အကျင့်ရှိစေရေး၊ တာဝန်ခံ တာဝန်ယူသောသူများဖြစ်စေရေးနှင့် ဆန်းသစ်တီထွင် နိုင်သူများဖြစ်ရေး ဦးတည်ဆောင်ရွက်နေကြောင်း၊ ယင်းကဲ့သို့ အရည်အချင်းများနှင့် ပြည့်စုံသည့် နိုင်ငံသားများ မွေးထုတ်ပေးနိုင်မည့် ပညာရေးစနစ်သစ်ကို ဦးဆောင်နေသူများကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းသည် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်ကို မှုန်ဝါးစေကြောင်း" ပြောကြားသွားခဲ့သည်။

ဆိုရလျှင် မြန်မာ့ပညာရေးသည် ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ဝန်ကြီးတစ်ဦး ပြောင်းတိုင်း တစ်မူတစ်ဝါဒလည်း ပြောင်းခဲ့ပြီးဖြစ် သည်။ အစမ်းသပ်ခံအဆင့်မှ မြင့်တက်လာသည် မရှိဟုလည်း ဆိုခဲ့ကြသည်။ ယခုကဲ့သို့ NLD အစိုးရတက် လာပြီးနောက်ပိုင်းတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP-2016-2021) ကို ချမှတ်ကာ အကောင်အထည်ဖော်နေပြီလည်း ဖြစ်သည်။ထိုမှ တစ်ဆင့် (၂၀၂၁-၂၀၃၀) အထိ စီမံကိန်းများကြိုတင်လျာထားသတ်မှတ်ထားပြီးလည်းဖြစ်သည်။ ဆိုလိုသည်မှာ အမျိုးသားပညာရေးမူဝါဒများသည် မည်သို့သော ပညာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ပြောင်းလဲသွားစေကာမူ ချမှတ်ထားပြီးဖြစ်သည့် ပညာရေးမူဝါဒများအတိုင်း အောင်မြင်ပေါက်မြောက်အောင် စီမံဆောင်ရွက်ကြရမည်သာဖြစ်သည်။

သို့ဖြစ်ရာ မြန်မာပညာရေးအနာဂတ်သည် လူပြောင်းတိုင်း မူဝါဒတစ်ခုပြောင်းနေသည့် စနစ်မဟုတ် မူပဲချမှတ်ထားသည့် အမျိုးသားပညာရေးမူဝါဒအတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်သာလိုပါသည်။ သို့ဖြစ်၍ ချမှတ်ထားသည့် ပညာရေးမူဝါဒများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးသည် ပထမအဆင့်အဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနအား ဦးစီးဦးဆောင်ပြုနေသူများ၏ ဉာဏ်အမြော်အမြင်ကြီးမားမှု၊ အနာဂတ် ပညာရေးအပေါ်ထားရှိသည့် ခိုင်ကျည်သည့်ရည်မှန်းချက်၊ ကိုယ်ရည် ကိုယ်သွေးကောင်းမွန်မှု၊ စနစ်တကျစီမံခန့်ခွဲနိုင်မှု၊ အထက်- အောက်/အောက်-အထက် ပြေလည်စွာ ညှိနှိုင်းပေါင်းစပ်နိုင်မှုတို့အပေါ်တွင် များစွာမူတည်နေပါသည်။ ဆိုလိုသည်မှာ ပညာရေးဝန်ကြီးဌာနအောက်တွင် အခြေခံပညာနှင့်ပတ်သက်၍ -

၁။ အခြေခံပညာဦးစီးဌာန 
၂။ ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့် ရေးဦးစီးဌာန
၃။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့ ရှိပါသည်။ယင်းဦးစီးဌာနများအနေနှင့် အခြေခံပညာရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းများရေးဆွဲပြုစုခြင်း၊ စီမံခန့်ခွဲခြင်း လုပ်ငန်းများကို ဆောင်ရွက်နေရပါသည်။ ယင်းတို့သည်လည်း သီးခြားစီရပ်တည်၍ ကိုယ့်သဘောကိုယ်ဆောင်နေကြရုံဖြင့် ရှေ့သို့ရောက်နိုင်လိမ့်မည်မထင်ပါ။ ဦးစီးဌာနတိုင်းက ပညာရေးရပ်ဝန်းကြီးတစ်ခုလုံး နှင့် မည်သည့်ပုံစံ မည်သည့်အနေအထားမျိုးပင်ဖြစ် စေ ချိတ်ဆက်ပုံဖော်ဆောင်ရွက်နိုင်မည့်  Synchronize Software ဖြစ်နေဖို့သင့်ပါသည်။

ဒုတိယအဆင့်အနေနှင့် ပညာရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်ဝန်ကြီးဌာနများ (ဥပမာ-အား/ကာ ကျန်းမာ/ပြန်/ဆက်) နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုသကဲ့သို့ နိုင်ငံတော်၏ အမြင့်ဆုံးအဖွဲ့အစည်းများဖြစ်သည့် လွှတ်တော်များ၊ အမျိုးသားပညာရေး မူဝါဒ ကော်မရှင် စသည်တို့နှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရန် သင့်လှပါသည်။ (ကုန်လွန်ခဲ့သည့် သက်တမ်းများအတွင်း ချိတ်ဆက်ဆောင်ရွက်မှု အလွန်နည်းလှပါသည်။)

လတ်တလောတွင် အနာဂတ်ပညာရေးနှင့်ပတ်သက်၍ စဉ်းစားစရာတစ်ခုပေါ်လာပြန်သည်။ ယင်းမှာ

- ကျောင်းပိတ်ရက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံက ကျောင်းများပိတ်ရက်များနေကြောင်း ကမ္ဘာ့နိုင်ငံများနှင့်နှိုင်းယှဉ်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားလိုက်သည်။ ထို့နောက်ပိုင်းတွင် စဉ်းစားစရာများ၊ ဝေဖန်သုံးသပ်မှုများ ပေါ်ထွက်လာဦးမည်ဖြစ်သည်။ သို့ဖြစ်၍ အချိန်မီ ကြိုတင်ညှိနှိုင်းဆွေးနွေးကြဖို့ လိုပါလိမ့်မည်။

- ကျောင်းပိတ်ရက်များ အဘယ့်ကြောင့်များနေရသနည်း။(အစိုးရကိုယ်တိုင်က အစားထိုးပိတ်ရက်များပေး)

- လက်ရှိ မြန်မာနိုင်ငံရာသီဥတု ကျောင်းအဆောက်အအုံ ဆရာ-ကျောင်းသားအချိုးသင်ရိုးညွှန်းတမ်းအခြေအနေ ကိုက်ညီမျှတမှု

- စာသင်နှစ်ကို မေလကစတင်ခြင်း သို့မဟုတ်  မတ်လကုန်အထိ ကျောင်းတက်ခြင်းအပေါ် လူထုစစ်တမ်း

- ကျောင်းပိတ်ရက်များသော်လည်း ကျောင်းသားများ ကျောင်းပိတ်ရက်မရှိခြင်း (နွေရာသီမှစ၍ တစ်နှစ်ပတ်လုံး ကျူရှင်ဝိုင်းများဖြင့်ပြည့်နေခြင်း)

- အချိန်ကာလတိုးမြှင့်သင်ကြားရုံဖြင့် ပိုမိုတတ်မြောက်မှု ရှိနိုင် မရှိနိုင်

- ဆရာ ဆရာမများ၏အရည်အသွေး ယခုထက် ပိုမိုမြင့်မားရန်လို မလို

- သင်ကြားနည်းစနစ်ကောင်းဖို့၊ လက်တွေ့ လိုက်နာကျင့်သုံးဖို့ မည်မျှအဓိကကျသည် စသည်တို့ ထည့်သွင်းစဉ်းစားသင့်ပါသည်။

ထို့ကြောင့် မျှော်လင့်ချက်များ၊ ယုံကြည်ချက်များဖြင့် ပြည့်လွှမ်းနေရမည့် အနာဂတ်ပညာရေးသည် တစ်လမ်းသွားပညာရေးမဟုတ်သကဲ့သို့ တစ်ဦးကောင်း တစ်ယောက်ကောင်း တစ်ဖွဲ့ကောင်းဖြင့် ဆောင်ကြဉ်း၍ မရနိုင်သည်မှာ တွေ့ကြုံခဲ့ရသည့် သာဓကများအရ သိသာထင်ရှားလှပါသည်။ သို့ဖြစ်ရာ အနာဂတ်ပညာရေး ထွန်းလင်းတောက်ပနိုင်ရန်အတွက် တာဝန်ရှိလူကြီးများကိုယ်တိုင် မြင့်မားသော အတွေးအမြင်ရှိသူများ၊ ခေတ်ဟောင်းစနစ်ဟောင်း၊ အတွေးဟောင်း၊ အလုပ် အကိုင်အကြံအစည်အဟောင်းများမှ ဖောက်ထွက်ကာ ခေတ်မီနိုင်ငံတော်အဖြစ် ပုံပြောင်းထုဆစ်ကြရတော့မည်ဖြစ်ပါကြောင်း။

ခင်မောင်ဌေး (ပညာရေး)