News

POST TYPE

EDUCATION

ပညာရေးလောကမှ ပဲ့တင်သံများနှင့် ဆင်ခြင်ဖွယ်ရာ
30-Nov-2019


စာရေးသူသည် ပညာရေးလောကတွင် နှစ်ပေါင်း ၄၀ နီးပါး ကျင်လည်နေသူဖြစ်သည်။ သို့အားလျော်စွာ ပညာရေးမိတ်ဆွေ အများအပြားရှိသည်။ အများစုမှာ အခြေခံပညာမှ ဖြစ်သည်။ဆရာအများစုဖြစ်သည်။ အချို့မှာ ဝန်ကြီးဌာနတွင် စီမံခန့်ခွဲသည့်နေရာတွင် နေရာရသူအချို့ရှိသည်။ အချို့မှာ မလုပ်မရှုပ်မပြုတ်ဆိုသည့် နေသာသလို နေကြသူများရှိ၍ အချို့မှာ အမှန်တရားအတွက် အမုန်းခံ၍ ပြောဆိုနေသူများလည်း ရှိကြသည်။ ပညာရေးတွင် ထဲထဲဝင်ဝင်သိရှိသူများပီပီ ဝေဖန်စရာရှိလျှင် ဝေဖန်အကြံပြုစရာရှိလျှင်လည်း အကြံပြုသည်။

တစ်နေ့ကတော့ ပညာရေးမိတ်ဆွေ၏ ပေါက်ကွဲသံစဉ်များ FB တွင်ပေါ်လာသည်။ ဤမျှအထိ ဖြစ်လာသည်မှာ တော်ရုံတန်ရုံ ခံစားချက်နှင့် မဖြစ်နိုင်၊ တစ်စတစ်စလွန်ကဲလာခြင်း၊ ထိန်းထိန်းသိမ်းသိမ်း ဖေးဖေးမမလုပ်၍ ပင်မရနိုင်သည့် အခြေအနေမျိုးထိ ရှိလာ၍ဖြစ်ဟန်တူသည်။ စာရေးသူ၏ မိတ်ဆွေက -

‘မြန်မာပညာရေး၊ နိုင်ငံခြားပညာရေး’ လား ဟူ၍ပင်မေးခွန်းထုတ်လာသည်။ အကြောင်းကား -

- အခြေခံပညာရေးမှာနေရင် နိုင်ငံခြားသွားဖို့ အခွင့်အလမ်းပိုရှိသည်။
- နိုင်ငံပေါင်း ၆၀ကို ရောက်ပြီးဟု ကြွေးကြော်ထားသည့် ပြောသောစကားသံများကို ကြားနေရသည်။
- မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ပညာရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာ ပရောဂျက် ပေါင်းစုံကိုလက်ခံပြီး စီမံကိန်းများကို အလုအယက် ဆောင်ရွက်နေကြသည်ဟု သိရသည်။
- ပြန်လည်သုံးသပ် စဉ်းစားကြစေလိုသည်။
- နိုင်ငံခြားတိုင်းပြည်များသို့ အခေါက်ခေါက်အခါခါ သွားလာနိုင်သည့်တိုင်အောင် မြန်မာ့ပညာရေးအတွက် မည်မျှအထောက်အပံ့ပေးနိုင်ပါပြီနည်း။ ပြန်လည်ဆန်းစစ်ကြည့်ပြီးပြီလား။ ကောင်းစွာထောက်ကူ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါက နိုင်ငံပိုင် ငွေကြေးကို အဟောသိကံ ဖြုန်းနေခြင်းသာဖြစ်ပါလိမ့်မည်။
- စီမံကိန်းလုပ်ငန်းစဉ်များ ဘယ်နှခု အောင်မြင်နေပါသနည်း၊ အရေအတွက်နှင့် အရည်အသွေးကို သဲသဲကွဲကွဲနားလည်ဖို့လိုသည်။ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်အသိပေးရဲဖို့လိုသည်။
- ကျောင်းအုပ်မပြောနှင့် အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ဖူးခြင်း မရှိသူကို စီမံခန့်ခွဲမှုသင်တန်း ဒုကျောင်းအုပ်အဖြစ်ခန့်ခြင်း၊ လ/ထ ညွှန် (ကြီးကြပ်/အကဲဖြတ်) ခန့်ခြင်းသည် နိုင်ငံခြားအတွေ့အကြုံများကို ပြန်လည်အသုံးပြုနေသည်ဆိုလျှင် - 
- စာတစ်ပိုဒ်ကိုတောင် ဖြောင့်အောင်မရေး တတ်တဲ့လူ အထက်တန်းပြ မလုပ်ဖူးသူကို စာကြည့်တိုက် လ/ထ ညွှန်ပေးခြင်းသည် နိုင်ငံတကာစံချိန်စံညွှန်း စံနှုန်းမီအောင် ဆောင်ရွက်ချက်များဖြစ်လေသည် ဆိုလျှင်- 
- အခြေခံပညာရေး အထောက်အကူပြု ဘာသာအဖြစ် စာအုပ်ဘယ်နှအုပ်ပြုစုပြီးပါပြီလဲ။
- ရုံးချုပ်တွင်တာဝန်ယူနေသူများအနေနှင့် ပညာရေးအထောက်အကူပြုဆောင်းပါး စာအုပ်များ မည်မျှရေးသားထုတ်ဝေပြီးပါပြီလဲ။
- နိုင်ငံတော်အဆင့်သို့ တင်ပြရမည့် စာအုပ်တွင် ကျောင်းသား၊ ဆရာစာရင်းကို ဖော်ပြရာတွင်တိုင်းဒေသကြီးတစ်ခုလုံးကို ချန်လှပ်ဖော်ပြခြင်းသည် အခြေခံပညာအဆင့် အရည်အသွေးပေပဲလား။
စာရေးသူ၏ မိတ်ဆွေက ဖော်ပြချက်များ အားလုံးအတွက် ‘တာဝန်ယူ၊ တာဝန်ခံနိုင်ပါသည်’ ဟူ၍ ဖော်ပြလာသည်။
- စင်စစ် ဌာနအတွင်းလှိုက်စားနေသည့် အဂတိတရားများရှိနေသည်။ အထူးသဖြင့် အပြောင်းအရွှေ့ကာလတွင် အတော်ပင်ပူပူညံညံဖြစ်နေကြသည်ကို ကြားရ၏။ အထူးသဖြင့် လူမှန်၊ နေရာမှန် ရာထူးခန့်ထားမှုများ ပျက်ယွင်းခဲ့မှုများကြောင့် စီမံခန့်ခွဲမှု အရာမရောက်မှုများကြုံခဲ့ကြရသည်။ ရာထူးခွဲဝေ ခန့်ထားမှုများ၊ မမျှတမှုများကြောင့် မကြာခဏ အသံကြားခဲ့ကြရသည်သာ ဖြစ်သည်။

နိုင်ငံတော်သည် ပညာရေးပြုပြင်ပြောင်းလဲမှုများ အားတက်သရော ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းဘက်ဂျက်တိုးမြှင့်ရုံသာမက နိုင်ငံတကာ အကူအညီများရယူခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံများမှ အတိုးမဲ့ချေးငွေများချေးယူခြင်း စသည်ဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်နေသည်။ ဆိုလိုသည်မှာ နိုင်ငံဘဏ္ဍာများ ချေးငွေများဖြင့် တည်ဆောက်ပြုပြင်နေရာ ဘဏ္ဍာငွေအလေအလွင့် နည်းနိုင်သမျှနည်းရမည်သာ ဖြစ်သည်။ စာရေးသူမိတ်ဆွေ ဆိုသကဲ့သို့ နိုင်ငံခြားသို့ အကြိမ်ကြိမ် သွားနေကြသော်လည်း မည်သို့အကူအပံ့ပြုနေသည်မသိ။ နိုင်ငံခြားမှ အတွေ့ အကြုံဗဟုသုတများ ဖြန့်ဝေခြင်း၊ ရေးသားခြင်း အသုံးပြုခြင်းများလည်း မတွေ့ရ၊ နိုင်ငံခြားသို့ အပြိုင်အဆိုင် ခရီးထွက်ရဖို့ ကြိုးစားနေကြဟန်တူသည်။

စာရေးသူ၏ မိတ်ဆွေသည် ပညာရေးမှ ပင်စင်ယူပြီးသည့် တိုင်မနားနိုင်သေး။ လိုအပ်သည့် အကြံဉာဏ်များ၊ စာတမ်းများ၊ လိုအပ်လျှင် လွှတ်တော်ထဲသို့ပင် သွားရောက်ရှင်းပြနေသူ ဖြစ်သည်။ သို့ဖြစ်ရာစီမံကိန်း တစ်ခုအကောင်အထည်ဖော်ရာတွင် လေးလေးနက်နက် ရှိစေလိုသည်။ ပေါ့ပေါ့ဆဆ အပြောအဆိုမျိုးကြောင့် ဌာန၏ဂုဏ်သိက္ခာညှိုးနွမ်းမှာကို ပူပင်သူဖြစ်သည်။(ယင်းသို့ပြောဆိုနေမှုများကြောင့်လည်း မကြာခဏ ရှင်းလင်းနေကြရသည်) သို့ဖြစ်၍ စနစ်သစ်သင်ရိုးကို အပြည့်အဝအာမခံနေမှုများနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက ၂၀၀၁ ခုနှစ် မတ်လတွင် ဖွင့်လှစ်ခဲ့သည့် မြို့နယ်ပညာရေးမှူးများ လုပ်ငန်းခွင်သင်တန်းပို့ချချက် (ပညာသင်ကြားရေး) နှာ ၆၁ တွင် သင်ရိုးညွှန်းတမ်း၏ သဘောသဘာဝနှင့် အခြေခံပညာ သင်ရိုးညွှန်းတမ်းခေါင်းစဉ်ကို ထည့်သွင်းထားကြောင်း၊ နှာ ၆၃တွင် သင်ရိုးညွှန်းတမ်း အကောင်အထည်ဖော်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဖော်ပြထား၏
(က) ဆရာ၏ အရည်အသွေး၊
(ခ) ဆရာ/ကျောင်းသား အချိုး၊
(ဂ) စာသင်ခန်း၊ ပရိဘောဂ၊ သင်ကြားရေး ပစ္စည်း၊ ငွေကြေး၊
(ဃ) စီမံခန့်ခွဲ ကြီးကြပ်သူများ၏ အရည် အသွေး၊
(င) စာမေးပွဲစနစ်၊
(စ) မိဘပြည်သူများ၏ အားပေးမှု၊
(ဆ) လုပ်ငန်းခွင်ဆရာ အတတ်ပညာရေး စသည့်ပညာရေးဝန်ကြီးဌာန၏ ပညာရေး သဘော တရားနှင့်အညီ လမ်းညွှန်ထားပြီးဖြစ်သော အဆိုပါ လိုအပ်ချက်ကို မည်မျှဖြည့်ဆည်းနိုင်ပြီလဲ၊ မည်သူတို့တွင် တာဝန်ရှိသလဲဆိုသည့် အချက်များစဉ်းစားသင့်ကြောင်း ဖော်ပြခဲ့သည်။

စင်စစ်ပညာရေးပြုပြင်ပြောင်းလဲမှုဆိုသည်မှာ စနစ်တစ်ခုကို ပြောင်းလဲသည်ဖြစ်၍ သက်ဆိုင်သူ Stakeholders အားလုံးကလိုက်ပါ ပြောင်းလဲရန်လိုသည်။ သင်ရိုးပြောင်းသည်။ သင်ကြားနည်းစနစ် ပြောင်းသည်။ သင်တန်းများပေးသည်။ ဤမျှနှင့်မပြီး။ အဓိကစီမံခန့်ခွဲနေရသည့် ဦးစီးဌာနများမှ တာဝန်ရှိသူများအနေနှင့် လိုက်ပါပြောင်းလဲကြရမည်ဖြစ်သည်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် စီမံကိန်း ချဆောင်ရွက်နေသော်လည်း လိုက်ပါမပြောင်းလဲနိုင်သည့် အတွေးအမြင်များ၊ တစ်ယူသန်အစွဲများ ခေါက်ရိုးကျိုးအမူအကျင့်များ မပြောင်းနိုင်ကြသေးသည်ကို တွေ့နေရသည်။ အထူးသဖြင့် အဂတိတရားမကင်းသည့် လုပ်ဆောင်မှုများကြောင့် အသံထွက်နေကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ဌာနတွင်းဖြစ်ပေါ်နေသည့် စီမံခန့်ခွဲမှု အလွဲများ၊ အတ္တလွန်ကဲမှုများကို ဖော်ထုတ်လာခြင်းမှာလည်း ဝန်ကြီးဌာနတစ်ခုလုံးအတွက် ဖြစ်ပေလိမ့်မည်။ နေသာသပ လေညာက ဟုဆို၍ ရသော်လည်း ကိုယ့်ထမင်းကိုယ်စားကာ ကောင်းမွန်သည့် ပြုပြင်ပြောင်းလဲရေး အရွေ့တစ်ခုသို့ အမုန်းခံ တင်ပြနေခြင်းကိုလည်း အသိအမှတ်ပြုသင့်သည်။အမှန်တကယ် လေ့လာသုံးသပ်၍ ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် ပညာရေးအတွက် အကျိုးမဲ့သွားစရာမရှိနိုင်ဟု ထင်မြင်ယူဆမိ၍ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
 
 ခင်မောင်ဌေး (ပညာရေး)