POST TYPE

EDUCATION

သုတေသနစာတမ်းအပေါ် ဆရာများ၏အမြင်များ
28-Oct-2019

တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူးတိုးရေးအတွက် သုတေသနပြုလုပ်မှုကိုပါ ထည့်သွင်းအမှတ်ပေးမည်ဖြစ်သည်။ ယခု စတင်ပြောင်းလဲချိန်တွင် ဆရာများအတွက် အသုံးချ သုတေသနပြုလုပ်နည်း၊ သုတေသီကျင့်ဝတ်၊ စည်းကမ်းသိရှိစေရေးအတွက် သင်တန်းပေးမှုဝန်ကြီးဌာနက အားနည်းကြောင်း ထောက်ပြဝေဖန်ကြသည်။

ရာထူးတိုးအတွက် ပညာရေးဝန်ကြီးဌာနသို့တင်သွင်းသည့် သုတေသနစာတမ်းများအနက် စာတမ်း ၁၀၀၀ ကျော်မှာ နိုင်ငံခြားမှ ဒေါ်လာဖြင့် ဝယ်ယူတင်သွင်းခြင်းဖြစ်ကြောင်း စာတမ်းစစ်ဆေးမှုတွင်ပါဝင်သည့် ဆရာအချို့ကလည်း ထုတ်ဖော်ပြောဆိုသည်။

သို့သော် ဆရာအချို့ကလည်း ယင်းသို့ နိုင်ငံခြားမှ ဒေါ်လာဖြင့်ဝယ်သည့် စာတမ်းများမဟုတ်ဘဲ ဆရာများကိုယ်တိုင် သုတေသနပြုလုပ်ရေးသားကာ နိုင်ငံတကာဂျာနယ်များသို့ ပေးပို့ထည့်သွင်းရာတွင် နိုင်ငံတကာဂျာနယ်အချို့က အဆင့်နိမ့်၊ အတုဖြစ်နေ၍သာ ယင်းသို့ အကျုံးမဝင် ဖြစ်သွားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ 

ယင်းဖြစ်စဉ်ကို အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ သီးခြားအတည်ပြုရန် မေးမြန်းသော်လည်း မရရှိသေးပေ။ သို့သော် ယင်းအခြေအနေနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၏ သဘောထားအမြင်များကို စာဖတ်ပရိသတ်အတွက် စုစည်းဖော်ပြလိုက်ပါသည်။ 

“သီးသန့်လုပ်ပေးတဲ့ သင်တန်းတွေ၊ Training တွေတော့ မရှိဘူး”
ဒေါက်တာအောင်အောင်မင်း 
(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန)

ပညာရေးဝန်ကြီးဌာနရဲ့ သွားတဲ့လမ်းကြောင်း ကတော့ ကောင်းပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဒီအတိုင်းပဲ ပါမောက္ခတစ်ယောက်က တစ်နှစ်ကို စာတမ်း နှစ်စောင်ရှိရမယ်၊ သုံးစောင်ရှိရမယ်။ အဲဒီလောက်မှ မရှိဘူးဆို နောက်နှစ် အလုပ်ဆက်မခန့်တော့ဘူးပေါ့။ ဝန်ကြီးဌာနသွားတဲ့လမ်းကြောင်းကတော့ အဲ့လိုလမ်း ကြောင်းပါပဲ။ သုတေသနတွေ အားကောင်းမယ်။ အခုက စလုပ်ခါစဆိုတော့ အတိမ်းအစောင်းလေးတွေ အမှားအယွင်းလေးတွေ ဖြစ်တာပေါ့။ သူတို့ကို အရေးယူဖို့ဆိုတာကတော့ တစ်နိုင်ငံလုံး ရှိတဲ့ဆရာ၊ ဆရာမတွေ သဘောထားလိုအပ်မယ်လို့တော့ထင်တယ်၊ ဒီတိုင်းကြီး တန်းလုပ်လို့တော့မရဘူး။ ကျွန်တော့်အမြင် ပြောရရင်တော့ မကြိုက်ပါဘူး၊ ဆရာ၊ ဆရာမတစ်ယောက် အနေနဲ့ မလုပ်သင့်ပါဘူး။ အဓိက ရာထူးတိုးဖို့ပါပဲ။ စာတမ်းတစ်ခုကို ၂ မှတ်ပေးတယ်။ အဲဒီအမှတ်ကို လိုချင်တဲ့အတွက် ဖြစ်သွားကြတာ။ လူတစ်ဦးချင်းစီရဲ့ ကျင့်ဝတ်ပေါ့။ စောင့်ထိန်းရမယ့်ဟာကို မစောင့်ထိန်းတာပါ။ ပထမဆုံး စလုပ်တာဆိုတော့ ဒါတွေတွေ့တယ်။ နောင် မတွေ့ဖို့လိုတယ်။ နောင်တွေ့ရင်ကတော့ အရေးကိုယူရမှာ။ အခုဟာက ဘာမှကြိုမပြောထားဘူး။ ဒါက အချိန်ပေးပြီး ပြုပြင်သွားရမှာပါ။ ပညာရေးဝန်ကြီး ဌာနက သီးသန့်လုပ်ပေးတဲ့သင်တန်းတွေ၊ Training တွေတော့ မရှိဘူး။ ကိုယ့်ဌာနနဲ့ကို ကိုယ့်ကျောင်းနဲ့ကို သင်တန်းတွေ ပေးတာတော့ရှိပါတယ်။



“ကျွန်တော်တို့မှာ ထောက်ပံ့မှုတွေမရှိဘူး”
ဒေါက်တာဇော်မျိုးလှိုင် 
(အတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်)

စာတမ်းက သူတို့ဘာသူတို့ ရေးထားတာအစစ်။ စာတမ်းတွေက ပြည်တွင်းစာတမ်းနဲ့ နိုင်ငံတကာစာတမ်းဆိုရင် နိုင်ငံတကာဂျာနယ်တွေမှာ ဖော်ပြခြင်းခံရရင် အမှတ်ပိုများတယ်။ အဲ့ဒါကြောင့် နိုင်ငံခြားဂျာနယ်တွေမှာ သွားပေးကြတာ။ ဒါပေမဲ့ တချို့ဟာ နိုင်ငံတကာဂျာနယ်တွေက ဂျာနယ်အတု (Fake Journal)တွေဖြစ်နေတယ်။ Fake Journal မှာ ပါတဲ့ဟာကို စာတမ်းအတုလို့ ပြောလို့မရဘူး။ သုတေသနမှာ အရည်အသွေးမြင့်လား၊ နိမ့်လား ဒါပဲရှိတယ်။ အတုဆိုတာတော့ မရှိဘူး။ အတုဆိုတာ နိုင်ငံတကာမှာ ရှိပြီးသားစာတမ်းကို ကူးချလား၊ မကူးချလား ဒါကို စဉ်းစားရမှာ။ စာတမ်းတွေကို ဝယ်တာမဟုတ်ဘဲနဲ့ ဂျာနယ်မှာ စာတမ်းေ ဖ်ာပြခွင့်ရဖို့အတွက်လုပ်တာ။ ကမ္ဘာက အသိအမှတ်ပြုမခံရတဲ့ ဂျာနယ်အတုတွေမှာ သွားတင်မိတာ။ ပညာရေးဝန်ကြီးဌာနက လမ်းညွှန်သင့်တယ်။ ဘယ်လိုဂျာနယ်တွေမှာ ရေးပါဆိုတာမျိုး။ Fake Journal ပေါ်မှာ တင်မိတာကိုတော့ အရေးယူစရာ အကြောင်းမရှိဘူး။ မှားရင် အမှတ်မပေးနဲ့ ဒါက ရာထူးတိုးဖို့အတွက် အမှတ်ပေးမှာဆိုတော့ အမှတ်မပေးပဲထားရင် သွားပြီပေါ့။ ဒါလည်း အရေးယူတာပဲ။ ကျွန်တော်တို့မှာ ထောက်ပံ့မှုတွေမရှိဘူး။ သင်တန်းတွေပေးရမယ်။ Training တွေပေးရမယ်။ အခုက ဆရာတွေကနေ တစ်ဆင့်ရခဲ့တဲ့ အသိလေးနဲ့ ကိုယ့်ဘာသာကို အင်တာနက်လေး ခေါက်လိုက် ဟိုနည်းနည်း ဒီနည်းနည်း လုပ်နေရတာ။ ထူးထူးခြားခြား သင်တန်းတွေ ဘာတွေမရှိဘူး။ သုတေသနလုပ်နေတဲ့လူတွေကို ထောက်ပံ့ပေးဖို့လိုတယ်။ သုတေသနရန်ပုံငွေအဖွဲ့ဆိုတာမျိုးဖွဲ့ဖို့ တိုက်တွန်းချင်တယ်။ အဲဒါတွေက သုတေသနကို အားပေးရာရောက်တယ်။ အခုဟာက သုတေသနကို ရာထူးနဲ့ အားပေးနေတာဖြစ်တဲ့အတွက် ရာထူးတက်ရေးမှာ မသမာမှုတွေ ထွက်လာတာပေါ့။


“အမှိုက်ပုံးထဲထည့်လိုက်သလိုဖြစ်သွားတာပေါ့”
ဒေါက်တာမင်းကျော်သူ
(ကထိက၊ ရုက္ခဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်)

ဒီစာတမ်းတွေကို အတုလို့ ခေါ်လို့မရဘူး။ သူတို့ ကိုယ်တိုင်လုပ်တယ် ၊ သူတို့ကိုယ်တိုင်ရေးတယ်။ ဒါပေမဲ့ ဂျာနယ်အတုရဲ့ သားကောင်ဖြစ်သွားကြတယ်။ လုပ်စားတဲ့ဂျာနယ်တွေပေါ့။ အိန္ဒိယကများတယ်။ ဆရာ၊ ဆရာမ တချို့က မသိဘဲနဲ့ သူများထည့်လို့ လိုက်ထည့်မိသွားတာမျိုး။ သိတယ်လူတွေလည်း ရှိမှာပေါ့။ ဒါတွေကတော့ တားဆီးရမယ်။ ကိုယ်သေချာလုပ်ထားတဲ့ဟာကို ဒီလိုဂျာနယ်တွေမှာ ထည့်လိုက်မိတော့ အမှိုက်ပုံးထဲ ထည့်လိုက်သလို ဖြစ်သွားတာပေါ့။ အခုဟာက စစချင်းဆိုတော့ သတိပေးပြီးမှပဲ အရေးယူသင့်တယ်။ အခု အများစုဖြစ်သွားတာ သူများက ဒီဂျာနယ်ထည့်လို့ရတယ်ဆိုလို့ လိုက်ထည့်မိတာပါ။ သက်သက်ကြီးလုပ်မိတာတော့ မဟုတ်လောက်ပါဘူး။ ပထမအနေနဲ့ကတော့ သတိပေးလိုက်ပေါ့။ ဒီဟာတွေကို မထည့်ပါနဲ့ဆိုပြီးတော့။ အခုဆို သိသွားကြပြီဆိုတော့ သတိထားရတော့မှာ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ အသိပေးထုတ်ပြန်ရမှာ ကိုယ့်ဆရာ၊ ဆရာမတွေ ထောင်ချောက်ထဲ မရောက်အောင်။ သုတေသနနဲ့ပတ်သက်တဲ့ Training တွေမရှိဘူး။ ကျွန်တော်တို့အရှေ့က အကြီးတွေလုပ်သွားတာကို အငယ်တွေကလိုက်ပြီးတော့ လုပ်ရတာပေါ့။ သင်ပေးတာတော့ရှိတယ်။ သင်တန်းတွေ ဘာတွေတော့ မရှိဘူး။ နိုင်ငံခြားသွားတယ် အတွေ့အကြုံတွေရတယ်။ ပြန်ရေးကြတယ် အဲ့လိုလူတွေကတော့ ပိုရေးဖြစ်တာပေါ့။
 


“သင်တန်းပေးခံရခြင်း အားနည်းတယ်”
ဒေါက်တာအာကာမိုးသူ 
(ဆရာများသမဂ္ဂဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ်)

ကျွန်တော်တို့ပညာရေးက ကိုယ်ကျင့်တရားနဲ့ ဆက်စပ်တဲ့နေရာ၊ လူ့အဖွဲ့အစည်းကိုထိန်းကျောင်းပေးရမယ့်၊ ဦးဆောင်ပေးရမယ့် အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ စာတမ်းအတုလုပ်တဲ့ ဆရာ၊ ဆရာမတွေက တပည့်တွေကို ဘာပညာရပ်ပေးမလဲ သူတို့ပေးနိုင်တဲ့ဟာလည်း အတုပဲပေးနိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေတယ်။ ကိုယ်ကျင့်တရားနဲ့ ရာထူးနဲ့ကို ရွေးချယ်ရတဲ့အခါမှာ ရာထူးကိုရွေးချယ်လိုက်တာက အင်မတန်ညံ့ဖျင်းပြီး တော်တော်ကို အန္တရာယ်ရှိတဲ့ အနေအထားတစ်ခုကို ရောက်စေတယ်လို့မြင်တယ်။ ကိုယ့်ကိုယ်ကိုယ် ရှက်သင့်တယ်။ လူ့အဖွဲ့အစည်းမှာ အရေးယူမှ သိတယ်ဆိုတာက နောက်ကျတယ်။ ကိုယ့်အမှားကို တာဝန် ယူရမှာ။ ပညာရေးမှာ ဦးဆောင်နေတဲ့လူတွေက မှားနေတာ။ ပညာရေးဝန်ကြီးဌာနကလည်း ပြင်းထန်စွာ အရေးယူသင့်တယ်။ ပညာရေးဝန်ကြီးဌာနက ဒါကိုမူ (မူဝါဒ) တစ်ခုချပြီး လုပ်ရမယ်။ Research Ethic မှာ စာရေးသူ သုတေသနသမားပဲ အာမခံဖို့လိုတယ်။ ကျွန်တော်တို့မှာ သုတေသနကို ဘယ်လိုလုပ်ရမလဲ ဆိုတာကို သင်တန်းပေးခံရခြင်း အားနည်းတယ်။ သုတေသနရဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို စာပေထဲမှာ သင်ကြားမှုမရှိဘူး။ ရမ်းလုပ်နေကြတဲ့ သဘောရှိတယ်။ အဲဒါတွေက မှားနေတယ်။