News

POST TYPE

EDUCATION

ပညာရေးခြေဖဝါးမှာ စိုက်ဝင်နေတဲ့ ကျူရှင်
23-Nov-2019


ယနေ့ မြန်မာ့ပညာရေးစနစ်တွင် ပြုပြင်ပြောင်းလဲလိုက်သော မဟာဗျူဟာမြောက် ပြောင်းလဲမှုတစ်ခုလည်းဖြစ်သည်။ ထိုကြောင့်လည်း စနစ်သစ်ပညာရေးသည် တစ်မူထူးခြားသော ပညာရေး စနစ်ဖြစ်ပေသည်။ ဤတွင် ပြောင်းလဲလိုက်သော ပညာရေးစနစ်သည် ယခင်အလွတ်ကျက်ပညာရေး စနစ် (စနစ်ဟောင်း)မှ အလွတ်မကျက်ပညာရေးကို ဖော်ဆောင်ချင်သောကြောင့်ပင် ဖြစ်သည်။

အလွတ်ကျက်ပညာရေးဆိုသည်မှာ သင်ထားသောစာများကို ‘၏ ၊ သည်’ မရွေး အလွတ်ဆို၊ အလွတ်ကျက်၊ အလွတ်ရေးဖြင့် ကျောင်းသားတစ်ယောက်၏ အရည်အချင်းကို စစ်ဆေးအကဲဖြတ်သော ပညာရေး ဖြစ်သည်။ ထိုပညာရေးတွင် ပညာရေးသားကောင်များဖြစ်သော မျိုးဆက်သစ်လူငယ်များသည် ဘာလာလာ ဒေါင်းဆိုသလို သင်သမျှစာတိုင်းကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ‘အလွတ်’ ရရေးသာ အလေးထားလာကြတော့သည်။ ထိုအခါတွင် စနစ်ဟောင်းပညာရေးသည် ပေးသမျှအကုန်ကျက်ရသော အလွတ်ကျက်ပညာရေး ဖြစ်လာသည်။

ထို့ကြောင့် အလွတ်ကျက်ပညာရေးတွင် ကျောင်းသား၊ ကျောင်းသူတို့သည် သူတို့အသိစိတ်ထဲ၌ အတန်းထဲတွင် စာအတော်ဆုံးဖြစ်ရန်နှင့် စာမေးပွဲတစ်ခု၌ အမှတ်များများ ရရှိရေးသာ ဦးစားပေးလာကြသည်။ မိဘများအနေနှင့်လည်း မိမိတို့၏ သား၊ သမီးသည် သူတကာထက် စာမေးပွဲအောင်ရေး၊ အမှတ်ကောင်းကောင်းရရှိရေး၊ ဂုဏ်ထူးရရှိရေးဆိုသည့် အရေး(၃)ပါးကိုသာ အာရုံစိုက် စိတ်ဝင်စားလာတော့သည်။ ထိုအခါ မိဘတို့သည် မိမိတို့၏ သား၊ သမီးကို လူတော်လူကောင်းများ ဖြစ်စေချင်သည့် စိတ်ဆန္ဒဖြင့် အမှတ်ကောင်းရေး၊ ဂုဏ်ထူးများများရရေးဆိုသည့် အရေးအရာများအောက်တွင် သား၊ သမီးတို့ကို ဖိအားပေးလာကြသည်။ ဤတွင် သား၊ သမီးအများစုသည် မိဘတို့၏ မဟာစီမံကိန်းအောက်တွင် ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီးဂိုက် (Guide)နှင့်သာ ရှိသမျှအချိန်လေးနှင့် နပန်းလုံးနေရတော့သည်။

အခက်အခဲဆိုသည်ကို သိလိုက်သည်နှင့် အခက်အခဲဖြေရှင်းနည်းများကို ရှာဖွေစဉ်းစားလိုက်သောအခါ အဖြေကို တွေ့လိုက်ရသည်။ ထိုအဖြေကား ကျူရှင်ဆိုသောအရာပင် ဖြစ်ပါသည်။
ကျူရှင်ဆိုတာကလည်း ယနေ့ခေတ်အခြေအနေအရ ပညာရေးကို ဦးစားပေးသောခေတ်ဖြစ်နေသောကြောင့် ပညာ့သားကောင်များဖြစ်သော အနာဂတ်၏ ရတနာများသည်လည်း ပညာဆိုသော အရာနောက်သို့ အမီလိုက်နေကြရသည်။ ထိုသို့အမီလိုက်နေရခြင်းကြောင့်လည်း ယနေ့ခေတ်လူငယ်များသည် ပညာ၏ ကြိုးဆွဲရာကနေရသည့်အဖြစ်ကို ရောက်ချင်းမလှရောက်နေကြသည်။ ဤတွင် ပညာခေတ်တွင် ဖြတ်သန်းနေကြရသော အုပ်ထိန်းသူ (ဆရာ၊ မိဘ) များ၏ အားနည်းနေမှုကို တွေ့ရသည်။

အုပ်ထိန်းသူတွေ အားနည်းနေသောအချက်မှာ အမှတ်ကောင်းကောင်းရရေး၊ ဂုဏ်ထူးများများထွက်ရေး၊ အတတ်ပညာလိုင်းကောင်းကောင်းရရေးဆိုသော အချက်များပင်ဖြစ်သည်။ ထိုအရေးများကြောင့် ယနေ့ပညာ့ခေတ်တွင် အလွတ်ကျက် ပညာရေး၊ ကျူရှင်ပညာရေးတို့ ခေတ်စားလာခြင်း ဖြစ်သည်။

အကြောင်းအရာတစ်ခု ခေတ်စားလာသည်နှင့် ထိုအကြောင်းအရာ၏ အရေးပါမှု တန်ဖိုးကြီးမားလာမှုသည် သူ့အလိုလို ကြီးထွားလာသည်။ ဤသည်ကို စီးပွားရေးသမားများကသိပြီး တန်ဖိုးမြင့် ပေး၍ရယူကြသည်။ ထိုရယူမှုများကြောင့် ယခင်တုန်းက ကျောင်းဆရာ၊ ဆရာမဆို အဆင့်နိမ့်၊ လစာနည်း၍ မလုပ်သူများသည် တန်ဖိုးသိလာပြီး ပညာရေးလောကထဲသို့ ခြေစုန်ပစ်ဝင်လာခဲ့ကြသည်။ (စေတနာနှင့် ယုံယုံကြည်ကြည်လုပ်နေသော ဆရာ၊ ဆရာမများကို မဆိုလိုပေ။)

ထိုသို့အခြေအနေများကြောင့် ယနေ့ခေတ်ပညာရေးတွင် ကျူရှင်တွေခေတ်စားလာခြင်း ဖြစ်သည်။ ကျူရှင်တွေခေတ်စားလာသည်နှင့်အမျှ လူငယ်များ၏ ကျူရှင်အပေါ် အာရုံစိုက်လာမှုသည်လည်း မတက်မဖြစ်သင်တန်းတစ်ခုလို ဖြစ်လာသည်။

ယနေခေတ်အခါတွင် ကျူရှင်များပေါ်လာပြီးနောက် မိဘများကတော့ ‘ငါ့သားလေး၊ ငါ့သမီးလေး ကျူရှက်တက်နေတာပဲ၊ အချိန်တန်စာမေးပွဲအောင်လိမ့်မယ်’ ဟုထင်ထားကြသည်။ သား၊ သမီး၏အခြေအနေကိုတော့ စောင့်မကြည့်ဘဲထားတတ်ကြသည်။ ထိုအခါမျိုးတွင် မဖြစ်သင့်သည်များ ဖြစ်လာတော့မှ ယူကျုံးမရ ဝမ်းနည်းကြသည်။ ထိုဝမ်းနည်းမှုသည် ကာလမကြာပေ။ အကြောင်းမူကား ပညာကို အမှီလိုက်နေသော သူတို့သည် ဒီကျူရှင်က မအောင်လျှင် အခြားကျူရှင်ပြောင်းဆိုသလို ကျူရှင်များကို တစ်နေရာမှ တစ်နေရာသို့ ထပ်တလဲလဲပြောင်းနေကြသည်။

ဤတွင် ကျူရှင်ပေါင်း ထပ်ခါတလဲလဲ ပြောင်းနေရသောကလေးသည် ကျူရှင်ပါးဝလာပြီး ကျောင်းစာတွင် အာရုံစူးစိုက်မှု လျော့နည်းလာတော့သည်။ ထိုအခါတွင် ကလေး၏ပညာရေးမှာ ထင်သလောက် မပေါက်မြောက်ဘဲ သဲထဲရေသွန်သလိုသာ ဖြစ်လာတော့သည်။ ၎င်းမှာ မိဘ၊ အုပ်ထိန်းသူတို့၏ ရေလိုက်လွဲသော ပညာအမွေပေးမှုပင် ဖြစ်ပါသည်။ ထိုအမွေကား အထင်တွင် သုံးမကုန်ဟု ထင်ရသော်လည်း တကယ်လက်တွေ့တွင်တော့ သုံးမရသော အမွေပင် ဖြစ်သည်။ အကြောင်းမူကား ထိုလူငယ်များသည် တက္ကသိုလ်ဝင်တန်းပြီး၍ အမှန်တကယ် လက်တွေ့ ဘဝကိုဖြတ်သန်းသောအခါတွင် အခက်အခဲများကို နဖူးတွေ့၊ ဒူးတွေ့ တွေ့ရတော့သည်။ မည်သိုပင်ဆိုစေ မိဘတို့သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ရေးအတွက် ကျူရှင်ကို အားထားလာကြသည်။ ဤတွင် ကျူရှင်ကဏ္ဍသည် မြန်မာ့ပညာရေးတွင် အရေးကြီးသော အခန်းကဏ္ဍက ပါဝင်လာပေသည်။

မြန်မာ့ပညာရေးကဏ္ဍတွင် ကျူရှင်က အရေးပါလာသည်နှင့်အမျှ မိဘ၊ ဆရာ အများစုတို့သည် ကျူရှင်အနောက်ကို အလျင်မီအောင်လိုက်နေကြသည်။ ထိုသို့အမီလိုက်ရာတွင် မိဘများသည် ဆရာများထက် ပို၍လိုက်ကြသည်။

အကြောင်းမူကား မိဘတို့သည် မိမိတို့ စာသင်သား (ကျောင်းသား)ဘဝတုန်းက မဖြစ်ခဲ့သော ရည်မှန်းချက်များကို မိမိတို့၏ သား၊ သမီးများ လက်ထက်တွင် ဖြစ်စေချင်ကြသည်။ ထိုအခါတွင် သား၊ သမီးတို့ကို သူတို့ဖြစ်ချင်သော ဆရာဝန်၊ အင်ဂျင်နီယာ စသည့် တက္ကသိုလ်လိုင်းကောင်း ကောင်းရရေးအတွက် ကောင်းပေ့ဆိုသော ကျူရှင်ကို ရွေးကာပညာကို ငွေပေးပြီး ရှာနေကြသည်။ ဤတွင် အသိမိဘတစ်ဦးပြောသော ‘ပညာရွှေအိုး လူမခိုး၊ ရွှေအိုးရှိမှ ပညာရ’ ဆိုသည့် စကားလေးကို သတိရမိပါသည်။ မှန်ပါသည်။ ယနေ့ခေတ်အခါသည် ပညာရှာသည့်အခါ ရွှေအိုးမရှိဘဲ မရအောင်ကိုဖြစ်နေပေသည်။ ဤသည်မှာ တိုးတက်ဖွံ့ ဖြိုးလာသော ခေတ်စနစ်နဲ့အညီ အမီလိုက်နေရသော ပညာရေးအဆင့် တိုးတက်ပြောင်းလဲလာမှုကြောင့်ဖြစ်သည်။ ထိုပြောင်းလဲမှုတွင် (၂၀၁၆-၂၀၁၇) ပညာသင်နှစ်ကစပြီး ပြောင်းလဲခဲ့သော KG (သူငယ်တန်း)ပညာရေးကို မြန်မာ့ပညာရေးစနစ်တွင် တစ်မူထူးသော ပြောင်းလဲမှုဖြစ်လေသည်။ ဤတွင် ကျွန်တော်တို့မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် နိုင်ငံတကာပညာရေးနှင့် နှိုင်းယှဉ်ကြည့်လျှင် အတော်ကလေးကို နောက်ကျလွန်းလှသည်။
 
ပညာရေးတင်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။ ပညာသင်ယူနေသော စာသင်သားများမှာလည်း အတွေးအခေါ် နောက်ကျနေသည်ကို တွေ့ရသည်။ ဤသည်မှာ ပညာရေးစနစ် မကောင်းလို့ပဲဟု ယိုးမယ်ဖွဲ့ရမလိုပင်။ ဤတွင် မြန်မာပြည် ပညာရေးစနစ်သည် မြန်မာပြည်သူလူထု၏ အနာဂတ်များကို စနစ်ကျကျ ဖျက်ဆီးပစ်နေခြင်း မဟုတ်ပါလောဟူ၍ သံသယဝင်မိသလို ထင်လည်းထင်မိပါသည်။ ထိုသို့ဖျက်ဆီးပစ်နေခြင်းကို ကျွန်တော်တို့တစ်တွေက သိသိကြီးနဲ့ မျက်စိမှိတ်၊ ခေါင်းညိတ်ကာ ကြည့်နေရသည့်အဖြစ်ကို မနှစ်မျို၍ အပြစ်ဆိုပြန်ရင်လည်း ငါနှင့်မတူ ငါ့ရန်သူဆိုသော စိတ်နှင့် အရာအားလုံးကို အပြစ်မြင်တတ်ကြပြန်သေးသည်။ ထိုသို့သော အဖြစ်ဆိုးမှ လွတ်မြောက်ရန်အတွက် အမြော်အမြင်ရှိသူတို့ ပညာရေးစနစ်ကို စတင်ပြောင်းလဲလိုက်သည်။ ထိုပြောင်းလဲမှု၏ အဓိကရည်ရွယ်ချက်ကား ယခုတစ်လော ဂယက်ထနေသော ကျူရှင်ပညာရေးစနစ်ကို ပပျောက်စေချင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ကျူရှင်စနစ်ကြီးသည် စနစ်သစ်ပညာရေး၏ ခြေဖဝါးတွင် စိုက်ဝင်နေဆဲ ဖြစ်သည်။

ပြီးခဲ့တဲ့နွေရာသီ ကျောင်းပိတ်စဉ်ကာလတုန်းက အခြေခံပညာရေးမှ ဆရာ၊ ဆရာမများသည် ပြုပြင်ပြောင်းလဲလိုက်သော စနစ်သစ်ပညာရေး၏ သင်ရိုးကို မိတ်ဆက်သောအနေနှင့် နွေရာသီကျောင်း ပိတ်ရက် (၁၄)ရက်တိတိ သင်တန်းတက်ကြရသည်။ ထိုသို့သင်တန်းတက်ရာတွင် အစပထမနှစ်ရက်မှာ သင်ရိုးတစ်ခုလုံကို မိတ်ဆက်သည့်အနေနှင့် သင်ရိုးခြုံငုံ သုံးသပ်ချက်ကို မော်ကျူး (A)နှင့်(B)ဆိုပြီး သင်ရသည်။ ထို့နောက် ကျန်ရှိသော (၁၂) ရက်မှ (၁၀) ရက်ကို ပြဋ္ဌာန်းဘာသာ (၁၀) ဘာသာကို တစ်ဘာသာ တစ်ရက်နှုန်းဖြင့် သင်ရသည်။ ကျန်ရှိသည့် (၂) ရက်တွင်တော့ ပြဋ္ဌာန်းဘာသာ (၁၀) ဘာသာထဲမှ ညွှန်ကြားချက်ပါ ဘာသာရပ်ကို ကလေးများဖြင့် လက်တွေ့သင်ပြရသည်။ ဤသည်မှာ စနစ်သစ်ပညာရေးကို ပြုပြင်ပြောင်းလဲရာတွင် ပါဝင်လာသော ဆရာများ၏ အခန်းကဏ္ဍဖြစ်ပေသည်။ စာရေးသူပြောချင်သည်မှာ ထိုအကြောင်းမဟုတ်ပေ။ (ထိုအကြောင်း ပြောရလျှင် စာတစ်စောင် ပေတစ်ဖွဲ့ ဖြစ်နိုင်ပေသည်။-စကားချပ်) ထို့ကြောင့် စာရေးသူ ပြောချင်သည်မှာ သင်တန်း၏ နောက်ဆုံး (၂) ရက်တွင်ပြုလုပ်သော ကလေးများနှင့် လက်တွေ့သင်သော ကိစ္စဖြစ်သည်။ 

ထိုသို့လက်တွေ့သင်ရခြင်းမှာလည်း မြေပြင်တွင် ကလေးများနှင့် နဖူးတွေ့၊ ဒူးတွေ့သင်ရသောအခါ ဖြစ်ပေါ်လာနိုင်သော အခက်အခဲများကို လေ့လာနိုင်ရန် ရည်ရွယ်ပေသည်။ ထိုရည်ရွယ်ချက်အတွက် အခက်အခဲများကို တွေ့ရလိမ့်မည်ဆိုသော မျှော်မှန်းချက်ဖြင့် ကလေးများဖြင့် လက်တွေ့သင်ရမည့်အခြေအနေကို အမျှော်လင့်ကြီး မျှော်လင့်ထားပေသည်။
ဤတွင် ကလေးများနှင့် လက်တွေ့သင်ရမည်မှာ စတင်ပြောင်းလဲလိုက်သော စနစ်သစ်ပညာရေး၏ သင်ရိုးသစ်၊ ပြဋ္ဌာန်းစာအုပ်အသစ်ဖြင့် သင်ရမည်ဖြစ်၍ စာရေးသူအနေနှင့် သင်တန်းကာလတုန်းက သင်ယူခဲ့ရသော အခက်အခဲနှင့် မြေပြင်တွင် အမှန်တကယ်သင်ကြရမည့် ကလေးများ၏ အခက်အခဲ ဘာကွာသလဲဆိုသည်ကိုလည်း ပို၍သိချင်လာသည်။ ထို့ကြောင့် ကလေးများနှင့် လက်တွေ့သင်သောနေ့၌ စာရေးသူသည် သင်တန်းစီမံချက်ပါ ညွှန်ကြားချက်အတိုင်း မိမိလေ့လာလိုသော စာသင်ခန်းကို လိုက်လေ့လာမိသည်။ ထိုသို့လေ့လာမိစဉ် အမှတ်မထင် ကြားလိုက်ရသော စကားတစ်ခွန်းကြောင့် စာရေးသူ အတော်လေးတုန်လှုပ်မိသည်။

စာရေးသူသည် ကလေးများနှင့် လက်တွေ့သင်သောနေ့တွင် မြန်မာစာသင်သောအခန်းသို့ ဝင်ပြီးနားထောင်မိသည်။ စာရေးသူ အခန်းထဲဝင်ပြီး ခဏအကြာတွင် သင်ခန်းစာ စတင်လေသည်။သင်ခန်းစာ စတင်သည်နှင့် ဆရာမက သူသင်ရမည့် သင်ခန်းစာကို ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း စာအုပ်မိတ္တူများကို ကလေးအယောက်စီတိုင်းသို့ ပေးဝေလေသည်။ ထိုအခါတွင် ကလေးတစ်ယောက်က ဆရာမပေးသော စာအုပ်မိတ္တူကို သေချာကြည့်ပြီး “ဒါ...ငါတို့ကျူရှင်မှာ ဆရာမသင်ထားတဲ့ ဟာတွေ ကွ”ဆိုပြီး သူ့ဘေးကသူငယ်ချင်းကို ပြောလိုက်သည်။ ထိုအခါတွင် သူပြောသည်ကို နားထောင်နေသောကလေးက ခေါင်းညိတ်ပြရင်း ထောက်ခံလေသည်။ ထိုအချင်းအရာကိုကြည့်ပြီး စာရေးသူ စိတ်ထဲတွင် ပြုပြင်ပြောင်းလဲလိုက်သော ပညာရေးစနစ်၏ ကျူရှင်ပပျောက်ချင်သော ရည်ရွယ်ချက်ကို အားနာမိသည်။ သို့သော်လည်း ကျွန်တော်တို့သည် ထိုကိစ္စကို မည်သို့မျှ တားဆီး၍ရမည် မဟုတ်ပေ။ 

အကြောင်းမူကား အထက်တွင် စာရေးသူပြောခဲ့သလို ကျူရှင်ကို မိဘများက ဆရာများထက် ပိုပြီးသင်စေချင်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကျူရှင်စနစ်ကြီးကို ပပျောက်စေချင်သည်ဆိုလျှင် မိဘများအနေနှင့် ပညာရေးစနစ်သစ်၏ ပညာရေး သဘောတရား၊ သင်ရိုးညွှန်းတမ်းဆိုင်ရာသဘောတရားများ စသည့်အချက်များကို သေချာဆွေးနွေးညှိနှိုင်းမှု မလုပ်ဘဲ ငါ့မှာငွေရှိတယ်၊ ငွေရှိရင် ဘာမဆိုလုပ်လို့ ရတယ်ဆိုသည့်သဘောဖြင့် ကျူရှင်ဆိုတာကို ငွေကောင်းကောင်းပေးပြီး ကလေးတွေ၏ပညာကို ငွေဖြင့်ဝယ်ယူကြလေသည်။ ဤသည်မှာ မိဘများသည် သူတို့မဖြစ်ခဲ့သောအကြောင်းကို သူတို့သား သမီးလက်ထက်မှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ အတင်းကာရော ပြုလုပ်နေခြင်းဖြစ်သည်။ မိဘများက ထိုသို့အတင်းကာရောပြုလုပ်ရင်း ပြုလုပ်ရင်းဖြင့် ဆရာ၊ ဆရာမများဆီတွင် သူတို့သားသမီးများကို စာသင်ပေးစေချင်ကြသည်။ ဆရာ၊ ဆရာမများ အနေနှင့် ရရှိသော လခလေးဖြင့် ဘဝချောင်လည်အောင် မနေရသောအခါတွင် မိမိအတတ်ပညာကို အသုံးပြုပြီး အသက်မွေးသည့်အလုပ်ဖြစ်သော ကျူရှင်ဆိုတာကို စတင်သင်ကြားတောသည်။ ဤသည်မှာ စနစ်သစ်ပညာရေးမတိုင်မီ မိဘများကအစပြုပြီး ဖန်တီးလိုက်သည့် ကျူရှင်စနစ်ကြီး ဖြစ်သည် ။ ထိုကျူရှင်စနစ်ကြီးသည် ယနေ့ခေတ် (စနစ်သစ်ပညာရေးထိ)တိုင်အောင် စိုက်ဝင်အမြစ်စွဲလျက် ရှိပေသည်။

ထို့ကြောင့် စနစ်သစ်ပညာရေးခြေဖဝါးမှာ စိုက်ဝင်နေသောကျူရှင်ဆိုသောအရာ ပပျောက်ရန်အတွက် ကျူရှင်သင်နေသူများကို တားဆီးပိတ်ပင်နေရုံဖြင့် မပြီးနိုင်ပေ။ အကြောင်းမူကား ကျူရှင်စနစ်ကို တည်ထောင်ရာတွင် မိဘများလည်း ပါဝင်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် ပညာရေးစနစ် တစ်ခုလုံးသည်လည်း ကျူရှင်စနစ်ပပျောက်စေမည့် နည်းလမ်းသစ်များကို ဖော်ဆောင်ရင်း စနစ်သစ်ပညာရေးခြေဖဝါးမှာ စိုက်ဝင်နေတဲ့ ကျူရှင်ကိုအတူ ထွင်ထုတ်ကြပါစို့ဟု ဆန္ဒပြုရင်း။

 အစဉ်လေးစားလျက်....။
 မောင်စည်သူ (အဖျောက်)