News

POST TYPE

EDUCATION

ဆရာများ ကျူရှင်သင်သည်ဟု တိုင်ကြားမှသာ အရေးယူနိုင်မည်ဟုဆို
12-Nov-2016 tagged as ဆရာများ


မန္တလေး၊ နိုဝင်ဘာ ၁၂ 

 

အခြေခံပညာအဆင့် ကျောင်းဆရာ ဆရာမများကို ကျူရှင်မပြရန် ညွှန်ကြားထားသော်လည်း ကျုရှင်သင်နေသည်ဟု တိုင်ကြားမှသာ အရေးယူနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး (စီမံ) ဦးခင်မောင်မြင့်က ပြောကြားသည်။

 

“ဌာနအနေနဲ့ လိုက်လံ စစ်ဆေးအရေးယူတာတော့ မလုပ်နိုင်သေးဘူး၊ တစ်ယောက်ယောက်ကတိုင်မှ အဆင့်ဆင့် စစ်ဆေးပြီး မှန်တယ်ဆိုရင် အရေးယူလို့ ရတယ်။ တိုင်ကြားတာ မရှိလို့ကတော့ အရေးမယူနိုင်ပါဘူး” ဟု ၎င်းက ပြောဆိုသည်။

 

အခြေခံပညာအဆင့် ဆရာ ဆရာမများ ကျူရှင်မသင်ရန် အစည်းအဝေးများ၊ တွေ့ဆုံပွဲများတွင်သာ သတိပေးနိုင်ပြီး ကျောင်းချိန်ပြင်ပ အချိန်များတွင် ကျူရှင်သင်ခြင်း ရှိ မရှိ မစစ်ဆေးနိုင်ကြောင်းလည်း ဦးခင်မောင်မြင့်က ရှင်းပြသည်။

 

“မိတ္ထီလာဘက်က ဆရာမတွေ ကျူရှင်သင်နေတယ်၊ ငွေကြေးတောင်းခံမှုတွေရှိတယ် ဆိုပြီး တိုင်လို့ စစ်ဆေးအရေးယူလိုက်တယ်။ သက်ညှာတဲ့အနေနဲ့ ကျောင်းပြောင်းဆိုတဲ့ အရေးယူမှုပဲ လုပ်လိုက်တာ” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

 

မိတ္ထီလာမြို့နယ် အမှတ် ၈ အခြေခံပညာ မူလတန်းကျောင်းမှ မူလတန်းပြ ဆရာမငါးဦးသည် ငွေကြေးရယူကာ ကျူရှင်သင်နေကြောင်း ဒေသခံများက ပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့၍ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယင်းဆရာမ ငါးဦးကို မိတ္ထီလာမြို့နယ် အတွင်းရှိ အခြားကျောင်းတစ်ခုသို့ နိုဝင်ဘာလ ၈ ရက်နေ့က ပြောင်းရွှေ့ခဲ့သည်။

 

ပညာရေး ဝန်ကြီးဌာနက နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာ ဆရာမများ ကျောင်းပြင်ပချိန် ကျူရှင်မသင်ရဟု အမိန့်ထုတ်ပြန်ထားသည်။

 

ယင်းသို့ ထုတ်ပြန်ထားသော်လည်း မန္တလေးမြို့ အပါအဝင် အခြားခရိုင်နှင့် မြို့နယ်များတွင်ရှိ ဆရာ ဆရာမများ အနေနှင့် ငွေကြေးရယူကာ ကျူရှင်သင်ကြားနေဆဲ ဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။

 

“ကျောင်းဆရာမတွေ ကျူရှင်မသင်ရ ဆိုတာတော့ သိပါတယ်၊ ဒါပေမဲ့ ကျူရှင်တွေ ဖွင့်ထားကြတာပါပဲ၊ သူတို့က ဖွင့်ထားတော့ ကိုယ့်ကလေး စာမရမှာ စိုးရိမ်တာရော၊ သူဖွင့်တဲ့ကျူရှင် မတက်ရကောင်းလား ဆိုပြီး ကိုယ့်ကလေးကို အပြစ်ရှာနေမှာ စိုးတာရောကြောင့် ထားရတာပဲ” ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် တတိယတန်း ကျောင်းသားတစ်ဦး၏ မိခင်က ပြောကြားသည်။

 

ကျူရှင်မသင်ရဟု ညွှန်ကြားထားသည့်အတွက် ဆရာ၊ ဆရာမများ၏ လစာကို လုံလောက်စွာ ပေးထားရန်လိုကြောင်း၊ လုံလောက်သည့်လစာ ပေးထားပါက ဆရာ၊ ဆရာမများအနေနှင့် ကျူရှင်မသင်တော့ဘဲ ကျောင်းများ၌ ကောင်းမွန် စွာ သင်ကြားပေးလာကြမည် ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်ရှိ အခြေခံပညာ ဆရာ၊ ဆရာမများက ပြောဆိုသည်။

 

မိတ္ထီလာမြို့နယ် အတွင်းမှ မူလတန်းပြ ဆရာမငါးဦးကို အရေးယူခြင်းသည် မန္တလေးတိုင်းဒေသကြီးအ တွင်း၌ ကျူရှင်မသင်ရ ဟူသည့် အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံး အရေးယူခြင်း ဖြစ်သည်။