News

POST TYPE

EDUCATION

လူတန်းစားမရွေး အကောင်းဆုံးပညာရေးစနစ် ရရှိနိုင်မည့် အစိုးရကျောင်းများ ထူထောင်ရေး
29-Aug-2019



တွေ့နေကျ ဩဂုတ်လ ၁၂ ရက်နေ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) တွင် ကျင်းပသည့် အပြည်ပြည် ဆိုင်ရာလူငယ်များနေ့ အခမ်းအနား၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တောနေမြို့နေ ဆင်းရဲချမ်းသာမရွေး လူတန်းစားအားလုံး အကောင်းဆုံးပညာရေးစနစ်ကို ရရှိနိုင်မည့် အစိုးရကျောင်းများဖြစ်အောင် ထူထောင်ရန်လိုကြောင်း ထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံ အမျိုးသားပညာရေးဥပဒေအရ အခြေခံပညာတွင် အစိုးရကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများ အပြိုင်အဆိုင်တိုးတက်လာသည်ကို နှစ်အနည်းငယ်အတွင်း မြင်တွေ့ရသည်။ လွန်ခဲ့သည့် ၂၀၁၂နှစ်ကစ၍ ပုဂ္ဂလိကကျောင်းဥပဒေများ ပြဋ္ဌာန်းကာ ပုဂ္ဂလိက ကျောင်းများ ဖွင့်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျောင်းများပေါ်ထွန်းလာခြင်းကြောင့် အစိုးရကျောင်းများတွင် ကျောင်းသားဦးရေ အဆမတန်များပြားသည့် အခက်အခဲကို ဖြေလျှော့ပေးနိုင်ခဲ့သည်။ ပုဂ္ဂလိက ကျောင်းများ အစီအရီများပြားလာခြင်းကြောင့် အစိုးရ အထက်တန်းကျောင်းများတွင် ကျောင်းသားဦးရေ သိသိသာသာနည်းသွားခြင်း မရှိသော်လည်း ရပ်ကွက်အတွင်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်း အချို့တွင်မူ သိသိသာသာ နည်းသွားကာ ဆရာအရေအတွက်များ၍ ကျောင်းသား နည်းပါးသည့် ကျောင်းများ ရန်ကုန် မြို့ပေါ်မှာပင်ရှိ၏။ အချို့ကျောင်းများ ပိတ်လိုက်ရသည့် အနေအထား ရှိနေသည်။

ပုဂ္ဂလိကကျောင်းများ၏ အားသာချက်

ပုဂ္ဂလိကကျောင်းများသည် ကျောင်းဝင်ကြေး ကျောင်းလခ သတ်မှတ်၍ ကျောင်းအပ်လက်ခံသည်။ ကျောင်းအလိုက် ကွဲပြားသည်။ အချို့ကျောင်းများ ဈေးနှုန်းသင့်၏။ အချို့ မြင့်၏။ မိဘများမှာလည်း မိမိ တို့လက်လှမ်းမီနိုင်သည့်အဆင့်ရှိ ပုဂ္ဂလိကကျောင်းများသို့ ရွေးချယ်အပ်နှံခွင့်ရှိသည်။ နယ်မြေကန့်သတ် ချက်မရှိ။ ကျောင်းတစ်ကျောင်းလုံး၏ လုပ်ပိုင်ခွင့်သည် ကျောင်းအုပ်ချုပ်သူထံတွင် ရှိသည်။ မူအားဖြင့် အခြေခံပညာ အစိုးရကျောင်းများအတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်သော်လည်း မိမိတို့တစ်ကျောင်းချင်းစီအလိုက် Activities များ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်။ (ဥပမာအားကစားပြိုင်ပွဲ၊ ဟောပြောပွဲ၊ လေ့လာရေးခရီး) ပုဂ္ဂလိကကျောင်းနှင့် အစိုးရကျောင်းတွင်ရှိသည့် ကျောင်းစည်းကမ်းတွင် အစိုးရကျောင်းများက ပိုမို တင်းကျပ်သည်။ ပုဂ္ဂလိကကျောင်းတွင် ကျောင်းပျက်ခြင်းကိစ္စမှစ၍ ဆရာ၊ မိဘနှင့် ညှိနှိုင်းရ အဆင်ပြေလွယ်သည်။ ကျောင်းနေပျော်၍ ကျောင်းစာတော်ရမည်ဟုဆိုသည်။ အချို့ပုဂ္ဂလိကကျောင်းများ အပျော်ဘက် ဦးစားပေးလွန်းသည်။ ကျောင်းသားပျော်အောင်သာ မွေးသည်ဟုဆိုသည်။ အထူးသဖြင့် ငွေကြေးတတ်နိုင်သူများ ပုဂ္ဂလိကကျောင်းများသို့ ရွေးချယ်လာကြသည်။ အတန်အသင့်တတ်နိုင်သူများလည်း ကျောင်းအပ်လာကြသည်။

ကျောင်းတာဝန်ခံ အုပ်ချုပ်သူသည် တည်ထောင် သူဖြစ်နိုင်သကဲ့သို့ သီးသန့်ငှားရမ်းထားသူလည်း ဖြစ်နိုင်သည်။ အချို့တည်ထောင်သူများသည် ငွေကြေးစိုက်ထုတ်နိုင်သူသာဖြစ်၍ ပညာရေးနယ်ပယ်မှ အတွေ့အကြုံရှိသူ ဝါရင့်ဆရာကြီး၊ ဆရာမကြီးများကို ငှား၍ စီမံအုပ်ချုပ်စေသည်။ ဘာသာရပ်အလိုက် စိတ်တိုင်းကျ ဆရာ၊ ဆရာမများကို ငှားရမ်းသင်ကြား ခွင့်ရှိသည်။ မကြိုက်လျှင် ဖြုတ်နိုင်သည်။ အစိုးရကျောင်းများထက်သာလွန်သော လစာနှုန်းထားပေးနိုင်သည်။ ထူးခြားသည်မှာ ပုဂ္ဂလိကကျောင်းမှ ဆရာ၊ ဆရာမ တိုင်းသည် မိမိသင်ပြသောအတန်းမှ ကလေးကို ကျူရှင်ပြန်မသင်ရ။ လိုအပ်လျှင် ကျောင်းမှ Guide ငှားပေးသည်။ အချို့ Guide ခပေးရသည်။ အချို့ မပေးရ။ ကျောင်းသားဆရာအချိုး နိုင်နင်းစွာသင်နိုင်သည်။

အစိုးရကျောင်းများ၏ အားနည်းချက်

ကျောင်းကိုတာဝန်ခံရသည်မှာ ကျောင်းအုပ်ဖြစ်သည်။ ကျောင်းအုပ်သည် စီမံခန့်ခွဲရသူဖြစ်သည်။ သို့သော် အခြေခံမှ ညွှန်ကြားချက် တစ်စုံတစ်ရာကို ကျော်လွန်၍ လုပ်ပိုင်ခွင့်မရှိပါ။ စာအုပ်ကြီးအတိုင်း ပုံစံကျလုပ်ဆောင်ရသည်။ အချို့အစိုးရကျောင်းများ ကျောင်းစည်းကမ်းတင်းကျပ်သည်။ အချို့ရေလိုက်ငါးလိုက်။ အထူးသဖြင့် နာမည်ကြီးကျောင်းများ ဝင်ခွင့်ရရန်မလွယ်။ ကန့်သတ်နယ်မြေအရ လက်ခံရမည်ဟု ဆိုသော်လည်း ခြွင်းချက်များရှိနေသေးသည်။ အစိုးရကျောင်းအားလုံးသည် အချိန်ဇယားအတိုင်းသာဖြစ်သည်။ အခမဲ့ပညာရေးဖြစ်၍ တစ်စုံတစ်ရာ ငွေကြေးကောက်ခံခွင့်မရှိ။ ဖွံ့ဖြိုးရေးလုပ်ငန်းများ နည်းပါးလွန်းသည်။

အစိုးရကျောင်းမှ ဆရာ၊ ဆရာမများသည် ကျောင်းအုပ်၏သဘောဖြင့် ဖြုတ်ပိုင် ခန့်ပိုင်ခွင့်မရှိ။ ဘာသာရပ် အခက်အခဲကြောင့် မြန်မာစာဆရာလည်း အင်္ဂလိပ်စာ သင်ချင်သင်ရသည်။ Physics ဆရာလည်း Bio ဆရာဖြစ်နိုင်သည်။ ကျောင်းသားဆရာ အချိုးမမျှ။ အချို့ကျောင်းများ တစ်အချိုး ခုနစ်ဆယ် ရှစ်ဆယ်ပင် ဖြစ်နေတတ်သည်။ လစ်လပ်ဆရာများ အချိန်မီ ခန့်ထားနိုင်ခြင်းနည်းသည်။ လစာနှုန်းထားအနေနှင့် ပုဂ္ဂလိကကျောင်းများနှင့် မယှဉ်သာပေ။ သို့ ဖြစ်၍ အချို့ကျောင်းရှိ ဆရာ၊ ဆရာမများ၊ တပည့်များကို ကျူရှင်ပြန်သင်ကြသည်။ ကျူရှင်ဥပဒေရှိသော်လည်း အသက်မဝင်ပါ။

ဆိုရသော် ကိုယ်ပိုင်ကျောင်းများသည် မိဘများ၏ Complain များစွာကို ဒိုင်ခံဖြေရှင်းနိုင်သည်။ ကျောင်းသား/သူများထံမှ ရနိုင်သမျှငွေကြေးကိုလည်း ရအောင်ကောက်သည်။ ဝန်ဆောင်မှုမဆိုးလှ။ ဆရာ၊ ဆရာမအများစုမှာ လက်ရွေးစင်စိတ်ကြိုက်ရွေးချယ်ထားသော ဆရာ၊ ဆရာမများဖြစ်၍ အများစု အဆင်ပြေကြသည်။ သို့ဖြစ်၍ ပုဂ္ဂလိကကျောင်းများသို့ ငွေကြေးတတ်နိုင်သူအများစုဝင်လာသည်။ အချို့ကျောင်းများ ကျောင်းသားထောင်ကျော်ရှိသည်။ အချို့ကျောင်းများ နာမည်ရကြ၏။ အချို့ကျောင်းများ မနိုင်မနင်းရှိနေကြသည်။

စင်စစ် တစ်နိုင်ငံလုံးရှိ အစိုးရကျောင်းများတွင် သင်ကြားလျက်ရှိသည် ဆရာ၊ ဆရာမပေါင်း ( ၄၀၄၄၄၄) ရှိသည်။ ယင်းအထဲတွင် မူလတန်းပြ ဆရာ၊ ဆရာမ ပေါင်း (၂၄၆၉၀၅) ဦး၊ အလယ်တန်းပြဆရာ၊ ဆရာမ ပေါင်း (၁၁၄၇၇၉) ဦးနှင့် အထက်တန်းပြဆရာ၊ ဆရာမပေါင်း (၄၂၇၆၀) ဦးရှိသည်။ ယင်းဆရာ၊ ဆရာမများ၏ လက်ထဲတွင် ပညာရင်နို့သောက်စို့ လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများမှာ မူလတန်းတွင် (၄၉၉၁၆၅၆) ဦး၊ အလယ်တန်းတွင် (၃၀၅၁၂၃၂) ဦး၊ အထက်တန်းတွင် (၁၁၀၁၅၈၁) ဦး၊ စုစုပေါင်း (၉၁၄၄၆၉) ဦးရှိသည်။ ဆိုလိုသည်မှာ အများစုသည် အစိုးရကျောင်းများကို မှီခိုအားထား နေရသည်။ အထူးသဖြင့် မြို့ကြီးပြကြီးနှင့် ဝေးသောနယ်မြို့နှင့် ကျေးလက်ဒေသများဖြစ်သည်။ သို့ဖြစ်၍ အစိုးရကျောင်းများ အခြေခံခိုင်ခိုင်မာမာဖြင့် မိဘပြည်သူများ အားကိုးအားထားပြုရမည့် ကျောင်းများအဖြစ် ပြုပြင်ပြောင်းလဲနိုင်ရန် အလွန်အရေးကြီးလှပါသည်။

ထို့ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “ပုဂ္ဂလိကကျောင်းတွေကသာ အကောင်းဆုံးပညာရေး စနစ်ကို ပေးနိုင်တယ်ဆိုတဲ့ အမြင်တွေ မြင်ပြီးတော့ မိဘတွေကသား၊ သမီးတွေကို အဲဒီကျောင်းတွေပဲ လွှတ်ချင်တယ်။ ဒါပေမဲ့ ကမ္ဘာကြီးကို ကြည့်လိုက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်တဲ့ တချို့နိုင်ငံတွေမှာဆိုရင် ချမ်းသာသူတွေ၊ တတ်နိုင်တဲ့သူတွေက မိမိတို့ရဲ့ သား၊ သမီးတွေကို ပုဂ္ဂလိကကျောင်းတွေကို လွှတ်တယ်၊ တချို့နိုင်ငံတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှုက အတူတူပါပဲ။ အစိုးရက ထူထောင်ထားတဲ့ကျောင်းတွေဟာ ပုဂ္ဂလိကကျောင်းတွေနဲ့ တန်းတူပါပဲ။ ပိုတောင်မှ ကောင်းတယ်လို့လည်း ပြောလို့ရပါတယ်။ အဲဒီလို စနစ်မျိုးကျွန်မတို့ နိုင်ငံမှာ ထူထောင်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေက ဆင်းရဲ၊ ချမ်းသာမရွေး၊ တောနေ၊ မြို့နေမရွေးအားလုံးဟာ အကောင်းဆုံးပညာရေး စနစ်ကိုရရှိနိုင်တဲ့ ပညာရေးစနစ်ရဲ့ အကျိုးကို ရနိုင်တဲ့ နိုင်ငံမျိုးဖြစ်စေချင်ပါတယ်”ဟု လူငယ်များနေ့အခမ်းအနားတွင် ထည့်သွင်းပြောကြားသွားသည်ကို တွေ့ရသည်။

ချုပ်၍ဆိုရသော် ငွေကြေးချမ်းသာမှ ပညာသင်ယူခွင့်ရနိုင်သည်။ ကျောင်းကောင်းအပ်နိုင်သည် ဆိုသည့် အတွေးမျိုးကိုပယ်ဖျောက်နိုင်ဖို့လိုသည်။ အစိုးရကျောင်းများသည် အခမဲ့ပညာရေးဖြစ်၍ ပေါပေါလောလော ပညာရေးမျိုး မဖြစ်သင့်။ အလိုရှိသည့် ပညာကို မည်သည့်ကျောင်းမျိုးကဖြစ်စေ တူညီစွာ ရရှိနိုင်ခွင့် ရှိရမည်ဖြစ်သည်။ ထို့အပြင် အစိုးရကျောင်းဖြစ်စေ၊ ပုဂ္ဂလိကကျောင်းတက်သည်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်မှု ညီတူညီမျှရနိုင်ဖို့ လိုပါသည်။ ယင်းအသိကို ကျောင်းသား၊ ကျောင်းသူတိုင်း၊ မိဘတိုင်း သိမြင်လာအောင်ဆောင် ရွက်ပေးနိုင်ဖို့သာ ကြိုးပမ်းဆောင်ရွက်ကြဖို့လိုမည် ထင်ပါသည်။

ခင်မောင်ဌေး (ပညာရေး)