News

POST TYPE

EDUCATION

ကျောင်းသားတို့သမိုင်း မရိုင်းခဲ့ပါ
06-Feb-2020


တချိန်ကမိမိတို့နိုင်ငံတွင် အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်ရခဲ့သည်မဟုတ်။အာဏာရှင်တို့၏ အာဏာစက်အောက်တွင် ကျရောက်ခဲ့ရဖူးသည်။သို့သော်လည်း အာဏာရှင် ဖိနပ်အောက်တွင် ပြားပြားဝပ်မှောက်ခဲ့ကြသည်တော့ မဟုတ်။အထူးသဖြင့် ကျောင်းသားများသည် ခေတ်အဆက်ဆက်တွင် ကျောင်းသားသပိတ်များဖြင့် ကိုလိုနီပညာရေးကို တိုက်ပွဲဝင်ခဲ့သည့် သမိုင်းအစဉ်အလာ ရှိခဲ့သည်။အာဏာရှင်စနစ်အောက်မှ လွတ်မြောက်အောင်လည်း အသက်သွေးချွေးပေးဆပ်ခဲ့ရဖူးလေသည်။

ဒီကနေ့ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားသည့် NLD အစိုးရလက်ထက်တွင် ဒီမိုကရေစီ ရောင်ခြည်ပွင့်လင်းလာခဲ့သည်။ နယ်ပယ်အသီးသီးတွင် အသင်းအဖွဲ့များ၊ သမဂ္ဂများလွတ်လပ်စွာဖွဲ့စည်းခွင့်၊ စည်းရုံးဆောင်ရွက်ခွင့်ရခဲ့ကြပါတယ်။ယင်းသည်ပင် ဒီမိုကရေစီစနစ်၏ အသီးအပွင့်များပင်ဖြစ်သည်။သို့သော် ဒီမိုကရေစီစနစ်၏ စီမံတန်းမီညွှန်ကိန်းများကိုမူ ကြိုးပမ်းကြရဦးမည်ဖြစ်သည်။

ယနေ့ခေတ်တွင် ထူးခြားလာသည်မှာ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်လာကြခြင်းဖြစ်သည်။ ထို့ပြင်ကျောင်းသားသမဂ္ဂအဖွဲ့များ၊ ဆရာသမဂ္ဂအဖွဲ့များလည်း တက်ကြွလှုပ်ရှားလာကြသည်ကို တွေ့ရသည်။အထူးသဖြင့် ပညာရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပညာရေးတက်ကြွလှုပ်ရှားမှုများလည်း ပါဝင်လာခဲ့ကြသည်။

ယခုတစ်လောတွင် ပညာရေးဌာနမှ စာသင်ချိန်တိုးမြှင့်ခြင်း အစီအစဉ်မကျသော စာမေးပွဲစစ်ဆေးမှုများကြောင့် နွေရာသီကျောင်းပိတ်ရက် ကမောက်ကမ ဖြစ်မှုအပေါ် ဖဲကြိုးစိမ်းလှုပ်ရှားမှုများကလည်း နိုင်ငံတစ်ဝန်း ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ် များတွင်တွေ့နေရသည်။ကျောင်းသားများ၏ ဖဲကြိုးစိမ်းလှုပ်ရှားရခြင်းနှင့် ပတ်သက်၍ -

- လက်ရှိအာဏာရပါတီကို ကန့်ကွက်ဆန္ဒ ပြနေခြင်းမဟုတ်ပါ။
- စာသင်ကာလတိုးမြှင့်ခြင်းအား ကန့်ကွက်ဆန္ဒပြနေခြင်းမဟုတ်ပါ။
- မိခင်ပညာရေးဌာနအား ကန့်ကွက်ဆန္ဒပြနေခြင်း မဟုတ်ပါ။
- သုတေသနကို အခြေမခံသော စာမေးပွဲကျင်းပသည့်စနစ်ကို ပြင်ဆင်ပေးလိုခြင်းဖြစ်သည်။
- တက္ကသိုလ်ဝင် စာမေးပွဲပြီးမှ အတန်းငယ်များအား စာမေးပွဲစစ်ဆေးခြင်းသည် ဆရာ၊ မိဘ၊ ကျောင်းသားများအား အခက်တွေ့စေသောကြောင့် ဖြစ်သည်။
- ကန့်ကွက်သူအင်အား မည်မျှရှိလျှင် ပြင်ဆင်ပေးမည်ဟူသောစကားအရ လုပ်ဆောင်ရခြင်းဖြစ်သည်ဟူ၍ ဖော်ပြထားပါသည်။ သို့ဆိုလျှင် ကျောင်းသားများ၏ လှုပ်ရှားမှုသည် အဖျက်အမှောင့်ဆန်သော လုပ်ရပ်မျိုးမဟုတ်ပါ။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြခြင်းသာ ဖြစ်သည်။

ယင်းသို့ ဖဲကြိုးစိမ်းလှုပ်ရှားမှုများစတင်ခြင်း၊ လူထုစစ်တမ်းကောက်ယူခြင်းကဲ့သို့သော လှုပ်ရှားမှုများကို အချိန်အတန်ကြာ ပြုလုပ်ခဲ့ကြသည်။ထို့အတူ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ စာများပို့ကြသည်။သို့သော်လည်း တုဏှိဘာဝေ တိတ်ဆိတ်နေသည်ကို တွေ့ရသည်။သို့ဖြင့် လှုပ်ရှားမှု အရှိန်အဟုန်ပို၍မြင့်တက်လာသည်။

မကြာသေးမီကပင် နေပြည်တော်ရှိ MICC II ၌ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖယ်လှယ်ပွဲ အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံတက်ရောက် မိန့်ခွန်းပြောခဲ့သည်။ယင်း အခမ်းအနားတွင် ပညာရေးတက္ကသိုလ်နှင့် ပညာရေး ကောလိပ်ကျောင်းသားသမဂ္ဂများမှ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးဖြင့်ဆန္ဒ ထုတ်ဖော်ခဲ့သည်။ကျောင်းသားများ ကိုင်ဆောင်ထားသည့် စာတန်းများမှာ စီမံခန့်ခွဲမှုအလွဲများအား ချက်ချင်းပြုပြင်ပေး သုတေသနမရှိသော အစမ်းသပ်ခံပညာရေးစနစ်အလိုမရှိ။ မတ်လ ကုန်အထိ စာမေးပွဲစစ်သည်နှင့် စီးပွားရေးတက်နိုင်သလားစသည်တို့ပင်ဖြစ်သည်။(ဆန္ဒအနည်းငယ် စောသည်ဟုထင်သည်။ မိန့်ခွန်းပြောအပြီးတွင် ပြုလုပ်သင့်သည်။)

စင်စစ်ကျောင်းသားများသည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။တစ်ဦးတစ်ယောက် အကျိုးအတွက်မဟုတ် ကျောင်းသား၊ ဆရာ၊ မိဘများအတွက် အခက်အခဲဖြစ်နေသောကြောင့် ဖြစ်သည်။အဓိကအချက်မှာ တစ်နိုင်ငံလုံးလှုပ်ရှားမှုများ ပေးပို့ထားသည့်စာများ ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မသိရှိသေးဟုထင်သောကြောင့် ဆန္ဒထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

သို့သော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က "ကျောင်းသားများ၏ ဖော်ပြချက်များကို မမြင်ရကြောင်း၊ မမြင်ရ၍ ဘာမျှ ထူးခြားမှာမဟုတ်ကြောင်း၊ တင်ပြပုံအခွင့်အလမ်း၊ ပုံစံအများကြီးရှိကြောင်း၊ မိမိနာမည်ရေးထိုး၍ မိမိအမြင်တင်ပြနိုင်ကြောင်း၊ ဤကဲ့သို့ အခမ်းအနားမျိုးတွင် မိမိအတွက်၊ အဖွဲ့အစည်းအတွက်၊ မိမိတစ်ဦးတည်း၏ အမြင်အတွက် အသုံးမချသင့်ကြောင်း လုံးဝမဖြစ်သင့်ကြောင်း၊ လူတိုင်းတွင် အခွင့်အရေးရှိသကဲ့သို့ တာဝန်ရှိကြောင်း စည်းကမ်းဆိုသည်မှာ ကိုယ့်စည်းကို ကိုယ်ထိန်းရမည်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားသွားသည်။

သို့ဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဘောထားမှတ်ချက်အပေါ် ပြည်တွင်းရှိ လူပုဂ္ဂိုလ်များ၊ စာရေးဆရာများ စသည်တို့၏ မတူ ကွဲပြားသော သုံးသပ်ချက်များထွက်လာ၏။အချို့ကား ရိုင်းသည်ဟုဆိုသည်။အချို့ကား ကျေးဇူးကန်းသည်ဟုဆိုသည်။ စင်စစ် မတူကွဲပြားမှုများသည် အပြစ်ဆိုဖွယ်ရာမရှိ။ လွတ်လပ်စွာ ကွဲပြားခွင့်ရှိသည်။သို့သော် အဓမ္မဆန်သည့် ကွဲပြားမှုမျိုးတော့ မဖြစ်သင့်။

စင်စစ် အကြောင်းအရာ အဖြစ်အပျက်တိုင်းတွင် ဘက်တစ်ဖက်ကကြည့်၍ အလုံးစုံမြင်နိုင်မည် မဟုတ်ပါ။ဘက် ၂ ဖက်လုံးက ကြည့်တတ်ဖို့တော့လိုတယ်။ ငါပြောအဟုတ်။ ငါလုပ်အမှန်၊ ငါကြံလျှင် မြောက်၊ ငါလောက် မတော်ဆိုသည့် အယူအဆမျိုးမှာ အာဏာရှင်ခေတ်တွင် ကျန်ခဲ့ဖို့ကောင်းပါသည်။ကျောင်းသားများဘက်ကကြည့်လျှင် နိုင်ငံတစ်ဝန်းလှုပ်ရှားနေသော်လည်း သက်ဆိုင်ရာ အမြင့်ဆုံး တာဝန်ရှိသူတို့ မသိသေးဟုထင်ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ ဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်နိုင်ခြင်း၊ မိမိတို့ ယုံကြည်ကိုးစားသည့် အစိုးရဖြစ်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါသည်။

နိုင်ငံတော်ဘက်က ကြည့်လျှင် ICJ နှင့် ပတ်သက်၍ နိုင်ငံ့အရေးအတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်နေသည့် အချိန်ဖြစ်ခြင်း၊ ဝူဟန်ဗိုင်းရပ်စ်အခြေအနေပြင်းထန်နေခြင်း၊ တာဝန်ရှိသူများသိစေရန်ပေးပို့သည့်စာများ မရောက်ရှိခြင်းစသည့် အခြေအနေမျိုးတွင် လုံးဝမဖြစ်သင့်သောအရာအဖြစ် သုံးသပ်သည်မှာလည်း လွန်အံ့မထင်။

စင်စစ် ကျောင်းသားများ၏ သမိုင်းသည် ဘယ်သောအခါကမှ မရိုင်းခဲ့ပါ။ဂုဏ်သိက္ခာရှိစွာ ကမ္ပည်းတင်နိုင်ခဲ့သည်ချည်းပင်။ ကျောင်းသားများသည် ခေတ်အဆက်ဆက်တွင် ကျရာတာဝန်ကို မသွေမပျက်ထမ်းရွက်ခဲ့သူများသာဖြစ်သည်။ထို့ပြင် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်၏ မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်။အနာဂတ်တာဝန်များကို သမိုင်းပေးတာဝန်အရ ထမ်းပိုးရမည့် သူများလည်းဖြစ်သည်။ထိုမျိုးဆက်များသည် စူးရှထက်မြက်နေရပါသည်။တရားမှုနှင့် မတရားမှု ဓမ္မနှင့် အဓမ္မကိုလည်း ဝေဖန်ပိုင်းခြားနိုင်ကြရမည်ဖြစ်သည်။အကျိုးအကြောင်း၊ အဆိုးအကောင်းကို သုံးသပ်နိုင်စွမ်းရှိကြရပါသည်။ နိုင်ငံနှင့် နိုင်ငံသား တို့အတွက် ရဲဝံ့စွာရှေ့တန်းမှရပ်ကြရမည့်သူများ ဖြစ်ဖို့လိုသည်။အကြောက်တရားဖြင့် ထိန်းချုပ်မထားသင့်။

ဆိုရလျှင် ခေတ်အဆက်ဆက်တွင် အစိုးရတစ်ရပ်နှင့် ကျောင်းသားထုသည် ထိပ်တိုက်တွေ့စမြဲပင်ဖြစ်သည်။ တောင်းဆိုသင့်၊ တောင်းဆိုထိုက်သည်များကိုလည်း ပွင့်လင်းစွာတောင်းဆိုခဲ့သည်မှာလည်း အထူးအဆန်းမဟုတ်။ လူထုအစိုးရဖြစ်စေ၊ အာဏာရှင် အစိုးရဖြစ်စေ တောင်းဆိုတိုက်ပွဲဝင်စရာရှိလျှင် ကျောင်းသားတို့၏ သမိုင်းရိုင်းခဲ့သည်မရှိ။

တစ်ခုပြောချင်ပါသည်။ ကျောင်းသားများ၏ငြိမ်းချမ်းစွာ တောင်းဆိုမှုကို အ‌ရောင်ဆိုးခံရမည်ကိုတော့စိုးရိမ်မိသည်။ မလိုလားအပ်သော သွေးထိုးလှုံ့ဆော်မှုများ သတင်းအမှားများ သတင်းအတုများဖြင့် လုပ်ကြံခံရမည်ကို ပူပန်မိသည်။ပုံကြီးချဲ့ပြောဆိုလာမည့် အမုန်းစကားများကိုဖယ်ရှားနိုင်ဖို့လိုသည်။ ဆိုလိုသည်မှာ မှတ်ကျောက်တင်နိုင်ခဲ့သည့် ကျောင်းသားထု၏ သမိုင်းကိုအရိုင်းမခံသင့်ပါ။ ယင်းဂုဏ်သိက္ခာကိုတော့ ကြီးမြတ်စွာထိန်းသိမ်းကြရပါမည်။ သို့ဖြစ်၍ ကျောင်းသားတို့၏ စိတ်ဓာတ်ကောင်း၊ အစဉ်အလာ ကောင်းများကို ချိုးနှိမ်ရာမရောက်စေချင်။အမြော်အမြင်တရားကြီးမားခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ လမ်းကြောင်းမှန်သို့ ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် အနာဂတ်အင်အား မျိုးဆက်သစ်များ၏ သမိုင်းဂုဏ်ရောင်ကို ပိုမိုထွန်းပြောင်စေသင့်သည်သာဖြစ်သည်။

ခင်မောင်ဌေး (ပညာရေး)