News

POST TYPE

EDUCATION

လေးဖက်ကာရံ ကျောင်းနံရံများမှ ဖောက်ထွက်ပါ
08-Aug-2019


အလုပ်တစ်ဖက်နှင့်မို့ ဟောပြောပွဲ များများစားစားမလိုက်နိုင်။ ပိတ်ရက်နှင့်ကိုက်၍ ရသမျှနေရာများတွင် ဟောပြောဖြစ်သည်။

ဇူလိုင်လထဲတွင် အခြေခံပညာကျောင်း ၃၊ ၄ ကျောင်း ဟောပြောပွဲသွားဖြစ်သည်။ ပထမတစ်ကျောင်းမှာ မအူမြို့နယ်၊ ကျုံနတ္တော် အ.ထ.က ဖြစ်သည်။ ဟောပြောပွဲသက်သက်မဟုတ်။ ကျုံနတ္တော်ကျောင်းသို့ ရန်ကုန်မြို့၊ ရွှေလက်ရာဘာသာစုံသင်ရိုးကုန် စာအုပ်များလှူဒါန်းရာ ထုတ်ဝေဖြန့်ချိသူ၏ကိုယ်စား ကမာရွတ်မြို့နယ်၊ စာရေးဆရာအသင်းအနေနှင့် ကိုယ်စားလိုက်၍ လှူဒါန်းပေးရခြင်းဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူ ၂၀၀ နီးပါး (၉ တန်း + ၁၀ တန်း) အတွက် စာအုပ်အစုံ ၁၉၀၊ တန်ဖိုးငွေ ၁၈ သိန်းခွဲဖိုးခန့် လှူဒါန်းခြင်းဖြစ်သည်။

ဆရာမကြီး၏တောင်းဆိုချက်အရ (ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများလည်း ရောက်ရှိနေရာ) အနာဂတ်ပညာရေးအကြောင်း ဟောပြောဖြစ်သည်။ မဖြစ်မနေပြောရမည့်အချက်မှာ ကျောင်းနေစဉ်ဘဝကပင် စာအုပ်စာပေချစ်မြတ်နိုးစိတ်နှင့် စာဖတ်ခြင်း အလေ့အထ စွဲမြဲရန်ပြောဖြစ်ခဲ့သည်။

စာဖတ်နည်း ၃ မျိုးကို မေးကြည့်ရာ ကောင်းကောင်းမသိ။ မျက်စိဖြင့်ဖတ်ခြင်း၊ နားဖြင့်ဖတ်ခြင်း၊ ခြေထောက်ဖြင့်ဖတ်ခြင်း။ မျက်စိဖြင့်ဖတ်ခြင်းကို အများသိကြသော်လည်း အများစု စာမဖတ်ကြပေ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်အကြောင်း မေးကြည့်ရာ ပန်းတနော်မြို့သားမှန်း သိကြသည်။ ဦးသန့်၏ အဆိုအမိန့်လေးတစ်ခုကိုမေးကြည့်ရာ မသိ။ စာဖတ်သောလူတိုင်း တိုးတက်၍ တိုးတက်သောလူတိုင်း စာဖတ်ကြသည်။ စိတ်ဝင်တစား နားထောင်နေကြသည်။ ဆက်၍ ကျောင်းသား၊ ကျောင်းသူ ၂၀၀ နီးပါးရှိရာ စာအုပ်တစ်အုပ် (ဝါ) နှစ်အုပ်လောက်ပြီးအောင် ဖတ်ဖူးသူ ရှိ၊ မရှိ မေးရာ အတန်ကြာသည်အထိ တစ်ဦးတစ်ယောက်မျှ လက်ညှိုးထောင်သည်ကို မတွေ့ရ။ ဟောပြောပွဲများဆိုလျှင် ပို၍ဝေးမည်လား။ သို့ဖြင့်မေးချင်စိတ်ရှိသည့် မေးခွန်းတစ်ခုပေါ်လာပြန်ရာ ပုဂံရောက်ဖူးသူ လက်ညှိုးထောင်ဟု မေးလိုက်ရာ ဝမ်းနည်းစရာပေပဲလား။ တစ်ဦးမျှမရှိ။ ဤသို့ဆိုလျှင် စာလည်းမဖတ် နားထောင်စရာလည်း ဖန်တီးမပေး ခရီးသွားဖို့ဆိုသည်မှာလည်း ဝေးလာဝေး။ အနာဂတ်ကလေးငယ်များ၏ရှေ့ရေး တွေးကြည့်မိသည်။ ယူနက်စကိုစာရင်းဝင် ကမ္ဘာကပင်သိသွားသော ပုဂံ မြန်မာ့အသည်းနှလုံးပုဂံအတွက် များစွာအားနာမိလေသည်။

ရန်ကုန်မြို့ပေါ်မှာပင် အံ့အားသင့်စရာ တွေ့ရသေးသည်။ မြို့ပေါ်ဖြစ်၍ စာအုပ်စာပေနှင့် မဝေးလှ။ ဟောပြောပွဲဆိုလျှင် ရပ်ကွက်ထဲတွင် ရှိနိုင်သည်။ ကျောင်းမှာ နားထောင်ရနိုင်သည်။ သို့သော် မထင်မှတ်သော မေးခွန်းတစ်ခု မေးကြည့်မိသည်။ အာဇာနည်နေ့ဝန်းကျင်မို့ ဗိုလ်ချုပ်ပြတိုက် (ဝါ) အမျိုးသားပြတိုက် (ဝါ) အာဇာနည်ဗိမာန်ရောက်ဖူးသူများ မေးကြည့်ရာ အချို့နေရာဆိုလျှင် လုံးဝမရောက်ဖူးသူများ ပေါ်ထွက်လာသည်။ ဆိုလိုသည်မှာ မြို့ပေါ် ကလေးများပင် ဤကဲ့သို့သော အခြေအနေဆိုလျှင် ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေးဆိုးဝါးသော နေရာများဆိုလျှင် တွေးကြည့်ရုံနှင့် သိနိုင်သည်။

စာရေးသူတို့ ငယ်ဘဝနှင့် နှိုင်းယှဉ်ကြည့်မိသည်။ စာရေးသူတို့ ကျောင်းနေစဉ်ဘဝတွင် ကျောင်းသည် ပျော်စရာအထိဖြစ်သည်။ ကျောင်းတစ်ရက် ပျက်မည်ပင်စိုးသည်။ သင်ကြားရေးတွင်လည်း ပြင်ပကျူရှင်မရှိ။ ကျောင်းစာ၊ ကျောင်းဆရာမှလွဲ၍မရှိ။ ဆရာ၊ ဆရာမများအပေါ် ရိုသေကိုင်းရှိုင်းကြသည်။ ဆရာ၊ ဆရာမထံမှ ပညာရအောင် ယူကြရသည်။ ဆရာ၊ ဆရာမများကလည်း ကျောင်းသား၊ ကျောင်းသူများအား သွန်သင်ဆုံးမခြင်း၊ ဟောပြောပို့ချခြင်းများကြောင့် တနင်္လာနေ့နှင့် သောကြာနေ့ ကျောင်းစုဝေးသဘင် (Assemly) ကို အမြဲမျှော်လင့်မိခဲ့ကြသည်။ အကြောင်းမှာ ထိုနေ့တွင် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမတို့၏ ဆုံးမဩဝါဒကို ကြားရသောကြောင့်ဖြစ်သည်။

ထို့ပြင် တပည့်များအား နေ့ကြီးရက်ကြီးများတွင် ဟောပြောခြင်း၊ လည်ပတ်ရန် လိုက်လံပို့ဆောင်ခြင်းများ အမြဲမပြတ် ပြုလုပ်ပေးခဲ့သည်။ လေ့လာသင့်သော နေရာဒေသများသို့လည်း တာဝန်ခံ၍ ပို့ဆောင်ပေးသည်။ စာရေးသူဆိုလျှင် အဋ္ဌမတန်းကျောင်းသားအရွယ်ကပင် မြို့နယ်ပါတီယူနစ်နှင့် ကျောင်းအုပ်ဆရာကြီးတို့ ပူးပေါင်းပို့ဆောင်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်တို့ဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူသို့ ရောက်ဖူးခဲ့သည်။ (ခြေလျင်ခရီးကြမ်းဖြစ်သည်။ ခန့်မှန်း ၁၉၆၉ ခုနှစ် လူသူအရောက် အပေါက် နည်းသေးသည်)

ယခုဆိုလျှင် ကလေးများ၏ ကျောင်းပြင်ပ ပညာရှာဖွေခြင်းလုပ်ငန်းသည် အတန်ပင် တိတ်ဆိတ်နေ၏။ တာဝန်ယူ တာဝန်ခံ၍ ပို့ဆောင်ပေးမည့်သူလည်း နည်းလှသည်။ ကျောင်းအချို့သာ တူညီဝတ်စုံလေးများဖြင့် ပြပွဲ ပြခန်း ပြတိုက်များတွင် တွေ့ရ၏။ အထူးသဖြင့် အထက်တန်းကျောင်းကြီးများ ငြိမ်နေ၏။ ပို၍ပင် ထောက်ပြချင်သည်မှာ တက္ကသိုလ်ဝင်တန်း ကျောင်းသားများဆိုလျှင် အတန်းကြီးဖြစ်သည်။ အစိုးရစစ် စာမေးပွဲဖြစ်သည်။ ဤသို့ဖြင့် ကျောင်းတွင် ဟောပြောပွဲလုပ်လျှင် တက္ကသိုလ်ဝင်တန်းမပါ။ အောက်တန်းများသာ။ လေ့လာရေးခရီးဆိုလျှင် တက္ကသိုလ်ဝင်တန်းမပါ။ စာမေးပွဲစနစ်၏ ဖိစီးမှုများပင်ဖြစ်သည်။ မည်သူ့ကို အပြစ်ဆိုအံ့နည်း။

ဆိုရလျှင် ကလေးငယ်များသည် အခန်းကျဉ်းများတွင်သာ အချိန်များများ ပိတ်လှောင်ခံနေရ၏။ မိဘများ၏ရည်မှန်းချက်။ ကျောင်း၏ဂုဏ်ပုဒ်တစ်ခုအတွက် အလွတ်ကျက်စနစ်ဖြင့် ဖိသတ်ခံထားရ၏။ သို့ဖြစ်ရာ အလွတ်ကျက်နိုင်သူများ၏ရလဒ်အဖြစ် အမှတ်ကောင်းခြင်း၊ ဂုဏ်ထူးရခြင်းဆိုသည့် လူတော်စာရင်းဝင်ကြ၏။ IQ မြင့်သူများအဖြစ် အသိအမှတ်ပြုခံကြရ၏။ သို့သော် ကလေးဘဝတွင် လွတ်လပ်သောစိတ်ဖြင့် ဖတ်ရှုရမည့်စာပေများ၊ လူမှုဝန်းကျင်အတွင်းမှ ပေါင်းသင်းဆက်ဆံမှုများ လိုက်လျောညီထွေမှုများ၊ သဟဇာတဖြစ်မှုများ၊ ကိုယ်ချင်းစာနာမှု စသည့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများတွင် အလွန်အားနည်းလာကာ တသီးတသန့် နေထိုင်ခြင်းအပြင် အများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အများသဘောကို အလေးထားခြင်း၊ အမြင်ကျဉ်းမြောင်းခြင်း စသည်တို့တွင် များစွာ အားနည်းလာကာ အောင်မြင်မှု ခရီးပန်းတိုင်တွင် အမြဲနောက် ကျနေတတ်ခြင်းပင် ဖြစ်သည်။ ဆိုရလျှင် ကလေးများသည် IQ မြင့်မားသူများအဖြစ် အသိအမှတ်အပြုခံရသော်လည်း EQ နိမ့်ကျသူများ ဖြစ်နေတတ်လေသည်။

သို့ဖြစ်ရာ ကျောင်းတွင်း၊ ကျောင်းပြင် လေ့လာသင်ယူခြင်းတွင် မျှမျှတတ ဆောင်ရွက်ပေးနိုင်ဖို့လိုခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းသောဒေသများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသများသို့ စာအုပ်စာပေများလှူဒါန်းခြင်း။ စာပေအသိပညာဟောပြောပွဲများ ဖိတ်ကြားဆောင်ရွက်ခြင်း၊ တတ်နိုင်သရွေ့ ကျောင်းပြင်ပသို့ ကလေးများထွက်နိုင်ခွင့်ရရေးများ ဖန်တီးပေးနိုင်ရေးသည် မည်မျှအရေးကြီးသည်ကို သိနိုင်မည်ဖြစ်သည်။

စင်စစ်နည်းပညာအစွမ်းကုန်တိုးတက်နေသော ခေတ်ကြီးတွင် ဝါးလုံးခေါင်းထဲ လသာနေရုံဖြင့် ကျေနပ်မနေသင့်ပါ။ ကမ္ဘာကြီးကို လွှမ်းခြုံမကြည့်နိုင်သေးလျှင်ပင် အိမ်နီးချင်းနိုင်ငံများကိုမူ တစေ့တစောင်း ကြည့်သင့်သည်။ ထိုင်းနိုင်ငံသည် OCOT(One Child One Tablet) ကို အကောင်အထည်ဖော်နေပြီဖြစ်သည်။ ဆက်လက်၍ အခြေခံပညာမှစကာ Programming ကို သင်ရိုးတွင် ထည့်သွင်းနိုင်ရေး လုံပန်းနေကြလေပြီ။ ဆိုရလျှင် lndustrial 4.0 အရ လိုအပ်လာသော Education 4.0 ကို အမီလိုက်ရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။

အချို့နိုင်ငံများတွင်မူ စာသင်ခန်းများသည် ကျောင်းထဲတွင်မဟုတ်တော့။ သစ်တောများ၊ တော တောင်များထဲသို့ ရောက်ရှိသွားကြလေပြီ။ စာသင်ခန်းဟူသည် လေးဖက်ကာရံ နံရံများမဟုတ်တော့။ လွတ်လပ်ပျော်ရွှင်ဖွယ်ရာ ပညာရှာဖွေနိုင်သောနေရာများအဖြစ် ဖန်တီးလာကြလေပြီ။ အသိပညာ၊ အတတ်ပညာတို့သည် ဖတ်စာအုပ်ထဲတွင်သာရှိသည်မဟုတ်။ ဆရာ၊ ဆရာမတစ်ဦး သင်ပြမှရနိုင်သည်လည်းမဟုတ်တော့။ ယူတတ်လျှင် နေရာစုံမှရနိုင်သည်။ သို့သော် ရယူနိုင်မည့်အခြေအနေနှင့် ဝန်းကျင်ကောင်းကိုမူ ဖန်တီးပေးနိုင်ဖို့လိုသည်မှာ အထူးပြောဖွယ်ပင်ရှိမည်မထင်တော့ပါ။

သို့ဆိုလျှင် လေးဖက်ကာရံ ကျောင်းနံရံများအတွင်း တစ်နှစ်ပတ်လုံး ပိတ်လှောင်ထားသင့် မထားသင့်၊ ဖတ်စာအုပ်များကို အာဂုံဆောင်ရုံဖြင့် ကျေနပ်နေသင့် မနေသင့်၊ စာမေးပွဲစနစ်တစ်ခုဖြင့် ကလေးများ၏အနာဂတ်ကို ထိန်းချုပ်ထားသင့် မထားသင့်၊ ပညာရေးပြုပြင်ပြောင်းလဲမှု ကြွေးကြော်သံနှင့်အတူ လိုက်နာဆောင်ရွက်သင့် မသင့်၊ ကျောင်းသည် ကျောင်းသားများအတွက် ကန့်သတ်နယ်မြေဖြစ်သင့် မသင့်၊ မိဘများ ဝင်ထွက်သွားလာ တိုင်ပင်နှီးနှောရာဖြစ် သင့် မသင့် စသည်တို့ကိုမူ ပညာရေးလောကသားအားလုံး စိတ်နှလုံးသွင်း၍ စဉ်းစားကြစေလိုပါသည်။

ခင်မောင်ဌေး (ပညာရေး)