News

POST TYPE

EDUCATION

မြန်မာ့ပညာရေးအတွက် အကြံပြုချက်
19-Sep-2019



မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ခေတ်အဆက်ဆက်ကပဲ အစမ်းသပ်ခံပညာရေး အဖြစ်သုံးသပ်ခဲ့ကြတယ်။ ဝန်ကြီးတစ်ဦးပြောင်းရင် စနစ်တစ်မျိုးပြောင်းလဲခဲ့တဲ့အတွက် တည်ငြိမ်တဲ့ ပညာရေးစနစ်မဖြစ်ခဲ့လို့ဆိုသူလည်း ရှိတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အပြုသဘောရှုထောင့်က ချဉ်းကပ်ပြောဆိုခဲ့ဖူးပါတယ်။ ပညာရေးစနစ်ဆိုတာ ခုရေတွင်းတူးလို့ ခုရေကြည်သောက်လို့ရတာ မဟုတ်ဘူး။ ဒါကြောင့် စီမံကိန်းတစ်ခု ချမှတ်ဆောင်ရွက်တယ်ဆိုရင် စီမံကိန်း မပြီးသေးဘဲ အပြစ်မြင်လို့ မရနိုင်ဘူးလို့ ဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် ခုဆိုရင် KG+12 အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်နေတာ တွေ့ရတယ်။ ဒါပေမဲ့ပညာရေးစနစ် တိုးတက်ပြောင်းလဲတဲ့နေရာမှာ အဟန့်အတားတွေရှိတယ်။ ပုံစံခွက်ထဲက ရုန်းမထွက်ချင်သူတွေရှိတယ်။ ရှေးရိုးစွဲပညာသင်ကြားမှုစနစ်တွေကို လက်မလွှတ်နိုင်ကြသေးဘူး။ မြန်မာ့ပညာရေး တိုးတက်ပြောင်းလဲမှု နှေးကွေးရတဲ့ အကြောင်းအရင်းတွေကို ဝေဖန်သုံးသပ်နေကြတာတွေ အကြံပြုနေကြတာတွေ့နေရတယ်။ အဲဒီအချက်တွေကို ခြုံငုံသုံးသပ်ကြည့်ရင်း ပြောင်းလဲတိုးတက်မှုတွေအတွက် ပြုပြင်စေချင်ပါတယ်။ 

(၁) ကျောင်းသား/သူ အများစု စာကို နေ့စဉ်ကျက်၍ တစာစာဆိုနေရခြင်း

ဒီအချက်ကတော့ မြန်မာနိုင်ငံတစ်နံတစ်လျားရှိတဲ့ အခြေခံပညာကျောင်းတွေ ကျင့်သုံးနေတဲ့ စနစ်ပါပဲ။ သတ်မှတ်ပြဋ္ဌာန်းစာအုပ်ကို အလွတ်ကျက် စနစ်ပါ။ အကြောင်းအရာကို နားလည်အောင်သင်ဖို့၊ မိမိနားလည်တဲ့ အကြောင်းအရာကို မိမိကိုယ်တိုင် ပြန်လည်ရေးသားတင်ပြတတ်ဖို့ အားနည်းကြပါတယ်။ ဆိုရရင် မိမိရဲ့ အတွေးအမြင်အယူအဆ သဘောတရားနဲ့ ရေးရမယ့် စာစီစာကုံးလိုဟာမျိုးကိုတောင် အလွတ်ကျက်ဖြေဆိုနေကြတာ တွေ့ရပါတယ်။ တစ်ဖက်က အထူးထုတ်စာအုပ်တွေကလည်း အစီအရီထွက်နေပါတယ်။ ကလေးတွေရဲ့ ကိုယ်တိုင်သိမြင်တွေးတောခွင့်ကို အားမပေးဘဲ အဆင်သင့်ရေးပေးထားတဲ့ စာအုပ်တွေ၊ စာစဉ်တွေကသာ မြန်မာ့ပညာရေးလောကကို လွှမ်းခြုံနေတာတွေ့ရပါတယ်။

(၂) ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ရွေးချယ်စရာနည်းပါခြင်း

ကျောင်းသား/သူတိုင်း ကျောင်းရောက်ရင် လုပ်ရတဲ့ အလုပ်က များများစားစား မရှိပါ။ အတန်းကြီးကြီးလာတာနဲ့အမျှ ပိုပြီးအရေးကြီးတဲ့ အတန်းတွေအဖြစ် မှတ်ယူကာ စာသင်ယူခြင်းအလုပ်ကိုသာ အများကြီး အားစိုက်ကြရပါတယ်။ သင်ကြားတဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင်ကလည်း ဖတ်စာအုပ်နဲ့သာ နှစ်ပါးသွားနေကြရတယ်။ ကျောင်းသား၊ ကျောင်းသူ တွေကတော့ စာသင်ခန်းပြင်ပထွက်ရတယ်ဆိုတာဟာ ထမင်းစားချိန်၊ မုန့်စားချိန်လောက်သာပါပဲ။ ကိုယ်တိုင် စိတ်တိုင်းကျ လွတ်လပ်တဲ့ အားလပ်ချိန်မရှိသလို ရွေးချယ်စရာလုံးဝမရှိသလောက် ဖြစ်နေကြရပါတယ်။

(၃) အတွေးအခေါ် မြင့်မားရေးအတွက် တွန်းအားမပေးနိုင်ခြင်း

ကျောင်းကိုရောက်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်းဟာ ကျောင်းရဲ့ ချမှတ်ထားတဲ့ စည်းကမ်း၊ စာသင်ခန်းအတွင်း လိုက်နာရတဲ့ စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်ကိုပဲ လိုက်နာကြရတယ်။ ဘာသာရပ်အလိုက် သင်ကြားပို့ချရာမှာလည်း ရှေ့က ဦးဆောင်တဲ့ဆရာ၊ ဆရာမရဲ့ နောက်ကိုပဲ အစဉ်လိုက်ကြတာများပါတယ်။ တချို့ ဆရာ၊ ဆရာမတွေကလည်း မှားတာပဲဖြစ်ဖြစ်၊ မှန်တာပဲဖြစ်ဖြစ် ကိုယ်ပြောတာအမှန်ပဲ။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အတွန့်တက်မေးလာမှု မှန်သမျှကို သိပ်မနှစ်မြို့တတ်ကြပါဘူး။ ကျောင်းသား၊ ကျောင်းသူတွေကိုယ်တိုင် စဉ်းစားတွေးခေါ်ရေးသားခြင်း၊ တွက်ချက်ခြင်းစတဲ့ အလေ့အကျင့်ကောင်းတွေကို များများမပေးနိုင်ကြဘူး။ ဆရာ၊ ဆရာမရဲ့ သင်ပြမှုနဲ့ပဲ တင်းတိမ်ရောင့်ရဲ နေကြတာများပါတယ်။ ဒါကြောင့်လည်း အခြေခံပညာပြီးမြောက်လို့ တက္ကသိုလ်အဆင့် ပြီးမြောက်သွားသည့်တိုင် ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းရမလဲ။ ဘယ်လိုရှုထောင့်က ချဉ်းကပ်ရမယ်ဆိုတာတွေ၊ ဝေဖန်သုံးသပ်တတ်မှု နည်းပါးမှုတွေကိုသာ ဖြစ်စေတာပါပဲ။

(၄) တီထွင်ဖန်တီးမှု မရှိခြင်း

အခြေခံပညာအဆင့်ဆိုတာ သင်ကြားမှု၊ သင်ယူမှု ဖြစ်စဉ်တစ်ခုအဖြစ်သာ ရှုမြင်တတ်ကြပါတယ်။ အခြေခံပညာအဆင့်မှာ ကလေးတွေအနေနဲ့ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရမယ့် အခွင့်အလမ်းတွေ နည်းလှပါတယ်။ ပြောင်းလဲနေတဲ့ ပညာရေးစနစ်သစ်အရ ကိုယ်လက်လှုပ်ရှားတာ သီဆိုတီးမှုတ်ခွင့်ရတန်သရွေ့ ရလာနိုင်ပေမယ့် ကိုယ်တိုင်ပါဝင် တီထွင်ခွင့် ဖန်တီးခွင့် စုပေါင်းလုပ်ဆောင်ခွင့် မရရှိသေးပါဘူး။ အချိန်အများစုဟာ ကျောင်းစာသင်ခန်းထဲမှာပဲ အချိန်ကုန်နေတာများလှပါတယ်။ မိဘအများစု ကိုယ်တိုင်ကလည်း ကျောင်းပြင်ပထွက်တာ Activities တွေမှာ ပါဝင်စေတာကိုလည်း သိပ်အားပေးတာ မတွေ့ရတတ်ပါဘူး။ ကျောင်းတွေဟာ စာသင်ကြားပေးမှု တစ်ခုအဖြစ်ပဲ မြင်နေကြဆဲပါ။

(၅) ခေတ်မီပညာရေးစနစ်ကိုလှမ်းတက်ရန်လိုအပ်နေခြင်း

ခေတ်က အိုင်တီခေတ်၊ နည်းပညာခေတ်။ ဒါကြောင့် ပြဋ္ဌာန်းသင်ရိုးတွေကို နည်းပညာခေတ်နဲ့ လျော်ညီဖို့လိုတယ်။ နည်းပညာခေတ်မို့ အကြောင်းအရာအချက်အလက်တွေဟာ အားလုံးကို အလွတ်ကျက်မှတ်နေဖို့ မလိုတော့ပါဘူး။ Screen ပေါ်မှာ ကလစ်တစ်ချက်နှိပ်လိုက်ရုံနဲ့ သိလိုတဲ့အကြောင်းအရာ တွေအားလုံး သိနိုင်တဲ့ခေတ်ပါ။ လွယ်လွယ်ကူကူရနိုင်တဲ့ အသိပညာအချက်အလက်တွေကို တကူးတက ကျက်မှတ်နေစရာမလိုတော့ပါဘူး။ တစ်ခုရှိတာက နည်းပညာကို အသုံးချတတ်ဖို့ အသုံးချတတ်အောင် အခြေခံကစပြီး သင်ရိုးတွေထဲမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သင်ရိုးတွေမဖြစ်မနေ ထည့်သွင်းသင်ကြားပေး နိုင်ဖို့ပါပဲ။ ဒုံးပျံဂြိုဟ်တုခေတ်မှာ လှည်းလှေကို အသုံးပြုပြီးလိုက်နေလို့ ခေတ်မမီနိုင်တော့ပါဘူး။

(၆) ဗဟိုချုပ်ကိုင်မှု လျှော့ချရန်လိုခြင်း

အထူးသဖြင့် အခြေခံပညာအဆင့်ဟာ ဗဟိုချုပ်ကိုင်မှုအောက်မှာ လုံးဝတည်ရှိနေပါတယ်။ အမိန့်ညွှန်ကြားချက်မရှိဘဲ ဘာတစ်ခုမျှ ထူးပြီး ဆောင်ရွက်ခွင့်မရှိပါ။ အဲဒီညွှန်ကြားချက်ဟာ တိုင်းခရိုင်၊ မြို့နယ်တွေက အဆင့်ဆင့်ရောက်လာတာပါ။ ဒီလိုပဲ အောက်ခြေဖြစ်တဲ့ အခြေခံက ထူးခြားဖြစ်စဉ်ဆိုရင်လည်း မြို့နယ်ကနေ အထက်အဆင့်ဆင့်တင်ပြကြရတာပါ။ အခြေခံ ပညာကျောင်းတွေအနေနဲ့ ပုဂ္ဂလိကကျောင်းတွေ အဆင့်လောက်တောင် လွတ်လပ်မှုမရှိပါဘူး။ စီမံခန့်ခွဲမှု မရှိပါဘူး။ ကိုယ်တိုင်တီထွင်ကြံဆဆောင်ရွက် နိုင်ရင်တောင်မှ အမှားတစ်စုံတစ်ရာ ဖြစ်ခဲ့ရင်တော့ ဒဏ်ပေးစနစ်က ထိပ်ဆုံးကပါပဲ။ ဒီလိုနဲ့ မလုပ်မရှုပ် မပြုတ်တွေများနေတာပါပဲ။

(၇) ဆရာ၊ ဆရာမတွေရဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားဖို့လိုခြင်း

မြန်မာ့ပညာရေးလောကကို ကြည့်ရင် လေးစားဖွယ်ကောင်းတဲ့ ဆရာကြီး၊ ဆရာမကြီးတွေ သမိုင်းတင် ကျန်ရစ်ခဲ့တာ အများကြီးရှိပါတယ်။ အဲဒီဆရာကြီး၊ ဆရာမကြီးတွေက ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေးမှာ အမှန်ကတယ် ဂုဏ်ယူလေးစားလောက်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အတုယူအားကျလောက်သူတွေလည်း ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာကြီး၊ ဆရာမကြီးတွေဟာ ပညာပြည့်ဝနှလုံးလှခဲ့တဲ့ အတွက်ကြောင့်ပါ။ ဆိုလိုတာကတော့ ဆရာ၊ ဆရာမတစ်ဦးဟာ မိမိသင်ကြားတဲ့ ပညာရပ်နယ်ပယ်မှာ ကျွမ်းကျင်နှံ့စပ်ဖို့လိုခြင်းပါပဲ။နိုင်ငံအတွင်းမှာ ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းတွေ ဉာဏ်ရည်သစ်လောင်းမှုတွေ လိုအပ်နေပါသေးတယ်။ နိုင်ငံတော်က သင်ရိုးသစ်အတွက်မူ အခါအားလျော်စွာ သင်တန်းတွေပို့ချပေးနေရပါတယ်။ ဆရာ၊ ဆရာမတွေကိုယ်တိုင်ကလည်း စာပေလေ့လာ ဖတ်ရှုမှု၊ နည်းပညာအသုံးချတတ်မှုနဲ့အတူ ထာဝရ ကျောင်းသားကြီး ဖြစ်နေဖို့လိုနေပါတယ်။

(၈) ဆရာ၊ ဆရာမတွေရဲ့ Mind Set ပြုပြင်ရေး

ပညာရေးစနစ်တစ်ခုကို ပြောင်းလဲတဲ့နေရာမှာ အခရာကျကျ ပါဝင်သူတွေဟာ ဆရာ၊ ဆရာမတွေပါပဲ။ စနစ်က ဘယ်လိုပြောင်းပြောင်း၊ သင်နည်း စနစ်က ဘယ်လိုဗျူဟာတွေနဲ့ သင်သင် ဆရာ၊ ဆရာမတွေကိုယ်တိုင်က ယုံယုံကြည်ကြည်နဲ့ ခံယူတတ်ဖို့ လိုပါတယ်။ လိုက်နာကျင့်ကြံဖို့လိုပါတယ်။ မြန်မာ့ပညာရေးစနစ်ရဲ့ အရိုးစွဲနေတဲ့ အာဂုံဆောင် အလွတ်ကျက်စနစ်ကို ဆရာ၊ ဆရာမတွေက ဦးဆောင်ပြီး တိုက်ဖျက်ပစ်ရမှာပါ။ တတ်အောင်သင်၊ နားလည်အောင်လေ့လာ၊ ကိုယ်ပိုင်တွေးခေါ်ဆင်ခြင်သုံးသပ်ပြီး ပြန်လည်တင်ပြနိုင်တဲ့ အဆင့်ထိရောက်အောင် စည်းရုံးသိမ်းသွင်းခေါ်ဆောင်ကြရမယ့် အဆင့်ရောက်နေပါပြီ။ 

အခန်းတွေထဲ ပိတ်လှောင် နေ့မအား၊ ညမအား သင်ကြား၊ ဂိုက်တွေနဲ့ အလွတ်ပြန်၊ အလွတ်ကျက် ဂုဏ်ထူးရှင်ပေါင်းမြောက်မြားစွာ မွေးထုတ်နိုင်ပေမယ့် ဘက်စုံထူးချွန်သူတွေ၊ အတွေးအခေါ် မြင့်မားသူတွေ၊ ကိုယ်ရည်ကိုယ်သွေးတောက်ပသူတွေ ပေါ်ထွက် မလာသရွေ့ မြန်မာ့ပညာရေးကတော့ ပြောင်းလဲတိုးတက်လာမှု နှေးကွေးနေဦးမှာပါပဲ။

ဒါကြောင့် ပြုပြင်သင့်တဲ့ အချက်တွေကို ပိုပြီးတိကျတဲ့လေ့လာသုံးသပ်မှုတွေနဲ့အညီ အချိန်မီ၊ အခါမီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ စိတ်ကောင်း စေတနာကောင်းနဲ့ ရေးသားတင်ပြလိုက်ရတာပါ။

ခင်မောင်ဌေး (ပညာရေး)