News

POST TYPE

EDUCATION

ပြောင်းလဲနေတဲ့ ပညာရေးနဲ့ ကျူရှင်
22-Aug-2019


သူငယ်ချင်းတွေ မတွေ့ဖြစ်တာတောင် အတော်ကြာသွားပါတယ်။ ကြာဆို ကိုရွှေမိုးကလည်း ဘယ်အငြိုးနဲ့များ ရွာတယ်မသိ။ ရပ်ပဲမရပ်နိုင်။ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေနဲ့ ကြားနေရတဲ့ သတင်းတွေကလည်း အကောင်းသိပ်မရှိလှ။ မိုးကလေးစဲလို့ နေလေးပွင့်လာတာနဲ့ အလျှိုလျှိုထွက်လာကြတာ တွေ့နေကျ Cool Land မှာ ဆုံဖြစ်ကြတယ်။

မတွေ့တာကြာလို့ ပြောစရာတွေကများ၊ အဲဒီအထဲမှာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားမှာ ပြောသွားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပညာရေး ရည်မှန်းချက်၊ လွှတ်တော်မှာ ပညာရေးနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ဝန်ကြီးကိုယ်တိုင် ရှင်းလင်းတင်ပြချက်တွေရော စုံလို့ပါပဲ။ အဲဒီအထဲမှာ ထပ်ဆင့် ပါဝင်လာတာကတော့ ပညာရေးပြုပြင် ပြောင်းလဲမှုတွေနဲ့ ကျူရှင်တွေ ဆက်လက်ရပ်တည်ခွင့်ရနိုင် မရနိုင်တွေလည်းပါဝင်လာပါတယ်။

ထုံးစံအတိုင်း ကိုမြက စပြောပါတယ်။ သူကတော့ နိုင်ငံတော်အတိုင်ပင်ခံပြောသွားတဲ့ မိန့်ခွန်းပါ။ အများကြီး ထောက်ခံပါသတဲ့။ ပြီးတော့ ပညာရေးလောကသားအားလုံး မပျက်မကွက် လိုက်နာသင့်တယ် လို့ဆိုပါတယ်။ ပညာကို အဓိပ္ပာယ်ဖွင့်သွားတာ သိပ်ကောင်းတယ်။ ပညာဆိုတာ အလွတ်ကျက်နိုင်တာ မဟုတ်ဘူး။ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန် ခွဲခြားဆင်ခြင်ဉာဏ် မြင့်မားနိုင်အောင် သင်ပေးမှ ပညာပဲ။ ဒါကြောင့် ပညာရေးစနစ် တစ်ခုလုံးရဲ့ အဓိက ဦးတည်ချက်က အမြော်အမြင်ရှိဖို့ပဲ။

ကိုဇော်ကလည်း ပြောဖို့ဟန် တပြင်ပြင်နဲ့။ ဒါတင် ဘယ်ကမလဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လူငယ်တွေရဲ့ အားကိုလည်း ယူထားတာတွေ့ရတယ် ဗျ။ လူငယ်တွေနဲ့ ပတ်သက်ပြီး လူငယ်တွေအားလုံး ပါဝင်ပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ လုပ်တဲ့ နေရာမှာ လူငယ်တွေ ကိုယ်တိုင်ကစပြီး ပြုပြင်ပြောင်းလဲရမယ်။ ကိုယ်ကိုယ်တိုင် မပြုပြင် မပြောင်းလဲဘဲနဲ့ တခြားကိစ္စတွေ ပြုပြင်ပြောင်းလဲလို့ မရပါဘူး။ အစိုးရကလည်း ပြုပြင်ပြောင်းလဲရမယ်၊ ပညာရေးဌာနကလည်း အားလုံးဝိုင်းပြီး ပြုပြင်ပြောင်းလဲရမှာ ဖြစ်တယ်လို့ ဆိုထားသဗျ။

စာရေးသူအမြင်ကတော့ လက်ရှိအနေအထား က ပြုပြင်ပြောင်းလဲမှုတွေ စနေတာပါပဲ။ စတာမှ ၂၀၁၆ ကစလိုက်တာ ဒီနှစ်ဆိုရင် Grade-3 နဲ့ Grade-6 နောက် ပညာသင်နှစ်တွေကို မျှော်ကြည့်လိုက်ရင် Grade-4, 7, 9  နောက်တစ်နှစ်ဆို Grade-5, 8, 10 အဲဒီကနေ KG + 12 အရ Grade-11 နဲ့ 12 တို့ အဆင့်လိုက် ပြောင်းလဲသွားမှာ လို့သိထားရပါတယ်။ ဒါကမူလျာထားချက်ပါ။ ပညာ ရေးဝန်ကြီးဌာန နောက်ဆုံးထုတ်ပြန်ချက်မှာတော့ 2020-2021 ပညာသင်နှစ်မှာ Grade 4,7,10 သင်ရိုးပြောင်း။ 2021-2022 မှာ Grede 5,8,11 ပြောင်း။  2022-2023 ပညာသင်နှစ်မှာ Grade 9,12  သင်ရိုးပြောင်းမှာပါလို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ကိုဇော်က အဲဒါ ဟိုတစ်နေ့က လွှတ်တော်မှာလည်း ပညာရေးဌာနဝန်ကြီး ဖြေရှင်းသွားတယ်။ ဒါပေမဲ့ အပြည့်အစုံ မကြည့်ဖြစ်လိုက်ဘူး။ နောက်တစ်နေ့ နိုင်ငံပိုင်သတင်းစာမှာ ဖတ်တော့လည်း အပြည့်အစုံပါမလာဘူး။ ဒါကို ကိုမြကလည်း ဟုတ်တယ်ဗျ။ ဝန်ကြီး ကိုယ်တိုင် လွှတ်တော်မှာ အပြည့်အစုံရှင်းပြသွားတာကို မတွေ့ရဘူး။ ယေဘုယျသဘောလောက်ပဲ ဖော်ပြထားတာ တွေ့ရသဗျ။

တကယ်တော့ ပြုပြင်ပြောင်းလဲမှုတစ်ခုမှာ ဘာပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာရှိဖို့လိုပါတယ်။ သက်ဆိုင်ရာဌာန အဖွဲ့အစည်းထဲမှာ ရှိနေတဲ့ လူတွေကိုယ်တိုင်က ဝန်ကြီးဌာနရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တိတိပပ မသိဘူးဆိုရင် အဲဒီစီမံကိန်းက တစ်ဝက်လောက် ကျဆုံး နေခြင်းပါပဲ။ အမှန်က မသိသိအောင်တောင် နည်းမျိုးစုံနဲ့ ပျံ့နှံ့အောင်လုပ်ရမှာ။ သေသေချာချာ မသိကြတော့ အထက်အမိန့်ကိုစောင့်။ အထက်အမိန့်မရမချင်း စောင့်မျှော်နေရမယ့်အဖြစ်။ တကယ်တော့ လက်ရှိ သင်ရိုးဟောင်းနဲ့ သင်ရိုးသစ်ကိုပဲ မိဘပြည်သူတွေ ကြားထဲမှာ မသဲမကွဲဖြစ်နေကြတာတွေ အများကြီးပဲ။

ကိုမြဟန်က ဝင်ပြောတယ်။ ဟုတ်တာပေါ့။ ကျန်တဲ့မိဘတွေမပြောပါနဲ့ဗျာ။ ပညာရေးလောကမှာ နှစ်ပေါင်း ၃၀ ကျော်ကျော်လုပ်ခဲ့တဲ့ ကျုပ်တို့တောင် တချို့ဟာတွေ ဝါးတားတားဗျာ့၊ မိဘတွေကမေးတယ်။ စာမေးပွဲက ရှိဦးမှာလား။ အစိုးရစစ်က ရှိသေးလား။ ဆယ်တန်းကိစ္စစတဲ့ မေးခွန်းတွေက စုံနေတာပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ပညာရေး ဝန်ကြီးကိုယ်တိုင် အချိန်ယူပြီး ရှင်းလင်းသွားပြီးပါပြီ။ စာရေးသူလည်း ဝါးတားတားဖြစ်နေတာပါ။ ဒါပေမဲ့ မိတ်ဆွေတစ်ဦးက Link လေးတစ်ခု ချပေးလိုက်ပါတယ်။ အဲဒါကတော့ ပညာရေးဌာနဝန်ကြီးရဲ့ ရှင်းလင်းချက်အပြည့်အစုံနီးပါးပါတဲ့ ဗီဒီယိုဖိုင်ပါ။ ဒါကြောင့် သူငယ်ချင်းတွေထဲမှာ နည်းနည်းလူတွင်ကျယ် လုပ်လိုက်နိုင်နေတာပေါ့။

ဒီလိုကွ ဒီနှစ်ကစပြီး အခြေခံပညာအထက်တန်း စာမေးပွဲပြီးမြောက်ကြောင်း High School Completion Certificate ပေးတော့မှာ။ အဲဒီလက်မှတ်ရဲ့ ရည်ရွယ်ချက်က တက္ကသိုလ်မတက်နိုင်ရင်တောင် အလုပ်အကိုင် အခွင့်အလမ်းအတွက် လမ်းပွင့်သွားတယ်။ ဆရာဇော် က ကြားဖြတ်မေးပါတယ်။ နောက်ထပ် Level 8 ခု သတ်မှတ်တယ်လည်း ပြောပြန်တယ်။

မှန်ပါတယ်။ ပညာရေးလောကကြီးတစ်ခုလုံးကို Level 8 ခု သတ်မှတ်လိုက်တာပါ။ အဲဒါကို National Qualificate Framework လို့ခေါ်တယ်။ Level 1, 2, 3  ကတော့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပေါ့။ Level 4, 5  က  Certificate, Diploma, Advanced Diploma, Level 6  က Bachelor Degree, Level 7 က မဟာတန်း Master Level 8 က Ph.D တန်းတို့ပါပဲ။ Level 3 ပြီးရင် Level 4 နဲ့ 5 ကို တက်လို့ရတယ်။ အဲဒါက သက်မွေးဝမ်းကျောင်းတွေပဲ။ တက္ကသိုလ်တက်ချင်ရင်တော့ Level 6 ကို မတက်လို့မရပါဘူး။ Level 6 က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပါပဲ။ အဲဒီ Level 6 ကို 4 နဲ့ 5 ပြီးလို့ တက်ရင်လည်းရတယ်။ ဒါမှမဟုတ် Level 3 ပြီးတာနဲ့ Level 6 ကို ဝင်ဖြေလို့လည်း ရပါတယ်။ ဒါကတော့ တက္ကသိုလ်ဆက်တက်ချင်ရင် အမှတ်နဲ့ပဲ ရွေးမှာလားဆိုတဲ့ မေးခွန်းအတွက် ဝန်ကြီးကိုယ်တိုင်ဖြေသွားတာပါပဲ။ အသေအချာ သိချင်ရင်တော့ လွှတ်တော်ချန်နယ်မှာ ပြန်ကြည့်လို့ ရပါတယ်။

ကိုမြဟန်က ဝင်ထောက်ပါတယ်။ ဒါဆိုစာမေးပွဲ စနစ်က ဘယ်လိုလဲဗျ။ ပြောတာတော့ စာမေးပွဲစနစ် လျှော့ချမယ်လို့ဆိုတာပဲ။ စာမေးပွဲစနစ်၊ အမှတ်စနစ်တွေကြောင့် ကျူရှင်တွေ ရှင်သန်နေတယ်လို့ဆိုတာကရော။ အကွက်ချောင်းနေတဲ့ ကိုဇော်က ဝင်လာပါပြီ။ ဆရာဦးအောင်သင်းပြောသွားတာ မှတ်မိသေးသဗျ။ မင်းတို့နိုင်ငံမှာ ကျူရှင်ဘယ်တော့မှ မပျောက်ဘူး၊ အဲဒါမှတ်ထားတဲ့။ KG တန်းကနေ ဆေးတက္ကသိုလ်အထိ ကျူရှင်မရှိဘဲ အသက်မရှင်နိုင်ကြပါဘူးကွာတဲ့။

ကိုမြက ဝင်ထောက်ပြန်တယ်။ တစ်လောက ပညာရေးဌာနက အကြီးအကဲတစ်ဦးက ပြောသွားသေးတယ်။ သင်ရိုးသစ်ဟာ သာမန်ပြင်ပဆရာတွေလိုက်မသင်နိုင်ဘူးတဲ့။ သင်ရိုးသစ်သင်ကြားနည်းအတိုင်းသာ လိုက်နာဆောင်ရွက်ရင် ကျူရှင်စနစ်တောင် ပပျောက်သွားနိုင်သတဲ့ဗျာ။

လက်ရှိသင်ရိုးသစ်ကတော့ Grade-3 နဲ့ Grade-6 အထိတော့ ရောက်နေပြီ။ KG တန်းက စပြီး စာမေးပွဲစနစ်ကို လျှော့ချခဲ့တာပဲ။ သင်ကြား နည်းစနစ်မှာလည်း အလွတ်ကျက်စနစ်က လျှော့ချပြီး စဉ်းစားတွေးခေါ်တတ်ဖို့ မေးခွန်းပုံစံတွေကိုပါ ပြောင်းလဲနေတာတွေ့ရပါတယ်။ ဒါပေမဲ့ ... အဲဒီရဲ့ နောက်ကွယ်တွေမှာ တွေးဆရတာ များလှပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ရိုးသစ်အရ စာမေးပွဲ တွေလျှော့ချလာပေမယ့် မိဘတွေက ပုံစံခွက်ထဲက မထွက်နိုင်သေးဘူး။ KG ကစပြီး ကျူရှင်ခေါ်တယ်။ ကျူရှင်ဆရာမ သင်တဲ့အတိုင်း ကလေးကို သင်နေကြဆဲ။ အတန်းကြီးတွေကအစ အလွတ်ကျက်အာဂုံ ဆောင်နေဆဲပါ။ ရပ်ထဲရွာထဲမှာလည်း ကျူရှင်တွေဖြစ်တဲ့ ဘာသာရပ်သင်ကျောင်းတွေ၊ ဝိုင်းတွေ၊ စာကျက် တန်းတွေ ပလူပျံနေဆဲပါပဲ။ ကိုဇော်ကတော့ လက်ရှိ ပညာရေးမှာ ကျောင်းတစ်ကျောင်းကို စီမံနေရသူဆိုတော့ “အေးဟုတ်တယ်။ KG မှာ စာမေးပွဲမရှိဘူး။ GRADE .1:2:3 မှာလည်း မရှိဘူးကွ။ အေး ... အခု GRADE 6 မှာတော့ စာမေးပွဲမရှိတော့ဘူးလို့ ထင်နေတာ။ နောက်တော့လည်း သင်ရိုးဟောင်းလိုပဲ CET စစ်ဖို့ စာရောက်လာတာပါပဲ။ ဒီတော့လည်းစစ်ရတာပေါ့”တဲ့။

ကိုမြကတော့ အချုပ်သုံးသပ်ပါတယ်။ သင်ရိုးသစ်အရ စာမေးပွဲတွေ လျှော့ချဖို့၊ တွေးခေါ်မြော်မြင်တတ်ဖို့ တီထွင်ဖန်တီးတတ်ဖို့ သင်ကြတာပါပဲ။ ဒါပေမဲ့ အစိုးရကျောင်းတွေက သင်ရိုးသစ်ကို အများစု လိုက်နာကြတယ်။ ကိုယ်ပိုင်ကျောင်းတွေက တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်နေကြတယ်။ တဖြည်းဖြည်းနဲ့ အစိုးရကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေ ကွာလာသလိုပဲ။ တကယ်တမ်း ဝန်ကြီးပြောသွားတဲ့အပေါ်ကြည့်ရင်လည်း အတန်းတိုင်းမှာ စာမေးပွဲစနစ်က ရှိနေဆဲပဲ။ CET စာမေးပွဲတွေ ပထမနှစ်ဝက်ဆုံး ဒုတိယနှစ်ဝက်ဆုံးဆိုတဲ့ စာမေးပွဲတွေ၊ နောက်တိုင်းစစ်ရှိတဲ့အတန်းတွေ၊ တက္ကသိုလ် ဝင်ခွင့်တန်းတွေမှာ အစိုးရစစ်ဆိုတာတွေက ရှိနေဦးမှာပဲ။ ဒီလိုသာဆိုရင်တော့ အရိုးစွဲနေတဲ့ မိဘတွေရယ်၊ ဘယ်သူပြောင်းပြောင်း တို့မပြောင်းဆိုတဲ့ ဆရာ၊ ဆရာမတွေကြောင့် ကျူရှင်စနစ်ကတော့ ပျောက်သွားဖို့မလွယ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မိဘတွေကို၌က သိသိသာသာ ပြောင်းလဲမလာကြသေးလို့ဘဲလို့ သုံးသပ်မိကြကြောင်းပါ။

ခင်မောင်ဌေး (ပညာရေး)