POST TYPE

EDUCATION

ပြောင်းလဲနေသည့် ခေတ်ကာလကို သတိပြုပါ
31-Oct-2019



B.ED သင်တန်းတွင် သင်ယူရသည့် ဘာသာရပ်များတွင် ပညာရေးစိတ်ပညာ (Edu-cational Psychology) ဆိုသည့် သင်ခန်းစာပါသည်။ ယင်းသင်ခန်းစာသည် ကလေးများနှင့် ထိတွေ့ ဆက်ဆံရာတွင် အထူးသိထားသင့်သည့်၊ လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို လေ့လာကြရသည်။ ဆိုလိုသည်မှာ ကလေးသည် အသက်အရွယ် ခေတ်ကာလပတ်ဝန်းကျင် စသည်တို့ကို လိုက်၍ ပြောင်းလဲမှုများ၊ ခေတ်အခြေအနေနှင့် လိုက်လျောညီစွာ ဖွံ့ဖြိုးတိုးတက်ပုံများကို သိထားရန်ဖြစ်သည်။

အထူးသဖြင့် ဆရာ၊ ဆရာမများသည် ကလေးများနှင့် လက်ပွန်းတတီး ဆက်ဆံနေရသူများဖြစ်၍ ကလေးများ၏ စိတ်ဖွံ့ဖြိုးမှုနှင့် လိုက်လျောညီထွေ ပြုမူဆက်ဆံတတ်ရန်ပင်ဖြစ်သည်။ ကလေးများ၏ သဘောသဘာဝကို နားလည်ထားသူများအနေနှင့် သင်ကြားမှုသင်ယူမှုတွင် ပို၍ အဆင်ပြေနိုင်သည်။

တစ်နေ့က စာရေးဖော် ဆရာမတစ်ဦးနှင့် ဆရာတစ်ဦးတို့ ရေးထားသည့် ဆောင်းပါးများဖတ်ရသည်။ ရည်ရွယ်ချက်ကောင်းပါသည်။ စေတနာသန့်ပါသည်။ တစ်ဦးကတော့ အားလပ်ချိန်များတွင် ကလေးများကို စာကြည့်တိုက်တွင်စု၍ စာအတင်းမဖတ်ခိုင်းတော့ဘဲ ဗဟုသုတ မေးခွန်းလေးများမေးခြင်း၊ မှန်သူကို မုန့်ကျွေးခြင်းဖြင့် ကလေးများကို စိတ်ဝင်စားအောင် စွမ်းဆောင်နိုင်ကြောင်း တင်ပြထားပါသည်။

သို့သော် မေးခွန်းများမေးရာတွင် ကလေးများ မဖြေနိုင်ကြပုံကိုလည်း ဖော်ပြထားသည်။ ဤနေရာတွင် ဆရာမ၏ ကလေးများအပေါ်ထားသည့် စေတနာမှာ စာများများ ဖတ်စေလိုခြင်း၊ ဗဟုသုတကုံလုံ ကြွယ်ဝစေလိုခြင်းပင်ဖြစ်သည်။ ဆရာမမေးသည့် မေးခွန်းအချို့ မရပုံနှင့် ပတ်သက်၍ “သီပေါမင်း ပါတော်မူတဲ့နှစ်ကို သတိမရတော့။ ဦးသန့်ကို မေ့ပစ်လိုက်ပြီး သူတို့ခေါင်းထဲမှာ သခင်ကိုယ်တော်မှိုင်းမရှိ၊ ဆရာဇော်ဂျီလည်းမရှိ၊ သခင်ဘသောင်းကိုလည်း မသိ၊ မောင်ရင် မောင်မမယ်မ မသိ။ ဂျိုကိုဝီဒိုဒိုကိုလည်း မသိ၊ လီယိုတော် စတွိုင်းလည်းမသိ၊ ရာဘင်ဒြာ နတ်ဒဂိုးလည်းမသိ၊ နပိုလီယန်ကို ဘာလူမျိုးမှန်း လည်းမသိ၊ ဆရာစံကိုမသိ၊ နယ်ဆင်မင်ဒဲလားကိုမသိ၊ ဦးဖေမောင်တင်ကိုမသိ၊ ဆင်ခိုးမလေးကို မသိ၊ တော်လှန်ရေးကောင်စီတက်တဲ့နှစ်ကို မသိ၊ ရှင်စောပု ကိုမသိ၊ ဗန်းမော်တင်အောင် ကိုမသိ၊ ရွှေဝါရောင် တော်လှန်ရေးဖြစ်တဲ့ နှစ်တောင် မှန်အောင်ဖြေနိုင်သူက တစ်ယောက်၊ နှစ်ယောက် အတော်သနားစရာ ကောင်းနေတာပေါ့”ဟု ဖော်ပြထားသည်။

ဤနေရာတွင် ကလေးများထက်သနားစရာ ကောင်သူများ အနမတဂ္ဂရှိနေသည်သာဖြစ်သည်။ TV က အပတ်စဉ် တင်ဆက်နေသည့် Money Drop (ငွေတွေဝင်) အစီအစဉ်တွင် လာရောက်ဖြေသူများမှာ လူငယ်၊ လူကြီး အရွယ်စုံ ပညာတတ်ဘွဲ့ရများမကျန် လာ၍ ဖြေဆိုနေကြသည်သာ ဖြစ်သည်။ အလွန်လွယ်ကူလှသည့် မေးခွန်းများကိုပင် မဖြေဆိုနိုင်ကြ၍ ဝေဖန်သုံးသပ်မှုများ မကြာခဏကြားနေရသည်သာ ဖြစ်သည်။

စင်စစ်ကလေးများ သနားစရာမကောင်းပါ။ ထို့အတူ Money Drop ဝင်ပြိုင်သူများလည်း သနားစရာမကောင်းပါ။ အမှန်စင်စစ် သနားစရာကောင်းသည်မှာ မြန်မာ့ပညာရေးပင်ဖြစ်သည်။ ယင်းအကြောင်းကိုလည်း စာရေးဆရာမက “ကျောင်းသား/သူတွေ မှာ စာဖတ်ချိန်မရှိပုံ၊ မိဘတွေကလည်း ကျောင်းစာမှလွဲ၍ တခြားစာမဖတ်ရပုံ၊ အိမ်ကို စာကြည့်တိုက်က စာအုပ်ယူမလာရပုံ၊ အိမ်တွင် ဂိုက်ဆရာမနှင့် (၂) နာရီခန့် စာအတူကျက်ရပုံ၊ (၉) နာရီတွင် အိပ်ရ စနေ၊ တနင်္ဂနွေဆိုလျှင်လည်း ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမတွေနဲ့ သင်ရပုံ၊ နွေရာသီမှာလည်း အင်္ဂလိပ်စကားပြောသင်ရ၊ ရေကူးသင်ရ၊ စန္ဒရား တီးသင်ရ၊ အကသင်ရ၊ ကရာတေးသင်ရနဲ့ မအားလပ်ပုံ စသဖြင့် ဖော်ပြထားလေသည်။ ဤမျှ မအားမလပ်စေရန် ပညာရေးစနစ်က လွှမ်းမိုးထားခြင်းခံရသော ကလေးများသည် မည်သို့သော စိတ်ခွန်အားကိုပွားစေ၍ အဘယ်သို့သောဉာဏ်ပညာတိုးမြင့်စေမည်နည်း။

စာရေးဖော်ရေးဖက် တစ်ဦးဖြစ်သူကမူ ကလေး အရွယ်သည် ကာတွန်းဖတ်သည့်အရွယ်ဖြစ်သည်။ သို့ဖြစ်၍ ကာတွင်း (ရုပ်ပြ) ဖတ်စေချင်ကြောင်း ရေးသည်။ ငယ်စဉ်က ဖတ်ခဲ့ရသည့် “ရွှေခေါင်းပြောင်ရုပ်ပြ၊ ဦးစိတ်တို မျောက်ညို၊ ငတက်ပြား၊ ပြာဂလောင် ပြာလချောင်၊ ဦးရှံစား ဦးဒိန်းဒေါင်၊ သမိန်ပေါသွပ် ရှင်ဂွမ်းဂွ၊ တာဇံ၊ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ စိန်မျောက်မျောက်၊ တွတ်ပီ၊ ဗိုက်ကလေး စသည့် ထင်ရှားသည့် ရုပ်ပြစာစောင်များကို စုဆောင်းတင်ပြထားသည်။ ကလေးများ စာဖတ်ခြင်းနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ပေးနိုင်သည့် ရုပ်ပြများ ပြန်လည်ပေါ်ထွန်းလာရန် ပညာရေးဌာနကလည်းပူးပေါင်းသင့်ကြောင်း တင်ပြထားသည်။ စာရေးသူမိတ်ဆွေ၏ စေတနာလည်းကောင်းသည်။ 

ထို့ပြင် လက်ကိုင်ဖုန်းများကို အသုံးပြုခွင့် မပေးစေချင်။ ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကိုလည်း သတိပေးလိုဟန်ရှိပါသည်။ စင်စစ် မြန်မာမီဒီယာ လောကကို ကြည့်ပြန်လျှင်လည်း ရုပ်ပြများ ဆိတ်သုဉ်း လုနီးပါးဖြစ်နေသည်။ ရွှေသွေးဂျာနယ်ပင် တောင့်ခံနေရ၏။ ပုဂ္ဂလိကထုတ်သည့် ရွှေမောင်း၊ ရတနာပန်းခင်း စသည်တို့မှာ ရုန်းရင်းကန်ရင်း လှုပ်ရှားရင်းဖြင့် အချို့စာစောင်များ၊ ဂျာနယ်များလည်း တဖြုတ်ဖြုတ် ကြွေနေသည်ကို တွေ့ရမည်သာ ဖြစ်သည်။ ဤအခြေ အနေတွင် ထုတ်ဝေသူကလည်း မရှိ။ ပညာရှင်များ ရှိသော်လည်း ကိုယ်ပိုင်ထုတ်ဝေနိုင်သည့် အခြေအနေမရှိ။ ဤသို့ဖြင့် ရုပ်ပြလောကသည် ဈေးကွက်ပင် ပျောက်နေလေပြီ။

ဆိုလိုသည်မှာ မိမိတို့ မည်သို့သော စိတ်ဆန္ဒများ ရှိနေစေကာမူ အခြေအနေက ဖန်တီးခွင့်နည်းပါးလှသည်။ ဤအချိန်တွင် ကလေးများ၏ စိတ်ဖွံ့ဖြိုးမှုနှင့် ခေတ်ကာလအနေအထားကို ထည့်တွက်ဖို့လို မည်ထင်သည်။ ခေတ်က အလွန်လျင်မြန်စွာဖြင့် ပြောင်းလဲနေသည်။ ဤမျှမြန်ဆန်သော နည်းပညာခေတ်ကို သူတို့ လေးတွေ လိုက်ပါစီးမျောနေကြလေပြီ။

ကလေးများတွင် မိမိသိစေချင်သည်များ၊ ဖတ်စေချင်သည်များ မဖတ်သော်လည်း ကလေးများသည် ငယ်ငယ်လေးမှစ၍ အလယ်အလတ်၊ အကြီးအထိ ခေတ်ပေါ်ပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်၏။ အသုံးပြုတတ်၏။ Post တင်တတ်သည်။ Email, G-mail ကျွမ်းသည်။ Wifi ကို ကျွမ်းကျင်စွာချိန်း၍ Google နှင့် Youtube ကို ကောင်းစွာ မွှေနှောက်တတ်၏။ ဆရာ၊ ဆရာမများကိုယ်တိုင်ကပင် ဖုန်းနှင့် ပတ်သက်လျှင် ကလေးများကို ဆရာတင်နေရ၏။ ဇော်ဂျီနှင့် ရိုက်မည်လား။ ယူနီကုတ်ရိုက်မလား။ ချိန်းပေးရမလား။ မည်သည့်ဘာသာနှင့်ပြောင်းလဲ ဖတ်ချင်သနည်း။ အားလုံးကျွမ်းသည်။ ခေတ်ပေါ် ဂိမ်းများတွင် အင်တာနက်နှင့် ချိတ်ဆက်၍ ဝင်ရောက်ကစားတတ်သည်။

ဆိုရလျှင် ခေတ်ကလေးများသည် အနော်ရထာကို စိတ်မဝင်စား။ ဆရာစံကို မသိ။ တော်လှန်ရေး ကောင်စီကိုလည်း နားလည်ချင်မှနားလည်ပါလိမ့်မည်။ သို့သော် မိုက်တိမိုက်ကန်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုသိသည်။ မဲ့ပြုံးပြုံးတတ်သည့် ထရမ့်ကို သိသည်။ မူးယစ်နှိမ်နင်းသူ ဒူတာတေးကို အားကျသည်။ 

အမေရိကန်နှင့် တရုတ်တို့၏ Trade War ကို သိသည်။ ထို့ပြင် ကုလသမဂ္ဂတွင် ကမ္ဘာကြီးပူနွေးလာမှုအကြောင်း တက်ပြောသည့် ဆွီဒင်သူ ဂရီတာ သန်းဘာ့စ် (Greta Thunberg) ကို သိသည်။ သူ့ မိန့်ခွန်းကိုပင် ဘာသာပြန်၍ ကြည့်ကာနှစ်သက်နေကြသေးသည်။

မြန်မာ့ရုပ်ပြနှင့် ကင်းကွာလာသည့် ကလေးများက Tom & Jerry ကို ကြိုက်သည်။ Mr. Bean ကို သဘောတွေ့သည်။ Japan Anime ကို မလွတ်တမ်း။ ပါဝင်စွမ်းအားရှင် Avengers ကို အသည်းစွဲ။ တချို့ကလေးများက ဂိမ်းဘုရင်ဖြစ်နေကြသည်။ နာမည်ကြီး ကလေး၊ လူကြီးအကြိုက် Dota-2, Mobile Legend နှင့် PUBG ဂိမ်းတို့ဖြစ်သည်။

ဆိုလိုသည်မှာ ကလေးများ၏ စိတ်ဖွံ့ဖြိုးမှုနှင့် ခေတ်၏ တိုးတက်မှုတို့က မျက်ခြည်ပြတ်၍ မဖြစ်ပေ။ အထူးသဖြင့် ကလေးများ စိတ်မဝင်စားတော့သည့် အခြေအနေမျိုးတွင် လုံးပန်းခြင်းထက် ကလေးများ စိတ်ဝင်စားသည့် နယ်ပယ်မှ ယင်းတို့၏ စိတ်တံခါးများကို ပို၍ဖွင့်ကြည့်ကြဖို့လိုမည်ထင်သည်။ အထူးသဖြင့် ကလေးများ၏ လက်ထဲတွင် ရောက်ရှိနေသည့် လက်ကိုင်ဖုန်းများအား ကိုင်တွယ်ခွင့်ကို ပိတ်ပင်မည့်အစား မည်သို့အကျိုးရှိစွာ အသုံးချတတ်သင့်ကြောင်း လမ်းညွှန်ပေးသင့်သည်။ အကောင်းအဆိုးပိုင်းခြားပေးသင့်သည်။ ပြောင်းလဲနေသည့် ခေတ်၏ ရေစီးကြောင်းနှင့်လိုက်လျောညီထွေဖြစ်ဖို့လိုသည်။ ခေတ်ပြောင်းသကဲ့သို့ အတွေးအမြင်များလည်း ပြောင်းကြဖို့လိုသည်။ ကလေးများ၊ လူငယ်များမှာမူ မည်သူပြောင်းပြောင်း၊ မပြောင်းပြောင်း နည်းပညာနှင့်အတူ လိုက်ပါပြောင်းလဲနေကြသည်။ အတွေးအမြင်များပင် ကြာလေလူကြီးများနှင့် ကွာဟလာလေ ဖြစ်လေသည်ကို တွေ့ရသည်။

ကမ္ဘာ့နိုင်ငံများသည် IR ခေါ်သည့် Industry Revolution အရ 4.0 အဆင်ကို ပြောင်းလဲနေကြသည်။ IR နှင့်အတူ ပညာရေးကိုလည်း Education 4.0 ကို အမီပြောင်းလဲနေသည်။ ထို့ကြောင့် AI နည်းပညာကို အပြင်းအထန် ကြိုးပမ်းနေကြ၏။ ကမ္ဘာက 4.0 အဆင့်ပြောင်းလဲနေသော်လည်း မြန်မာပညာရေးကား မည်သည့်အဆင့်သို့ ရောက်အောင် ပြောင်းလဲနိုင်သည်မသိ။ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသည်မှာ ပညာရေးက ပြောင်းသည်၊ မပြောင်းသည် အပထား၍ ကလေးလူငယ်များကမူ IR 4.0 နှင့် အတူ လိုက်ပါပြောင်းလဲနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အင်တာနက်အကျိုးဖြင့် ကိုယ်ပိုင်စက်ရုပ်များ တီထွင်နေကြသည်။ Robot War ကိုပင် တုပ၍ ပြည်တွင်း၌ ပြိုင်ပွဲများပြုလုပ်လာကြသည်။ နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်နေကြလေပြီ။ စင်စစ် နည်းပညာသည် မည်သူ့ကိုမျှချန်မထား။ အသုံးချနိုင်စွမ်းသူတိုင်းအတွက် လမ်းဖွင့်ထားလေသည်။ ယူငင်သောက်သုံးလိုသူတိုင်းအတွက် ထာဝရ မကုန်ဆုံးနိုင်သည့် စမ်းရေတွင်းများပင်ဖြစ်သည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံ၏ ပညာရေးက ကလေးများအတွက် နည်းပညာဆိုင်ရာသင်ရိုးများ မည်သို့ပင်ရှိနေစေကာမူ ကလေးလူငယ်များကမူ လမ်းထွင်၍ ဖောက်ထွက်နေသည်ကို တွေ့ရသည်။ သူတို့လေးတွေကလည်း သူတို့ခေတ် လမ်းကိုထွင်ပြီး သူတို့ဝန်ကိုထမ်းနေကြခြင်းသာဖြစ်ပါလိမ့်မည်။

သို့ဖြစ်၍ ကလေးများ၏ စိတ်ဖွံ့ဖြိုးမှု ကလေးများရှင်သန်ကြီးထွားခွင့်ရသည့် ခေတ်၏အခြေအနေကို လိုက်၍ ပြုပြင်ပြောင်းလဲကြရန်လိုသည်။ ခေတ်ကပြောင်းလဲနေပါသည်။ ယင်းပြောင်းလဲနေမှုကိုလည်း သတိထားမိဖို့လိုပါသည်။ ပြုပင်ပြောင်းလဲသည်ဆိုရာတွင် နည်းပညာတိုးတက်မှုနှင့် လျော်ညီစွာ မိမိတို့ကဲ့သို့ အဘိုးကြီးများ၏ အတွေးအမြင်ယူဆချက်များကိုပါ ပြောင်းလဲဖို့ လိုအပ်နေမည်ဖြစ်ပါကြောင်းအကောင်းမြင်ရှုထောင့်မှ လေ့လာသုံးသပ်ကြည့်မိခြင်းသာ ဖြစ်သည်။

ခင်မောင်ဌေး (ပညာရေး)