News

POST TYPE

EDUCATION

မူဝါဒပဲ လိုအပ်နေတာလား၊ ဆရာတွေပဲ လောဘကြီးနေတာလား
30-Jan-2020


ပညာရေးနှင့်ပတ်သက်၍ မူဝါဒအကြောင်း ပြောကြသည်။အချို့က ခေတ်စနစ်အရ ပြောင်းလဲလာရသည့် အကြောင်းဆိုသည်။ ဆိုရလျှင် ပညာရေးသည် မိမိလိုရာကိုဆွဲ၍ ကိုးကားပြောဆိုနေကြသည်ဟုပင် ကောက်ချက်ချနိုင်သည်။

ကျောင်းပိတ်ရက် သတ်မှတ်ခြင်း

ပညာရေးဝန်ကြီးဌာနအနေနှင့် ပြီးခဲ့သည့်နှစ်ကပင် ကျောင်းပိတ်ရက်သတ်မှတ်ထားပြီးဖြစ်သည်။သို့ဖြစ်၍ ကျောင်းတက်ရက်အား မတ်လအထိ သတ်မှတ်ခြင်းဖြစ်သည်။မတ်လအထိ ကျောင်းတက်ရမည်။စာသင်ရမည်ဟု ဆိုခြင်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံများနည်းတူ ပိတ်ခြင်း၊ ကျောင်းသင်ခန်းစာများ မကုန်သေးခြင်းစသည်တို့ကြောင့်ဖြစ်သည်ဟု လည်းဆိုသည်။

မြေပြင်အခြေအနေ

အခြေခံကျောင်းများနှင့် ပတ်သက်၍ ပညာရေး ပြက္ခဒိန်ရှိသည်။သင်ရိုးများနှင့် ပတ်သက်လျှင် သင်ခန်းစာများကို လပိုင်းမာတိကာများ ခွဲခြား၍ သတ်မှတ်ကာလတွင် အပြီးအပြတ်သင်ကြားရန် ထုတ်ပြန်ထားပြီးဖြစ်၏။ ယင်းလပိုင်း မာတိကာအရဆိုလျှင် သင်ခန်းစာများသည် ဒီဇင်ဘာလတွင် အပြီးအပြတ် သင်ရမည်ပင်။ထို့ကြောင့် အခြေခံပညာကျောင်းများသည် ဒီဇင်ဘာလဆိုလျှင် သင်ရိုးကုန်နေကြပြီဖြစ်သည်ဟု အကြမ်းဖျင်းပြော၍ရပါသည်။အကြောင်းမှာ သင်ရိုးအရ လပိုင်းမာတိကာအတိုင်း မပြီးမြောက်ပါက ကျောင်းစစ်ဆေးရေးအဖွဲ့များ၏ မှတ်တမ်းတင်ခြင်းခံရမည်သာ ဖြစ်သည်။ (စည်းကမ်း နှင့် မညီလျှင် ကိုယ်ပိုင်ကျောင်းများဆိုလျှင် နောင်နှစ်သက်တမ်းတိုးအတွက် အဟန့်အတားဖြစ်နိုင်ပါသည်)

လပိုင်းသင်ရိုးမာတိကာတွင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွက် သင်ရိုးညွှန်းတမ်းကုန်ပြီဖြစ်သည်။သင်ခန်းစာများ ပြန်လှန်သင်ကြားရန်သာ သတ်မှတ်ထားပါသည်။

ဆိုလိုသည်မှာ ပြီးခဲ့သည့်နှစ်ကပင် မတ်လအထိ တက်ရမည်ဟု အသိပေးထားသော်လည်း သင်ရိုးနှင့် ပတ်သက်၍ လပိုင်းမာတိကာကို ပြင်ဆင်ထားခြင်းမရှိပေ။ နှုတ်ထွက်စကားတစ်ခွန်းအပေါ်တွင်သာ စီမံခန့်ခွဲနေကြခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

လက်ရှိကျောင်းများ အထူးသဖြင့် ပုဂ္ဂလိကကျောင်းများ၏ စာသင်ကြားမှုကို လေ့လာကြည့်မိသည်။ကျောင်းအများစုသည် မြို့နယ်စစ်၊ ခရိုင်စစ်နှင့် အစိုးရစစ်စာမေးပွဲများဖြစ်သည့် ၄ တန်း၊ ၈ တန်းနှင့် တက္ကသိုလ်ဝင်တန်းများအတွက်သာ အားထားနေကြသည်။ ထိုအတန်းများ အောင်ချက်ကောင်းမှ၊ ဂုဏ်ထူးထွက်မှ ကျောင်းဂုဏ်တက်မည်။နာမည်ရမှ ကျောင်းသား ရမည်ဖြစ်သည်။ သို့ဖြစ်၍ အစိုးရစစ်အတန်းများကို ဦးစားပေးသင်ကြားပါသည်။

ဒုတိယအဆင့်အဖြစ် ၉ တန်း။ ၉ တန်းသည် နောင်နှစ် ၁၀ တန်းတက်မည့် သူများဖြစ်ရာ အခြေခံပိုင်၍ စာနိုင်ဖို့လိုသည်။ သို့ဖြစ်၍ နဝမတန်း ကျောင်းသား/သူ များသည် ဒီဇင်ဘာလ နောက်ပိုင်းကစ၍ ၉ တန်းစာ မသင်ကြတော့ပါ။၁၀ တန်းစာကိုကြို၍ သင်ကြပါ တော့သည်။ ကျောင်းသား/သူများကိုယ်တိုင်က သင်လိုသည်ဖြစ်စေ၊ မသင်လိုသည်ဖြစ်စေ သင်ကြရပါသည်။ဤသို့ သင်နေသည်ကို အချို့ကိုယ်ပိုင် ကျောင်းတာဝန်ခံများသိပါသည်။အချို့မသိကြပါ။ သို့သော် အများစုသင်နေကြပါသည်။

ပညာရေး ရည်မှန်းချက်

ပညာရေး၏ ရည်မှန်းချက်များမှာ အသက်အရွယ်၊ အတန်းနှင့် ပြဋ္ဌာန်းဘာသာရပ်များကို တတ်သိကျွမ်းကျင်နားလည်စေရန် အချိန်ကာလသတ်မှတ်၍ ပြီးမြောက်အောင် သင်ကြားရန် ဖြစ်သော်လည်း အစိုးရစစ်စာမေးပွဲအတွက်သာ ရည်မှန်းသင်နေကြ၏။ သို့ဖြစ်ရာ မူလသင်ရိုးများကို သတ်မှတ်ကာလထက်စော၍ ပြီးနေခြင်းမှာ အမှန်တကယ်က ကလေးများ ကျွမ်းကျင်ပိုင်နိုင်နေပြီလော၊ အမှန်တကယ် သင်ရိုးကုန်သလား ဆိုသည်ကို မည်သို့ကြီးကြပ်ကြပါသနည်း။ သင်ရိုးများသည် အမှန်တကယ်လည်း တတ်ကျွမ်းသည်။ သင်ရိုးလည်း သတ်မှတ်ကာလအတွင်း ပြီးစီးသည်ဆိုလျှင် သင်ခန်းစာများ မကုန်သေး၍ မတ်လအထိ တက်ရမည်ဆိုခြင်းသည်မှာ လက်တွေ့ဘဝနှင့် ကွာဟနေပါသည်။သို့မဟုတ် ဆရာများပင် လောဘကြီး၍ သင်ရိုးကုန်အောင်သင်နေကြသလော။

တာဝန်ရှိသူများ

ဆိုလိုသည်မှာ Policy Makers များ သို့မဟုတ် တာဝန်ယူ၊ တာဝန်ခံ လုပ်ဆောင်နေသူများအနေနှင့် နိုင်ငံတကာအဆင့်မီကျောင်းများကဲ့သို့ စာသင်ကာလကို တိုးမည်ဆိုလျှင် - 

- ယခင်ရေးဆွဲထားသည့် ပညာရေးပြက္ခဒိန် ကို ပြင်ရပါမည်။ 

- နှစ်စဉ် ကျင့်သုံးနေသည့် လပိုင်းမာတိကာများကိုလည်း အချိန်မီပြင်ဆင်နိုင်ရပါမည်။(ဆရာ၊ ဆရာမများသည် အထက်မှ ပေးပို့ထားသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရပါသည်။ကိုယ်ပိုင်ကျောင်းများသည်လည်း အလားတူလိုက်နာကြပါသည်။

- မေးခွန်းပုံစံပြောင်းခြင်း၊ စာသင်ကာလတိုးမြှင့်ခြင်းများသည် ရုတ်ခြည်းပြောင်းလဲ၍ မသင့်ပေ။(ပြောင်းလဲနိုင်ရန် အခြေခံလိုအပ်ချက်များကို ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရန် ဦးစွာလိုအပ်နေပါသည်။ ဥပမာ- စနစ်သစ်သင်ရိုးစတင်ပြောင်းလဲနေစဉ်မှာပင် သင်ရိုးဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံကို ဆိုင်းမဆင့် ဗုံမဆင့်ပြောင်းလိုက်သည်။ယင်း မေးခွန်းပုံစံသစ်သည် ကလေးများအတွက် Critical နှင့် Creative Thinking များရရှိရန်အတွက် ရည်ရွယ်ချက်ကောင်းမွန်သော်လည်း သင်ပြသူ ဆရာ၊ ဆရာမများအတွက် အထက်ကညွှန်လိုက်သည့်အတိုင်း ဘုမသိ ဘမသိ လိုက်သင်နေကြရသည်သာ ဖြစ်သည်။ ကိုယ်ပိုင်လေ့လာမှုအားကောင်းသော ဆရာ၊ ဆရာမများအတွက် မထောင်းတာလှသော်လည်း သင်တန်းပြီးစဆရာ ဆရာမများမှာမူများစွာ အခက်အခဲတွေ့ကြရပါသည်။ ထိုအခါ သင်တတ်သည်များကိုသင်၍ မသင်တတ်သည်များ ချန်ထားခဲ့ကြပါသည်။ အထူးသဖြင့် နယ်စွန်နယ်ဖျားကျောင်းများ ဖြစ်ပါသည်။သို့ဖြင့် အောင်ချက်မကောင်းသော ကျောင်းပေါင်းများစွာ ထွက်ပေါ်လာပါသည်။တစ်ရာတွင် သုံးဆယ်ရာခိုင်နှုန်းလောက်သာ အောင်မြင်ခဲ့၍ ပညာရေး အဟောသိကံဖြစ်မှု မြင့်မားနေဆဲ ဖြစ်ပါ သည်။)

- အပြောင်းအလဲတိုင်းသည် သုတေသနပြုလုပ်ခြင်း၊ လေ့လာဆန်းစစ်ခြင်းများ လိုအပ်နေပါသည်။

ဆိုလိုသည်မှာ မတ်လကုန်အထိ ကျောင်းတက်ရန် အမိန့်ထုတ်ထားသော်လည်း မတ်လအတွက် အချိန်ဇယားမရှိပါ။အချိန်ဇယားသည် ဒီဇင်ဘာလတွင် သင်ခန်းစာပြီးပြတ်နေပါသည်။ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလသည် ပြန်လှန်သင်ကြားရန်ဖြစ်၍  ပြန်လှန် သင်ကြားနေကြပါသည်။ သို့ဖြစ်၍ မတ်လသည် စာမေးပွဲဖြေဆိုရန်သာဖြစ်သည်။ စာမေးပွဲဖြေဆိုရာတွင် ငယ်စဉ်ကြီးလိုက် အစဉ်အလာအတိုင်းသာ စာမေးပွဲကျင်းပရုံဖြင့် ပြေလည်သွားနိုင်ပါသည်။

သို့ဖြစ်၍ ယနေ့ဖြစ်ပေါ်နေသော ပညာရေးဆိုင်ရာ ကန့်ကွက်ဆန္ဒပြခြင်းများသည် ကြိုတင်စီမံနိုင်မှု အားနည်းသောကြောင့်ဖြစ်သည်။ ရှေ့နောက် မညီသောကြောင့်ဖြစ်သည်။ကမ္ဘာ့နိုင်ငံများ၏ ပညာရေးစနစ်ကို ရုတ်ခြည်းပြောင်းလဲလိုသောကြောင့်ဖြစ်သည်။ ပြောဆိုမှု၏ နောက်ကွယ်တွင် ပြောင်းလဲမှု အစီအမံများ ပါမလာသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ မူလပညာရေးစနစ်ဟောင်းအတိုင်း အတန်းအချို့ကို စာမေးပွဲအချိန်ဆွဲ၍ အချို့အတန်းများကိုမူ စနစ်သစ်မူအရ ရေးဆွဲထားသောကြောင့် ပြဿနာဖြစ်နေကြရသည်။

သို့ဖြစ်သောကြောင့် အချို့အတန်းများသည် စောစောပြီး၍ အချို့အတန်းများသည် နောက်ကျ၍ပြီးသည်။ မတ်လအထိ ကျောင်းတက်ရမည့်မူနှင့် မကိုက်ညီသကဲ့သို့ လပိုင်းမာတိကာအရ သင်ပြီးဖြစ်၍ မတ်လအထိ စာသင်ရက် သတ်မှတ်သည်မှာလည်း သဘာဝမကျဖြစ်နေသည်။ဤသို့ဖြင့် ပညာရေးအသံ မညံသင့်ဘဲညံ ဆရာ၊ ဆရာမများ လမ်းပေါ်သို့ မထွက်သင့်ဘဲ ထွက်ကြရသည်သာဖြစ်သည်ဟု တွေးဆကြည့်မိသည်။

ခင်မောင်ဌေး (ပညာရေး)