News

POST TYPE

EDUCATION

ကျူရှင်စနစ် ဘာ့ကြောင့် အမြစ်တွယ်နေရသလဲ
26-Sep-2019



စက်တင်ဘာလ ၂၀ ရက်က နေပြည်တော်မှာ ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သူတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီ အခမ်းအနားမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျူရှင်နဲ့ ပတ်သက်ပြီး တစ်စွန်းတစ်စ ပြောကြားခဲ့ပါတယ်။

ဆိုလိုတာကတော့ ကျူရှင်ပပျောက်ရေးကို အစိုးရက ကြိုးပမ်းနေတယ်။ ဒါက မိဘတွေ ငွေကြေး ဝန်ထုပ် မဖြစ်စေချင်လို့။ ဒါပေမဲ့ ဆရာအချို့က နှစ်မြို့မှုမရှိတာကို ကြားရလို့ နိုင်ငံတော်အတွက် စိတ်မကောင်းဖြစ်ရပြီး အဲဒီစိတ်ဓာတ်ကို ပယ်ဖျက်လို့ ဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံအတွက် စေတနာနဲ့ သင်ကြားပေးစေလိုပြီး မိမိတစ်ဦးတည်းအတွက် မလုပ်ဘဲ ကျောင်းသားတွေအတွက်ပါ လုပ်ပေးစေချင်ကြောင်း၊ နိုင်ငံရဲ့အနာဂတ် လူမှုရေး၊ နိုင်ငံရေး ကောင်းမွန် တည်ငြိမ်ဖို့အတွက် လိုအပ်ချက်အနေနဲ့ အများတက်ကြတဲ့ အစိုးရကျောင်းတွေ အရည်အသွေးမြင့်မားပြီး ထူးချွန်ကျောင်းသား/သူတွေ မွေးထုတ်နိုင်စွမ်း အားကောင်းတာကိုမြင်ချင်ပါကြောင်း စသဖြင့် ပြောကြားသွားပါတယ်။

တကယ်တော့ မြန်မာ့ပညာရေးသမိုင်းကို အကျဉ်းချုပ်သိဖို့တော့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ပညာရေးဟာ ကျူရှင်ပညာရေးနဲ့ စခဲ့တာတော့မဟုတ်ဘူး။ ဘုန်းတော်ကြီးသင် ပညာရေး (ဘုန်းကြီးကျောင်းပညာရေး) က စခဲ့တာပါ။ အထူးသဖြင့် ဝေးလံတဲ့ နယ်ကျေးလက်တွေမှာဆို ပညာရေးအတွက် ဘုန်းတော်ကြီးကျောင်းကလွဲလို့ ဘာမှရှိခဲ့တာ မဟုတ်ဘူး။ အမျိုးသား ကျောင်းဆရာကြီးတွေနဲ့ အမျိုးသားကျောင်းတွေဆိုတာ ၁၉၂၀ မှာ မျက်စိ ပွင့်၊ နားပွင့်ဖြစ်လာကြတာပါ။ လွတ်လပ်ရေးရပြီး ခေတ်ပညာရေးကလည်း ၁၉၆၈- ၆၉ ခုနှစ်လောက်အထိ အရည်အချင်းပြည့်ပြည့်ဝ၀နဲ့ အောင်မြင်ခဲ့ကြတယ်။ ပညာရေးစနစ်စတင်အင်အားချည့်နဲ့လာတာကတော့ ပညာရေးဝန်ကြီးတစ်ဦးပြောင်းရင် တစ်မူ၊ တစ်ဝါဒ တစ်စနစ်ပြောင်းလဲခြင်းကြောင့်ပါပဲ။ ပိုပြီး တိုးတက်ကောင်းမွန်မယ့်စနစ်လို့ ယူဆပြီး ပြောင်းလဲခဲ့ကြပေမယ့် ပညာရေးလောကသားအားလုံး ပူးပေါင်းပါဝင်မှု မရှိခဲ့လို့ပဲလို့ ဆိုနိုင်တယ်။ မအောင်မြင်ခဲ့ဘူး။ဆိုရရင် ၁၉၆၈- ၆၉ ခုနှစ်လောက်ကစပြီး ပညာရေးက သိသာလာတယ်။

အဲဒီနှစ်ဝန်းကျင်မှာ ဝိဇ္ဇာ-သိပ္ပံ ခွဲခြားတဲ့ စနစ်စခဲ့တယ်။ ရည်ရွယ်ချက်ကတော့ တသီးတသန့် ထူးချွန်သူတွေ ပေါ်ထွန်းလာဖို့ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဝန်ကြီးတစ်ပါး ပြောင်းသွားတဲ့အခါ တစ်မျိုး ပြောင်းသွားတော့တာပါပဲ။ အဆိုးဆုံးစနစ်တစ်ခုကတော့ စဉ်ဆက်မပြတ် အကဲဖြတ်၍ အတန်းတင်ပေးတဲ့စနစ်  Continuous Assessment Programme (CAP) ပြောင်းလဲလိုက်တဲ့ အချိန်ဟာ ပညာရေး လောကကြီး ဗိုင်းဗိုင်းလဲကျဖို့ ဖြစ်လာတာပါပဲ။ စနစ်က သိပ်ကောင်းတယ်။ နိုင်ငံတကာစံချိန်၊ စံညွှန်းတွေနဲ့ အညီ သတ်မှတ်ပြဋ္ဌာန်းထားတာ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်း၊ ဆရာ၊ ဆရာမတွေရဲ့ Attitude နဲ့ မကိုက်ညီဘူး။ ဘယ်သူမှ အဲဒီစံချိန်၊ စံညွှန်းတွေနဲ့အညီ အကဲမဖြတ်နိုင်ဘူး။ သတ်မှတ်ထားတဲ့ စံချိန်၊ စံညွှန်းတွေနဲ့ ကျောင်းတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့က ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေတယ်။ ဒီတော့ အချက်အလက် အားလုံးဟာ On paper စာရွက်ပေါ်မှာပဲ က၊ ခ၊ ဂ သင့်သလို ရေးရတဲ့ စနစ်ဖြစ်သွားတယ်။ အတန်းထဲမှာ ရှိသမျှ ကျောင်းသား/သူကလည်း မအောင်မရှိ ငါ့တပည့်ဖြစ်လာတယ်။ အကြောင်းကြောင်းကြောင့် ကျရှုံးမှုဖြစ်ရင်တောင်မှ “ကုစား” ဆိုတဲ့ စနစ်နဲ့ အတန်း ပြန်တင်ပေးတဲ့အတွက် အလုပ်ရှုပ်မခံချင်တဲ့ ပညာရှိ ဆရာ၊ ဆရာမတွေက တစ်ခါတည်းပဲ အအောင်ပေးလိုက်လို့ အောင်စာရင်းတောင် ရှည်ရှည်ဝေးဝေး ထုတ်စရာမလိုပါဘူး။ “ကျောင်းရှိ အတန်းအသီးသီးက ကျောင်းသား/သူများ အားလုံး အောင်မြင်ပါသည်”လို့ ရေးခဲ့ရတာ သာဓကတွေရှိခဲ့ကြတာပါပဲ။

ဒီတော့ အကျိုးဆက်ရလဒ်က အတန်းသာ တစ်နှစ်ကြီးသွားတယ်။ အဲဒီအတန်းနဲ့ လိုက်ဖက်တဲ့ အသိပညာ၊ အတတ်ပညာရမသွားကြဘူး။ အဲဒီလို ကာလတစ်ခုကို ဖြတ်သန်းသွားလိုက်တာ ဘွဲ့ထူး၊ ဂုဏ်ထူးတွေတောင် ရကုန်ပါတယ်။ ဒါပေမဲ့ ဘွဲ့ရပညာမတတ်ဆိုတဲ့ ရလဒ်တစ်ခုထပ်တိုးလာခဲ့တာပါပဲ။ ဘွဲ့တစ်ခုရခဲ့ပေမယ့် ဘယ်နေရာမှ အသုံးချမရသလို ကျွမ်းကျင်ပိုင်နိုင်စွာလည်း မတတ်မြောက်ခဲ့ကြပါဘူး။ ဆိုရရင် အသုံးချတန်ဖိုးမဲ့နေခဲ့ကြရပါတယ်။

ပြန်ကောက်ရရင် ထိုက်သင့်တဲ့ တတ်ကျွမ်းမှုမရှိဘဲ အတန်းတွေသာ တတ်လာလို့ (လေးတန်းအောင်တာတောင် မရေးတတ်၊ မဖတ်တတ်) မိဘတွေဘက်က စပြီး လှုပ်ရှားလာပါတယ်။ ဆရာ၊ ဆရာမတွေကို အိမ်ခေါ်သင်တဲ့စနစ် အစပျိုးလာတယ်။ အစကနဦးက ငွေကြေးချမ်းသာသူတွေက စခဲ့တာပဲ။ စာရေးသူတို့ ကျူရှင်တစ်ဝိုင်း ၅၀၀ ကျပ် (နယ်) ခေတ်က စသင်ခဲ့ဘူးတယ်။ ရန်ကုန်မှာတော့ နည်းပြကျူရှင်တွေ ခေတ်စားနေတဲ့အချိန်။ ကျူရှင်ဆရာတွေ ရန်ကုန်-မန္တလေး စုန်ချည်ဆန်ချည်ကူးပြီး သင်နေကြချိန်ပေါ့။ (ခန့်မှန်းနှစ် ၁၉၈၀ နောက်ပိုင်း) က ဒီလိုနဲ့ နည်းပြ ကျူရှင်တွေကနေ ဝိုင်းကျူရှင်တွေ တစ်စတစ်စခေတ်စားလာတယ်။ (နယ်က ရန်ကုန်လောက် ခေတ်မစားသေး) ဒါလည်း ငွေကြေးချမ်းသာသူတွေက စပါတယ်။

ထူးထူးခြားခြား သိလာတာက ကျူရှင်တက်သူတွေ ဝိုင်းထားနိုင်သူတွေဟာ အမှတ်မြင့်လာတယ်။ ဂုဏ်ထူးတွေပါလာတယ်။ အောင်ချက်သိသာလာတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး ကျူရှင်ဆရာတွေ ဝိုင်းဆရာတွေရဲ့ ကြော်ငြာတွေ ပလူပျံလာတယ်။ မိဘတွေကြားထဲမှာလည်း ကျူရှင်တွေကို အားကိုးစိတ် တစ်စစ မြင့်မားလာတယ်။ ငွေကြေးချမ်းသာသူတွေ စလိုက်တဲ့အနေကနေ ငွေကြေးအတန်သင့်ရှိ သူတွေကလည်း တစ်ဦးတည်းမတတ်နိုင်ရင်တောင် ဝိုင်းဖွဲ့လာကြတယ်။ တချို့က (၅) ဦးဝိုင်း။ တချို့က (၁၀) ဦး ဝိုင်း။ အဲဒီလိုနဲ့ ဝိုင်းတွေမှိုလိုပေါက်လာတာပါ။ ဒီလိုနဲ့ ကျူရှင်ထားတဲ့ မိဘတွေကို ပိုင်းခြားကြည့်ရင် (၁) ငွေကြေးတတ်နိုင်တယ်၊ သား၊ သမီးကို ပိုထူးချွန်စေ ချင်လို့ထားတဲ့ မိဘ၊ (၂) ငွေကြေးအတန်းသင့်ရှိတယ်၊ (၃) ငွေကြေးမရှိပေမယ့် တတ်နိုင်တဲ့ငွေကြေးနဲ့ ရပ်ထဲရွာထဲက နည်းပြသင်တန်းတွေမှာ ထားကြတယ်။ အားလုံးသော မိဘတွေရဲ့ စိတ်ထဲမှာ ကျူရှင်မထားဘဲ စာမေးပွဲမအောင်နိုင်။ အောင်ပြန်ရင်လည်း မထူးချွန်နိုင်လို့ ယူဆလာကြတော့တာပါပဲ။

ဒီနေရာမှာ ပြောဖို့လိုတာက ကျောင်းသား/သူတွေ ဘာကြောင့် ကျူရှင်တက်ဖို့လိုတာလဲ ဆိုတာပဲ။ စာရေးသူတို့ခေတ်မှာ ကျူရှင်မရှိပါ။ ဘာသာရပ်ဆိုင်ရာ နည်းပြသင်တန်းမရှိပါ၊ အထူးထုတ်မရှိပါ။ ပုဂ္ဂလိကကျောင်းမရှိပါ။ အစိုးရကျောင်းတွေဟာ ကျောင်းသား/သူတိုင်း အားထားရာနေရာမှာပါ။ ကျောင်းတစ်ရက်ပျက်ဖို့ အတော်ဝန်လေးခဲ့ဖူးပါတယ်။ ကျောင်းမှာ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပြသမှုကိုလည်း “ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးနဲ့၊ ချိုကျိုးနွားလား၊ ဒွန်းစဏ္ဍားပမာ” အပတ်တကုတ် လေ့လာခဲ့ကြရပါတယ်။ ထူးထူးချွန်ချွန်အောင်မြင်သူတွေ အများကြီးပေါ်ထွက်ခဲ့တယ်။ ရရှိခဲ့တဲ့ ဘွဲ့တွေအတွက်လည်း ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့တယ်။ လက်တွေ့ ဘဝနယ်ပယ်မှာ အောင်မြင်ခဲ့ကြတယ်။ ခုလို ကျူရှင် စနစ်တွေ ဖြစ်ထွန်းလာပြီးတဲ့နောက်မှာ အစိုးရကျောင်းတွေရဲ့ သင်ကြားမှုလျော့ကျလာတယ်။ ဝန်ထမ်းတွေ ကျူရှင်မသင်ရ ဆိုပေမယ့် ဝိုင်းတွေမှာလိုက်သင် လာတယ်။ အိမ်တွေမှာ သင်နေကြတယ်။ ဥပဒေအရ တားမြစ်ထားပေမယ်လို့ ဒီကနေ့အထိ တစ်စုံတစ်ဦးမှ ဥပဒေအရ အရေးယူခံရတာမရှိခဲ့ပါဘူး။ ဒါကလည်း လူမှုရေးရှုထောင့်က ကြည့်တာရယ်၊ ဆရာ၊ ဆရာမ တွေရဲ့ ဘဝကို စာနာနားလည်ပေးတာရယ်။ လုပ်ခလစာနည်းပါးတာတွေကြောင့် မျက်စိမှိတ်နေကြရတယ်။

ကျူရှင်စနစ်က ပိုခေါင်းထောင်လာတယ်။ ကျောင်းက ဆရာ၊ ဆရာမတွေကိုယ်တိုင် ကျူရှင်ပြ ကျူရှင်တည်ထောင်သူတွေ ဖြစ်လာတယ်။ ကျောင်းမှာထက် အိမ်မှာပိုသင်ကြတယ်။ အိမ်မှာလာသင်တဲ့ ကျောင်းသား/သူတွေ ပိုပြီးအလေးပေးခံခဲ့ရတယ်။ အိမ်မှာလာသင်တဲ့ ကလေးတွေ မေးခွန်းကြိုရကြတယ်။ အဆုံးစွန်ပြောရရင် စာစစ်တဲ့နေရာမှာတောင် ပိုပိုသာသာ လေးစစ်ပေးကြတယ်။ ဒီတော့ အစိုးရစစ် စာမေးပွဲ မဟုတ်တဲ့ ဆရာစစ်စာမေးပွဲ (ကျောင်းတွင်း စာမေးပွဲ) တွေမှာ အမှတ်ကောင်းဖို့ A ခန်းရဖို့ ဆရာ၊ ဆရာမ မျက်နှာသာပေးဖို့ ဆရာမရဲ့ ကျူရှင်မှာ မဖြစ်မနေတက်နေကြရဆဲပါပဲ။

ဒီလိုနဲ့ ၂၀၁၂ ခုနှစ်လောက်ကစပြီး ပုဂ္ဂလိက ကျောင်းဥပဒေနဲ့အတူ ပုဂ္ဂလိကကျောင်းတွေ ပေါ်ထွန်းလာပါတယ်။ ဒါလည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဖွင့်ခဲ့ကြတာမဟုတ်ပါဘူး။ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ညီတာ ပြည့်စုံတာဆိုလို့ နည်းလှပါတယ်။ ဘယ်လောက်အထိ စံနှုန်းတွေလျော့ပြီး ဖွင့်ခွင့်ပေးနေသလဲဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ပုဂ္ဂလိကကျောင်းတွေဟာ အခြေခံပညာကျောင်းတွေထက်တော့ ပိုလုပ်ပိုင်ခွင့် စီမံခန့်ခွဲခွင့်ရှိတယ်။ အစိုးရ ကျောင်းထက်ပိုများတဲ့ လစာနဲ့ ငှားရမ်းနိုင်တယ်။ လွတ်လပ်စွာ သင်ကြားခွင့် Activities တွေ လှုပ်ရှားတာသာတယ်။ ဒါကြောင့် မိဘတွေ စိတ်ဝင်စားလာတယ်။ ငွေကြေးတတ်နိုင်သူတွေ ရွေးချယ်စရာဖြစ်လာတယ်။ အတန်အသင့် ချမ်းသာသူတွေလည်း သင့်တင့်တဲ့ ပုဂ္ဂလိကကျောင်းတွေ ရွေးချယ်လာကြတယ်။ အပြင်မှာ ကျူရှင်မယူအောင် သင်မယ်လို့ ကြွေးကြော်လာကြပေမယ့် တဖြည်းဖြည်းနဲ့ သင်ကြားမှုအားနည်း လာတာတွေရှိတယ်။ ပုဂ္ဂလိကကျောင်းတွေ ကိုယ်တိုင် Guide တန်းတွေ ဖွင့်လာတယ်။ တချို့ အခမဲ့၊ တချို့ ငွေကြေးထပ်ပေးရတယ်။ ချုပ်ပြောရရင် ဒီကနေ့အထိ ဘာသာရပ်ဆိုင်ရာ နည်းပြသင်တန်းတွေ ကိုယ်ပိုင်ကျူရှင်တွေ၊ ဝိုင်းတွေဆိုတာတစ်မြို့လုံး အုန်းအုန်းကျွတ်ကျွတ် ရှိနေဆဲပါပဲ။ မိဘတွေအဖို့တော့ ကျူရှင်ဝန်ထုပ်ဝန်ပိုးကြီးက တစ်နေ့တခြား ပိလို့နေပါတယ်။

ဒီကနေ့ နိုင်ငံတော်က ကျူရှင်ပပျောက်ရေး လုပ်နေပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကြားမှာ အသိနည်းနေပါသေးတယ်။ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့လိုပါလိမ့်မယ်။ အစိုးရလုပ်နေတဲ့ စီမံကိန်း က KG + 12 ပဲဖြစ်ပါတယ။် ဒါကို ၂၀၁၆ ခုနှစ်စပါ တယ်။ KG တန်းကစ ပြောင်းနေတာ ဒီနှစ်ဆို Grade-3 နဲ့ Grade-6 ပါ။ နှစ်စဉ်ပြောင်းလဲနေပါတယ်။ Grade အလိုက်ပြောင်းလဲသလို သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနဲ့ သင်ကြားနည်းစနစ်တွေ လိုက်ပါပြောင်းလဲနေပါတယ်။ ပြောင်းလဲနေတဲ့ အတန်းအသီးသီးအတွက် ဆရာ၊ ဆရာမတွေကို စွမ်းရည်မြင့်သင်တန်းတွေ ပေးနေပါတယ်။ အဲဒီသင်တန်းက ပို့ချတဲ့ နည်းစနစ်တွေအတိုင်း သင်ဖို့ပါ။ အဲဒါ ကျူရှင် ပပျောက်ရေးအတွက်ပါ။

အဲဒီစနစ်က စာမေးပွဲစနစ်ကိုလျှော့ချနေပါတယ်။ KG ကစပြီး စာမေးပွဲ မရှိပါဘူး။ ရမှတ်တွေကို A.B.C နဲ့ပဲ ထုတ်ပြန်ပါတယ်။ ကလေးတွေဟာ တစာစာ စာကျက်နေစရာမလိုပါဘူး။ သီချင်းဆိုရင်း ကခုန်ရင်း ကိုယ်တိုင်ပါဝင် လှုပ်ရှားရင်း စာသင်မှန်း မသိသင်နေရမယ့် သဘောပေါ့။ KG + 12 ရဲ့ အဓိက ဦးတည်ချက်ကတော့ အာဂုံဆောင်အလွတ်ကျက်စနစ်ကို လျှော့ချပါတယ်။ ကလေးတွေကိုယ်တိုင် Creative Thinking, Critical Thing ရဖို့ပါ။ ဒါကြောင့် မေးခွန်းပုံစံတွေပြောင်းပါတယ်။ ကိုယ်တိုင် စဉ်းစား၊ တွေးခေါ်တွက်ချက်နိုင်မှု မရှိရင် အမှတ်ပြည့် မရနိုင်ပါဘူး။ အမှတ်စနစ်ကို အားကိုးလွန်းတဲ့အတွက် တက္ကသိုလ်အဆင့်ရွေးချယ်ရာမှာလည်း အမှတ်ကို အခြေခံမှုလျှော့ချထားပါတယ်။ တစ်ခါအဆင့်မြင့်ပညာ မတက်လှမ်းနိုင်သူတွေအတွက် Level 4 နဲ့ Level 5 မှာ အသက်မွေးဝမ်းကျောင်းပညာသင်တန်းတွေ၊ ဒီပလိုမာ သင်တန်းတွေ ဖွင့်လှစ်ထားပြီး ပညာရေးအဟောသိကံ ဖြစ်မှုကို ထိန်းထားတာတွေ့ရပါတယ်။

အချုပ်ဆိုရရင် နိုင်ငံတော်က ကျူရှင်ပပျောက်ရေး လုပ်နေတယ်။ အဲဒီလုပ်ငန်းစဉ်မှာ အဓိကပါဝင်နေတာက ဆရာ၊ ဆရာမတွေ။ ဒီတော့ နိုင်ငံတော်အပိုင်းရော၊ ဆရာ၊ ဆရာမအပိုင်းမှာရော ဆောင်ရွက်ရမှာတွေက-

၁။ ဆရာ၊ ဆရာမတွေ ကျောင်းတွေမှာ စာတတ်အောင် သင်ပေးပါ။ စေတနာထည့်ပါ။

၂။ ဆရာ၊ ဆရာမတွေ အရည်အသွေးမြင့်အောင် ကျွမ်းကျင်ပိုင်နိုင်အောင် စွမ်းရည်မြင့်သင်တန်းတွေပေးပါ။

၃။ အစိုးရကျောင်းပညာရေး ဝန်ထမ်းလစာနဲ့ ရိက္ခာအတွက် ထိုက်တန်မျှတအောင်ဆောင်ရွက်ပေးပါ။

 ၄။ KG + 12 စနစ်အတိုင်း ကျောင်းများ အတိအကျ လိုက်နာပေးပါ။ လိုက်နာမှုရှိ၊ မရှိ ကြီးကြပ် စစ်ဆေးပေးပါ။

၅။ ဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးပေးပါ။

၆။ တတ်မြောက်မှုကို မှန်မှန်ကန်ကန် စစ်ဆေးပေးပါ။ (ဆိုလိုသည်မှာ စာမေးပွဲစစ်ဆေးအကြိမ် အရေအတွက် လျှော့ချ၍ စစ်ဆေးသည့်အခါ ပြည့်ပြည့်ဝ၀ တိတိကျကျ စစ်ဆေးပေးပါ)

၇။ ကျောင်းသား၊ဆရာ အချိုးမျှတအောင် ဆောင်ရွက်ပေးပါ။

၈။ ရမှတ်ကိုဦးတည်ရွေးချယ်တဲ့တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းပေးပါ။

၉။ ပြိုင်ဆိုင်မှုကိုဖြစ်စေမယ့် စာမေးပွဲစနစ် အမှတ်စနစ် ဂုဏ်ထူးပေးစနစ်တွေကို လျှော့ချပေးပါ။တစ်စတစ်စ ပပျောက်သွားအောင်ဆောင်ရွက်ပေးပါ။

၁၀။ ယှဉ်ပြိုင်မှုကိုဖြစ်စေမယ့် စာမေးပွဲစနစ် အမှတ်စနစ်၊ ဂုဏ်ထူးပေးစနစ်စတာတွေလျှော့ချပေးပါ။ တဖြည်းဖြည်းပပျောက်အောင်ပါ။

ခင်မောင်ဌေး (ပညာရေး)