POST TYPE

EDUCATION

ကျောင်းသားဘဝက ဆရာများနှင့် ဆရာဘဝက ကျောင်းသားများ
17-Oct-2019



လူသားတိုင်းတွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ ဆရာတစ်မျိုးမျိုး ရှိနိုင်သည်။ သင်ကြားပြသပေးသည့် ဆရာမရှိဘဲ အသေအချာ တတ် မြောက်သည်ဟူ၍မရှိ။ “ဆရာမပြ နည်းမကျ” ဟူ၍လည်း အဆိုပြုကြသည်။

စာရေးသူအနေနှင့် ငယ်ဘဝမှစ၍ ဆရာအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရ၏။ သက်ရှိထင်ရှားအဖြစ် ဒုတိယတန်းတွင် သင်ကြားပြသပေးသည့် ဆရာမတစ်ဦးသာ သက်ရှိထင်ရှားရှိသေး၏။ အလယ်တန်းနှင့် အထက်တန်းတွင် သင်ကြားပြသခဲ့ကြသည့် ဆရာ၊ ဆရာမကြီး အချို့ရှိသေးသည်။ ဆရာများထဲတွင် ယခုတိုင်သက်ရှိ ထင်ရှားရှိသည်မှာ ဘောဂဗေဒဆရာ၊ ဆရာကြီး ဦးသန်းရွှေဖြစ်သည်။ ဆရာက တုတ်လည်း မကိုင်။ စာအုပ်လည်း မကိုင်။ အသင်အပြအရှင်းအလင်း အလွန်ကောင်းသည်။ အတန်းထဲတွင်ပင် ရအောင်စာရှင်း နိုင်သူဖြစ်သည်။ နောက်တစ်နေ့တွင် စာပြန်မေးတတ်သည်။ တုတ်မကိုင်ပါဘဲနှင့် ဒူးတုန်အောင် ကြောက်လှပါသည်။ ဤကြောက်စိတ်ကပင် ဆရာ၏ စာများကို နားမလည်လည်အောင် လေ့လာဖတ်ရှု နေမိတော့သည်။

၉ တန်းနှင့် ၁၀ တန်းတွင် အင်္ဂလိပ်စာ သင်ပေးသော ဆရာ (၂) ဦးရှိသည်။ နှစ်ဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များဖြစ်၏။ သမိုင်းသင်ပေးသူမှာလည်း အစ္စလာမ်ဘာသာဝင်ဖြစ်၏။ ဆရာသည် ရာထူးတိုးဖြင့် သူပုန်သူကန်ရှိသော နယ်အထိ တာဝန်ထမ်းဆောင်သူဖြစ်၏။ သူပုန်သတ်၍လည်း သေခဲ့ရ၏။ ထိုခေတ်က ဆရာကြီး၊ ဆရာမကြီးများကို တွေ့ရသည့် အခါတိုင်းတွင် ငယ်စဉ်ကရိုသေ လေးမြတ်သည့် စိတ်နှင့်အတူ ကြောက်စိတ်က မကုန်သေး။ ဓာတုဗေဒသင်ကြားသည့် ဆရာကြီးအိမ်တွင် ဝေးလံသော ကျေးလက်မှ တပည့်များတွေ့ရတတ်သည်။ ဆရာကြီးအိမ်တွင် ဆရာကြီးကို ကူညီလုပ်ကိုင်ရင်း ကျောင်းတက်ကြ၏။ တန်းပိုင်ဆရာကြီး၊ ဆရာမကြီးများကိုလည်း များစွာသတိရမိ၏။ ကျောင်းလခ (၅) ကျပ်ကိုပင် ပုံမှန် မပေးနိုင်၍ အတန်းပိုင်က စိုက်ပေးရသည့်အခါ ပေါင်းကလည်း မနည်းတော့ပေ။

စာရေးသူတို့ငယ်စဉ်က (၉) တန်း၊ (၁၀) တန်း ကျောင်းသား၊ ကျောင်းသူဆိုသည်မှာ ယခုကဲ့သို့ ပုပုညက်ညက် သေးသေးကွေးကွေး မဟုတ်ကြ။ ကျောင်းသားကြီးများ၊ ကျောင်းသူကြီးများ ဖြစ်ကြ၏။ ကျောင်းကောင်စီဖွဲ့ရာတွင်လည်း စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြသူများဖြစ်၏။ ဆရာ၊ ဆရာမများအားကိုးအားထားပြုနိုင်ကြသော အရွယ်ဖြစ်၏။ ထိုခေတ်ထိုအခါက ကျောင်းသား၊ ကျောင်းသူတိုင်း အတွက် အစိုးရကျောင်းသည်သာ အားကိုးအားထာ ရာ ဖြစ်သကဲ့သို့ ကျောင်းပြင်ပတွင် ကျူရှင်မရှိ၊ အထူးထုတ် မရှိပေ။ သို့ဖြစ်၍လည်း ဆရာ၊ ဆရာမကြီးများ၏ သင်ကြားပြသမှု၊ သွန်သင်ဆုံးမမှုများကို ရိုသေလေးမြတ်စွာ နာယူခဲ့ကြသည်သာဖြစ်သည်။

Physics သင်သည့် ဆရာတစ်ဦး။ ဆရာသည် ယမကာ အနည်းငယ်မှီဝဲတတ်သူဖြစ်သည်။ သို့သော် ကျောင်းချိန်တွင် လုံးဝမသောက်စား။ မိမိတာဝန်ကျသည့် ဘာသာရပ်ကို ပိုင်နိုင်ကျွမ်းကျင်စွာ သင်နိုင်၏။ တပည့်များအပေါ် စေတနာမေတ္တာတရားကြီးမား၏။ သို့ဖြစ်၍ ကျောင်းချိန်ပြင်ပတွင် ယမကာမှီဝဲသူအဖြစ် သိကြသော်လည်း ဆရာကြီးကို အချစ်မပျက်ကြ။ ဆရာကြီး စကားကို မြေဝယ်မကျ နားထောင်ကြလေ၏။ ပညာရေးနယ်ပယ်တွင် ဆရာစောကျောင်း ဆိုလျှင် လူတိုင်းသိကြသည်။ 

တစ်ကျောင်းလုံးကို ကြိမ်တစ်ချောင်းဖြင့် အုပ်ချုပ်ခြင်းဖြစ်သည်။ ငယ်စဉ်က ဆရာ၊ ဆရာမကြီး တို့သည်လည်း ကြိမ်ဆောင်ထားကြသည်။ ရုံးခန်းတွင် ကြိမ်လုံးများ တန်းစီလျက်ရှိသည်။ ထိုကြိမ်လုံးများသည် စာတော်သူ၊ လိမ္မာရေးခြားရှိသူများနှင့် လားလားမျှမဆိုင်။ စာမကျက်သူ၊ ကျောင်းပြေးသူ၊ ရန်ဖြစ်သူ၊ ဆိုးသွမ်းသူဟုထင်ရသူများအတွက် မဟာဩသဓ ဆေးကြိမ်လုံးဖြစ်သည်။ ထိုစဉ်က အပြစ်ရှိ၍ အရိုက်ခံ ရလျှင်လည်း ကျောင်းသား၊ ကျောင်းသူတို့ကိုယ်တိုင် ထိုက်တန်သည်ဟု မြင်သည်။ မိဘကလည်း မငြိုငြင်။ မကျိုးမကန်းတော်ပါပြီဟုဆိုသည့် မိဘများ ရှိသကဲ့သို့ ကျိုးကန်းသွားလျှင်လည်း ကုပါမည်ဆိုသူလည်းရှိသည်။ ထိုခေတ်က အောင်မြင်ခဲ့သည့်တပည့်များ ယခုကြီးလေးသောတာဝန်များကို ထမ်းဆောင်နေကြသူများသာ ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ စာရေးသူတို့၏ကျောင်းသားဘဝသည် ချစ်ကြောက်ရိုသေရသော (ဝါ) ရိုက်တတ်သော(ဝါ) အရိုက်ကြမ်းသော ဆရာ၊ ဆရာမကြီးများ လက်အောက်တွင် ကြီးပြင်းခဲ့ရသူများသာ ဖြစ်ပါသည်။

ခေတ်တို့စနစ်တို့ပြောင်းလာသည်။ ပညာရေးနှင့် ပတ်သက်၍ အတွေးအခေါ် အယူအဆများ ပြောင်းလဲလာသကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ၏ ခံယူချက်များလည်း ပြောင်းလဲလာသည်။ ပြင်ပကျူရှင်တန်းများပေါ်ထွန်းလာသည်။ မြို့တစ်မြို့တွင် စက်ဘီးများရာနှင့်ချီ၍ တန်းစီနေပြီဆိုလျှင် နာမည်ကြီးကျူရှင် တစ်ခုအဖြစ် သိနိုင်သည်။ ထိုမှတစ်ဆင့် ဝိုင်းတန်းများ၊ စာကျက်ဝိုင်းများ ခေတ်စားလာပါသည်။ 

စိတ်ပညာရှင်များ၏ အတွေးအခေါ်များလည်း ပညာရေးနယ်ပယ်တွင် ပျံ့နှံ့လာသည်။ ကျောင်းများတွင် သင်ကြားနေသည့် ကျောင်းသား၊ သူများအား ရိုက်နှက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာကို ဖြစ်စေရုံမက စိတ်ပိုင်းဆိုင်ရာ အနာတရကိုပါ ဖြစ်စေသည်။ သို့ဖြစ်၍ ရိုက်နှက်ဆုံးမခြင်းကို တားမြစ်လာကြသည်။ 

မှန်သည်။ အလွန်အကျွံ ရိုက်နှက်ဆုံးမခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေသည်။ သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဆင်မခြင် ရိုက်နှက်ဆုံးမမှုမျိုးမှာ ရှားလှသည်။ သို့သော်လည်း ရံဖန်ရံခါဖြစ်ပွားတတ်သည့်ကိစ္စပင် ဖြစ်သော်လည်း တစ်နိုင်ငံလုံး ပျံ့နှံ့နိုင်သည့်ခေတ်ဖြစ်ရာ အများ၏ ကန့်ကွက်ရှုတ်ချစရာ ဖြစ်လာသည်။

လူတို့သည် အခွင့်အရေးရလျှင် လက်တစ်ဆုံး နှိုက်တတ်သည့် သဘာဝရှိသည်။ မရိုက်ရဆိုသည့် တားမြစ်ချက်နှင့်အတူ ပြစ်မှုပြစ်ဒဏ်များ ပေါ်ပေါ်တင်တင် ပြဋ္ဌာန်းလာပြီး နောက်ပိုင်းတွင် ဆရာ၊ ဆရာမကြီးများအပေါ် အဂါရဝတရားများ၊ ပို၍ များပြားလာသည်ဟု မှန်းဆမိသည်။ မိမိသား၊ သမီးများ၏ အားနည်းအားသာချက်ကို မမှန်းဆမိပါ။ မိဘများ၏ စုံလုံးကန်းချစ်စိတ်ကြောင့် ဆရာ၊ ဆရာမ များနှင့် ပဋိပက္ခဖြစ်မှုများ ပို၍ များလာသည်။ ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ကလည်း ဆရာ၊ ဆရာမ အပေါ် အားကိုးလိုစိတ်မရှိ။ မလေးမစား ပမာမခန့် ပြုမူပြောဆိုမှုများ တိုးပွားလာသည်။ ကျောင်းသို့လာသော်လည်း ကျောင်းတွင် စာပေကို တလေးတစားမသင်ယူကြ။ ကျူရှင်အားကိုးနှင့် ကလန်ကဆန်ပြုမူ ကြသည်။ ဆရာ၊ ဆရာမများ၏ သည်းခံနိုင်မှုကြောင့်သာ ပြဿနာနည်းပါးနေခြင်းဖြစ်သည်။ ဆရာစိတ် ပြင်းထန်သူများနှင့်ဆိုလျှင် သင်ကြားမှု သင်ယူမှုတွင် အဆင်မပြေနိုင်။

တစ်ချိန်က ဆရာ၊ ဆရာမတို့အပေါ် အားကိုးကြသည်။ မိဘကိုယ်တိုင်ကလည်း သား၊ သမီးများကို အပ်နှံကြသည်။ ယခုမူ ပြောကြည့်ပါလား ထိကြည့်ပါလားနှင့် မောင်းတင်နေကြသည်။ FB ပေါ်တင်လိုက်လို့ ထမင်းငတ်သွားမယ်စတဲ့ စိတ်မာနများ အသီးသီးစိတ်တွင် ရှိနေကြရာ ဆရာစိတ်ထား၍ ဆိုဆုံးမ ပဲ့ပြင်လိုသူများပင် နောက်တွန့်ကုန်တော့သည်။

ပို၍ဆိုးလာသည်မှာ ဆရာ၊ ဆရာမတို့ ကျောင်းပရိဝိုဏ်အတွင်းသို့ပင် ချင်းနင်းဝင်ရောက်လာကြ၏။ ကျောင်းသား၊ ကျောင်းသူများရှေ့တွင် ဆရာကြီး၊ ဆရာမကြီးများကို စိန်ခေါ်နေကြသည်။ မိမိတို့ရပ်ရွာတွင် နှစ်ပေါင်းများစွာ ပညာရင်နို့ သောက်စို့နိုင်ရန် စေတနာ၊ ဝါသနာ၊ အနစ်နာခံနေကြသူများကို နည်းမျိုးစုံဖြင့် စော်ကားမော်ကား ပြုမူလာနေသည်ကို တွေ့ရ၏။ တစ်ကွက်ကာတွန်းလေးတစ်ခုတွေ့ရသည်။ မိတ်ဆွေတစ်ဦးက ဆရာမ ဘယ်သွားမလို့လဲဟု မေးသည်။ ဆရာမက ခေါင်းတွင် အုန်းပွဲ၊ ငှက်ပျောပွဲရွက်၍ စာသင်သွားမလို့ ဟူ၏။ ခေတ်က ဤသို့ပင်ဖြစ်နေပြီလားဟု ညည်းညူ မိသည်။

မိတ်ဆွေဆရာတစ်ဦးက ဤသို့ပြောပါသည်။ “ငါတို့ကိုက အကျိုးပေးမကောင်းတာပဲလား၊ ကောင်းတာလား။ အလွန်စည်းကမ်းကြီးပြီး ရိုက်နှက်ဆုံးမတတ်တဲ့ ဆရာတွေခေတ်မှာ ကျောင်းသားဖြစ်ခဲ့ရပြီး အလွန်ကိုရန်လိုတတ်တဲ့ မိဘတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေခေတ်မှာ ငါတို့က ဆရာ ဖြစ်နေရပါပကောလား”ဟူသတတ်။

ခင်မောင်ဌေး (ပညာရေး)