News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (ရိုက်နှက်ဆုံးမခြင်းနှင့် ဥပဒေအပေါ်အမြင်သဘောထား)
27-Jun-2019

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းအရ ကလေးသူငယ်များကို စေတနာဖြင့် မလွန်မကျွံ ရိုက်ဆုံးမခြင်းမှလွဲ၍ ဒေါသအလျောက် အလွန်အကျွံ ရိုက်နှက်ခြင်းကိုတားမြစ်သည်။ ယင်းဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီး နိုင်ငံတော် သမ္မတ၏ အတည်ပြုချက်သာ ကျန်ရှိတော့သည်။ ယင်းသို့ ရိုက်နှက်ပါက ဥပဒေအရ အရေးယူမည်ဆိုခြင်းအပေါ် အချို့သောဆရာများက ကျောင်းတွင် ကျောင်းသားများကို ရိုက်မိပါက ဥပဒေအရ အရေးယူခံရမည်လားဟု စိုးရိမ်စိတ်ဖြစ်နေသည်နှင့် ကလေးများအပေါ် ရိုက်နှက်ဆုံးမခြင်း ပြုသင့်၊ မပြုသင့်ကြောင်း ဆရာ၊ ဆရာမများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“ရိုက်ခြင်းရဲ့အခြားတစ်ဖက်က ကလေးကို လျစ်လျူရှုခြင်းမဟုတ်တဲ့နည်းလမ်းကို ရှာရမယ်”

ဦးဆန်းမျိုးအောင် (အထက်တန်းပြ၊ တောင်ကြီးမြို့နယ်)



ကလေးသူငယ်ကိုရိုက်ရင် ထောင် ၆ လကျမယ် ဆိုတာနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောနေကြတယ်။ ကျွန်တော် တုတ်ကို စွန့်လွှတ်လိုက်တာ တစ်နှစ်ကျော်ခဲ့ပြီ။ အဲဒါ ဆရာအောင်ဆန်းလင်း ကျေးဇူးပါ။ မေတ္တာရွှေပြည် (ကပက) မှာ ကျင်းပတဲ့ ကမ္ဘာ့ဆရာများနေ့မှာ ဆရာအောင်ဆန်းလင်းက သူ့ရဲ့ ငယ်ဆရာအကြောင်း ပြောတယ်။ သူ့ရဲ့ငယ်ဆရာက ကိုယ့်ဒေါသအမျက်ပြေအောင် ရိုက်တာမျိုးမဟုတ်ဘဲ ကလေးအပြစ်နဲ့ ထိုက်တန်သလောက်ကို နားလည်အောင်ပြောပြီး ဆုံးမတတ်တယ်တဲ့။ ကျွန်တော် အဲဒီကတည်းက ဒေါသကိုထိန်းတယ်။ တုတ်ကိုစွန့်ခဲ့တယ်။ ရံဖန်ရံခါ လက်ဝါးနဲ့ တီးမိသေးတယ်။ ဒါလည်း သတိနဲ့ ပြန်ထိန်းနေရတယ်။

အဲဒီတော့ မရိုက်ရဥပဒေပေါ်လာပြီပဲ ထားပါတော့။ ရိုက်ခြင်းရဲ့အခြားတစ်ဖက်က ကလေးကို လျစ်လျူရှုခြင်းမဟုတ်တဲ့နည်းလမ်းကို ရှာရမယ်။ ကလေးတစ်ယောက် ကိုယ့်အချိန်မှာ စာမလုပ်တာပဲဖြစ်ဖြစ်၊ တစ်ခုခု ရိုင်းပျတာပဲဖြစ်ဖြစ်၊ ရန်ဖြစ်တာပဲဖြစ်ဖြစ် တွေ့လာပြီ ဆို - 

၁။ ကိုယ်က အတန်းပိုင်မဟုတ်ဘူးဆိုရင် အတန်းပိုင်ကိုပြောရမယ်။ အတန်းပိုင်က ကျောင်းအုပ်ကို အကြောင်းကြားပြီး မိဘကို ချက်ချင်းခေါ်ရမယ်။ ပြီးတော့ မျက်နှာစုံညီဖြေရှင်းရမယ်။ 

၂။ ကိုယ်က အတန်းပိုင်ဖြစ်နေပြီး ကိုယ့်အတန်းက ကလေးပဲဖြစ်နေရင်တော့ ကျောင်းအုပ်ကို အကြောင်း ကြားပြီး မိဘခေါ်ရမယ်။ အဆောင်မှာနေရင် အဆောင်မှူးပါခေါ်ရမယ်။ ကလေးအတွက်နစ်နာတဲ့ ဆုံးဖြတ်ချက်မျိုးကိုရှောင်ပြီး ဝိုင်းဝန်းထိန်းကျောင်းနိုင်မယ့် အဖြေတစ်ခုရှာရမယ်။

ကျွန်တော်တို့အနေနဲ့ ပြောဆိုဆုံးမလို့ရတဲ့ ကလေးလည်းရှိမယ်။ ပြောဆိုဆုံးမလို့ မရတဲ့ကလေးလည်း ရှိမယ်။ ပြောဆိုဆုံးမလို့ မရတဲ့ကလေးဆိုရင်တော့ လျစ်လျူရှုလိုက်တာမျိုးမဖြစ်ရအောင် မိဘ၊ ကျောင်းအုပ်၊ အတန်းပိုင် ပူးပေါင်းပြီး ဝိုင်းဝန်းထိန်းကျောင်းပေးရမှာပဲ။ ဒါက အားလုံး ခြုံပြောကြည့်တာပါ။ ဒီထက်ပိုခက်ခဲတဲ့အခြေအနေတွေရှိပါသေးတယ်။ မိဘမရှိတာတို့ မိတကွဲ ဖတကွဲတို့ ဖြစ်နေတဲ့ကလေးတွေပေါ့။ အဓိက လျစ်လျူရှုခံရတဲ့ ကလေးတွေမဖြစ်ရအောင်၊ ကျွန်တော်တို့လည်း ၆ လမကျရလေအောင် ရိုက်ခြင်းရဲ့ အခြားတစ်ဖက်က နည်းလမ်းကောင်းတွေများစွာရှာ ဖွေပြီး ဆက်သွားရုံပေါ့။

“ကျွန်မက ရိုက်နှက်ဆုံးမခြင်းကိုလည်း အားမပေးတဲ့သူဆိုတော့ နည်းနည်းမှ မစိုးရိမ်ပါဘူး”

ဒေါ်နီလာဝင်း (အ.ထ. က (၃၅) ၊ ချမ်းမြသာစည်၊ မန္တလေး)



ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနဲ့ ပတ်သက်လို့ ကျွန်မအမြင် ပြောရမယ်ဆိုရင် ဥပဒေ အသေးစိတ်ကိုတော့ အသေအချာ မလေ့လာရသေးပါဘူး။ ဒါပေမဲ့ ကလေးအခွင့်အရေးဆိုင်ရာတွေ ဆုံးရှုံးနေရတဲ့ကလေးတွေအတွက် အကာအကွယ်ပေးဖို့ ပြဋ္ဌာန်းလိုက်တဲ့ဥပဒေလို့ နားလည်မိပါတယ်။ ကျွန်မက ကျောင်းဆရာမဆိုတော့ ကျွန်မတို့ကလေးတွေကို အကာအကွယ်ရဖို့၊ အခွင့်အရေးရဖို့ ပြဋ္ဌာန်းတာတွေ မှန်သမျှကို ကြိုဆိုအားပေးပါတယ်ရှင့်။ ဒီဥပဒေထဲမှာ မိဘ၊ ဆရာ သို့မဟုတ် အုပ်ထိန်းခွင့်ရှိသူက လိမ္မာစေရန် ဆုံးမခြင်းမျိုးမှတစ်ပါး ကလေးသူငယ်ကို နှိပ်စက် ညှဉ်းပန်းခြင်းဆိုတဲ့အချက်ကြောင့် ဆရာ၊ ဆရာမအချို့ စိုးရိမ်တကြီး အသံဆူလာတာတွေ ကြားမိပါတယ်။ ကရုဏာဒေါသောနဲ့ ရိုက်နှက်ဆုံးမမိတဲ့အခါ အဲဒီအပေါ် စိုးရိမ်ကြဟန် ရှိပါတယ်။ မိဘတွေအနေနဲ့ သားသမီးဇောနဲ့ အထင်အမြင်လွဲပြီး တရားစွဲဆိုခဲ့ရင်ပေါ့ရှင်။ အဲ့ဒီအတွက် စိုးရိမ်ကြပုံပါ။ ကျွန်မတို့ဆီက ကျောင်းသား၊ ဆရာအချိုး မမျှတဲ့အခါကျတော့ လတ်တလော အမြန်ဖြေရှင်းလို့ရတဲ့ ရိုက်နှက်ဆုံးမခြင်းကို သုံးမိတတ်ကြလေ့ရှိသေးတာကိုး။

ကျွန်မအနေနဲ့ကတော့ အဲ့ဒီဥပဒေဟာ ကျွန်မတို့ ကလေးတွေအတွက် အကာအကွယ်ပေးတဲ့ ဥပဒေမို့လို့ကို သဘောကျတာပါရှင်။ ကျွန်မက ရိုက်နှက်ဆုံးမခြင်းကိုလည်း အားမပေးတဲ့သူဆိုတော့ နည်းနည်းမှ မစိုးရိမ်ပါဘူး။ တကယ်တော့ ဆရာမတွေအနေနဲ့ ရံဖန်ရံခါ ရိုက်နှက်ဆုံးမတတ်ရင်ကို စိုးရိမ်စရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် မိဘတွေကိုယ်တိုင်ကိုက အချို့ပေါ့လေ။ သားသမီးကို ရိုက်နှက်ဆုံးမတာ အသားကျနေတာ ရှိသေးတယ်လေ။ နောက်ပြီး သူတို့သားသမီးကို ဆရာ၊ ဆရာမတွေက စေတနာနဲ့ ရိုက်မိကြတာဖြစ်မှာပါဆိုတဲ့ အတွေးမျိုး အသိမျိုး လက်ခံထားရလောက်တဲ့ ယုံကြည်မှုမျိုးရှိနေရင် ဘာပြဿနာမှ ရှာမှာမဟုတ်ပါဘူး။ ကျွန်မ တို့က ကလေးတွေပညာရေးအတွက် ဆရာရော၊ မိဘ ရော၊ ကလေးရော ပူးပေါင်းပြီး ဆွေးနွေးကြရမှာဖြစ်လို့ ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်တွေ စေတနာတွေကို မိဘကနားလည်လက်ခံ၊ မိဘတွေအပေါ်လည်း ကျွန်မတို့က ကလေးရဲ့ ကောင်းကျိုးအတွက် အလေးထားဆွေး နွေးတာမျိုးတွေလုပ်ပြီး ဆရာ၊ မိဘ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ထားရင် ပြဿနာဆိုတာ ဖြစ်လာစရာ မရှိလာနိုင်ပါဘူးလို့ ကျွန်မကတော့ ယုံကြည်တယ်။ ဆုံးမတာနဲ့ ညှဉ်းပန်း နှိပ်စက်တာက အသိသာကြီးပါ။ ဒီတော့ ကျွန်မကတော့ ဒီဥပဒေအပေါ် စိုးရိမ်စိတ် တစ်စက်မှမရှိဘဲ ကြိုဆိုပါတယ်။

ဘယ်ဆရာ၊ ဆရာမမှ ကိုယ်သင်မှတတ်ရမယ့် ကိုယ့်ကို လေးစားနေရတဲ့ ကလေးအရွယ် ကျောင်းသားငယ်လေးတွေကို ညှဉ်းပန်းနှိပ်စက်မှာ မဟုတ်ပါဘူး။ ကလေးတွေနဲ့ မိဘတွေဆီကလည်း မေတ္တာပေးရင် မေတ္တာပြန်ရပါတယ်ရှင်။ ကျွန်မတို့အနေနဲ့လည်း ဆင်ခြင် စရာတွေရှိလာပါပြီ။ ကျွန်မတို့ ကလေးတွေကို သင်ကြား သင်ယူမှုပြုတဲ့အခါ၊ ဆုံးမတဲ့အခါ၊ အပြစ်ပေးတဲ့အခါ သတိထားရတော့မယ်။ သူတို့ကို ပြစ်တင်ပြောဆိုတာ ပဲဖြစ်ဖြစ်၊ ပြစ်ဒဏ်ပေးရင်ပဲဖြစ်ဖြစ် ခန္ဓာကိုယ် နာကျင် မှုဖြစ်သွားသလား၊ စိတ်ကို နာကျင်စေသွားသလားဆိုတာ သတိထားရတော့မယ်။ သူတို့ရဲ့စိတ်တွေပါ နာကျင်မသွားရအောင်ပေါ့။

အမှန်တော့ ဥပဒေမရှိလည်း ဆရာ့တာဝန် ဝတ္တရားအရကိုက ကလေးရဲ့ ကိုယ်ရောစိတ်ပါ နာကျင်မှု မရှိစေရဘူးလေ။ ဒါ့ကြောင် ကျွန်မတို့လည်း ဘယ်လိုအပြောအဆို၊ ဘယ်လိုအပြုအမူ၊ ဘယ်လိုဆက်ဆံမှု မျိုးက ကလေးတွေရဲ့စိတ်ကို နာကျင်စေတယ်။ ကလေး အခွင့်အရေးဆိုင်ရာ ဆုံးရှုံးစေတယ်ဆိုတာတွေကို သိအောင်လေ့လာရတော့မယ်။ ဂရုစိုက်ရတော့မယ် ရှင်။ အချုပ်ပြောရရင် ဆုံးမတာနဲ့ ညှဉ်းပန်းနှိပ်စက်တယ် ဆိုတာက ကွာခြားနေတာရယ်။ ကလေးဆိုင်ရာ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ကလေးတွေအတွက် အကာအကွယ်ပေးထားတာမို့ ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေကို ကြိုဆိုပါတယ်ရှင့်။

“မိဘတွေ ယုံကြည်ကိုးစားရတဲ့ အရည်အချင်းတွေ ရှိခဲ့တယ်”

ဦးမြတ်သီဟထွန်း (မူလတန်းပြ၊ အ.မ.က ရွာသစ်စု၊ မအူပင်မြို့ )



ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေမှာ ဆရာတွေ၊ မိဘတွေအနေနဲ့ ကောင်းစေချင်လို့ ဆုံးမတဲ့ကိစ္စတွေမပါကြောင်း ဥပဒေ ပုဒ်မ(၆၆) အပိုဒ် (ဃ) မှာ အတိအလင်းပြဋ္ဌာန်းပြီးသားပါဗျ။ အဲ့ဒါကို ဆရာ၊ ဆရာမတွေအားလုံး သိစေချင်ပါတယ်။ ကလေးကို ရိုက်သင့်တယ်၊ မရိုက်သင့်ဘူးဆိုတာ သက်ဆိုင်ရာ ဆရာတွေရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးမမှုအပေါ် မူတည်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ အကြံပြုချင်တာကတော့ ဒီခေတ်ကာလ ဒီလိုအခြေအနေမျိုးမှာ မရိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဟိုးတုန်းက ကျောင်းသားမိဘတွေက ဆရာကို သူတို့သားသမီးတွေကိုအပ်ကြတဲ့အခါ မကျိုးမပဲ့ပြီးရော ရိုက်ဆုံးမပါဆရာလို့ အပ်လေ့ ရှိတယ်။ ဘာကြောင့်အပ်ရသလဲဆိုတော့ သူတို့အပ်တဲ့ ဆရာတွေဟာ သူတို့မိဘတွေနဲ့မခြား တပည့်တွေအပေါ် စေတနာရှိတယ်။ တပည့်တွေအပေါ် မတရားလုပ်မယ့် သူမဟုတ်ဘူး။ ကောင်းဖို့ကိုပဲ ဦးတည်ပြီးဆုံးမမယ့်သူ လို့ ယုံကြည်လို့ပါပဲ။ ဟိုးတုန်းက ဆရာတွေကလည်း အဲဒီလို မိဘတွေ ယုံကြည်ကိုးစားရတဲ့ အရည်အချင်းတွေရှိခဲ့တယ်။ 

ဒီဘက်ခေတ်မှာတော့ ခေတ်စနစ်အရ ဆရာတွေရဲ့ အရည်အသွေးပိုင်းရော မိဘတွေရဲ့ ဆရာတွေအပေါ် ယုံကြည်မှုပိုင်းရော တော်တော်လေး လျော့ကျသွားတယ်။ ဆုံးမခြင်းဆိုတာက အနုအကြမ်း နည်းအမျိုးမျိုး ရှိပါတယ်။ ဘယ်အချိန် ဘယ်နေရာ ဘယ်အသက် အရွယ်မှာ ဘယ်လိုနည်းနဲ့ဆုံးမမယ်၊ ဘယ်လိုရည်ရွယ် ချက်နဲ့ဆုံးမမယ် အဲ့ဒီလိုဆုံးမခြင်းကနေ ကလေးရဲ့ နောင်အရှည်အကျိုးကို ဘယ်လိုကောင်းစေမယ်ဆိုတဲ့ ဒေါသမပါတဲ့ ဆုံးမမှုမျိုးဖြစ်ဖို့လိုပါမယ်။ အဲ့ဒီလို မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းဟာ ဆရာအတတ်ပညာပဲဖြစ်ပါတယ်။ မေတ္တာနဲ့ယှဉ်တဲ့ဆုံးမမှုမျိုးနဲ့ မိဘတွေရဲ့ ယုံကြည်ကိုးစားမှုခံရပါစေ ရိုက်ခြင်း မရိုက်ခြင်းက ပြဿနာဖြစ်လာစရာအကြောင်းမရှိပါဘူး။

ခိုင်ချယ်ရီထွန်း