News

POST TYPE

EDUCATION

သင်ရိုးသစ်များနှင့် အခြေခံပညာရေး
06-Jun-2019



ပညာရေးပြုပြင်ပြောင်းလဲမှုကို ၂၀၁၆ မှာ KG၊ ၂၀၁၇ မှာ Grade-1၊ ၂၀၁၈ မှာ Grade-2၊ ယခု ၂၀၁၉ မှာတော့ Grade-3 နှင့် Grade-6 ဖြစ်ပါသည်။ Grade-3 နဲ့ Grade-6 ကို ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်နဲ့ ယခုမြို့နယ်အဆင့် ဆရာ၊ ဆရာမများ နွေနေပူပူကို အန်တုလို့ လေ့လာသင်ယူနေကြပါတယ်။ ရာသီဥတု အပူဒဏ်ရော၊ နဂိုရောဂါအခံကြောင့်ရော တချို့ဆရာ၊ဆရာမတွေ ဆေးရုံရောက်ကြ၊ တချို့အသက်ပင် ပေးဆပ်လိုက်ရတာတွေ ကြားနေရပါတယ်။ စိတ်မကောင်းစရာပါ။ အခန်းထဲ ဒီအတိုင်းထိုင်နေတာတောင် အပူရှိန်ကြောင့် တရှိန်းရှိန်းနဲ့နေလို့ မရပါဘူး။ တစ်နေကုန် သင်ကြားသင်ယူ၊ သီဆိုလှုပ်ရှား၊ ကာယလေ့ကျင့်ခန်းများနဲ့ ဘယ်လိုများ သင်ယူကြသလဲလို့ တွေးမိရုံနဲ့တင် ဆရာ၊ ဆရာမများရဲ့ စေတနာ၊ ဇွဲနပဲကို ကြည်ညိုလေးစားမိပါတယ်။ 

စနစ်သစ်ပညာရေးက စနစ်ဟောင်းပညာရေးနဲ့ များစွာကွာခြားပါတယ်။ ကျောင်းသား၊ ကျောင်းသူများ တစ်နေကုန်အခန်းထဲမှာ ငုတ်တုတ်ထိုင်သင်ယူ နေရတဲ့ပုံစံမျိုး မဟုတ်တော့ပါဘူး။ သီဆိုလှုပ်ရှား တက်ကြွမှုတွေနဲ့ သင်ယူရမယ့် ပညာရေးဖြစ်ပါတယ်။ စာချည်းသတ်သတ် ဦးစားပေးသင်ယူတာမျိုးလည်း မဟုတ်ပါဘူး။ ကာယချိန် ကာယ၊ ဂီတချိန် ဂီတနဲ့ ဖွံ့ဖြိုးရေး ဘာသာရပ်တွေကို စာပေဘာသာရပ်တွေနည်းတူ အလေးထားသင်ရမှာပါ။ စာရိတ္တနှင့် ပြည်သူ့နီတိ ဆိုပါတော့။ မြန်မာ့ပညာရေးမှာ ပြည်သူ့နီတိအခန်းကဏ္ဍ မှေးမှိန်ပျောက်ကွယ်နေတာ အားလုံးအသိပါ။ အခု စနစ်သစ်ပညာရေးမှာတော့ စာရိတ္တနှင့် ပြည်သူ့နီတိကို အခြားဘာသာတွေလို အလေးပေး သင်ကြားရမယ်ဆိုတာ ဆရာ၊ ဆရာမများရော၊ မိဘများပါ သဘောပေါက်ဖို့ လိုပါတယ်။ 

မိဘများရောလို့ပြောလိုက်တာက အချို့အချို့သော မိဘတွေက သီဆိုလှုပ်ရှားသင်ယူတာတွေကို စာသင်တယ်လို့ မမှတ်ယူကြပါဘူး။ ကစားခြင်းဖြင့် သင်ယူတာကိုလည်း စာသင်တယ်လို့ မမြင်ဘူး။ စာတွေကို ပါးစပ်က တစာစာအော်နေမှ၊ ဗလာ စာအုပ်ထဲ စာတွေရေးလာမှ သင်ယူတယ်လို့မြင်တော့ ကလေးတွေ သီဆိုလှုပ်ရှားကခုန်၊ တေးကဗျာ သီချင်းရွတ်ဆိုတာကို အားမပေးတဲ့သူများလည်း ပတ်ဝန်းကျင်မှာ မြင်တွေ့နေရလို့ပါ။

အခြေခံပညာရေးရည်မှန်းချက်များ ပေါက်မြောက်စေရန်အတွက် အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း ရေးဆွဲရာမှာ လမ်းညွှန်မူ (၁၃) ချက်ထဲက သင်ကြားသင်ယူမှုဖြစ်စဉ်နဲ့ စာသင်ခန်းတွင် အသုံးပြုတဲ့ သင်နည်းပညာတွေအပေါ် တိုက်ရိုက်သက်ရောက်နေတဲ့ အချက်တွေကို ဖော်ပြချင်ပါတယ်။ ကျွန်တော်တို့ တတိယတန်းသင်ရိုးသစ် ဗဟိုအဆင့်နည်းပြ တက်ရတုန်းက လေ့လာခဲ့ရတာပါ။ ပထမအချက်က ဘက်စုံဟန်ချက်ညီဖွံ့ ဖြိုးရေးပါ။ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ရသနဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာ နယ်ပယ်အလိုက် ဘက်စုံဟန်ချက်ညီ ဖွံ့ဖြိုးရေးကို ဦးတည်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို ပြုစုပျိုးထောင်ပေးရမှာပါ။ နောက်တစ်ချက်က ၂၁ ရာစုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးရေး ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်များ ပေါက်မြောက်စေဖို့၊ လမ်းညွှန်မူများ အကောင်အထည်ဖော်ဖို့ ဆရာ၊ ဆရာမများအနေနဲ့ ထိရောက်တဲ့သင်ကြား နည်းပညာများ၊ ချဉ်းကပ်နည်းများ သင်ယူတတ်မြောက်ရန်၊ ကျွမ်းကျင်ရန် လိုအပ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ သင်ယူမှုဖြစ်စဉ်မှာ ပါဝင်လာဖို့၊ စာသင်ခန်းမှာ သင်ယူမှုဝန်းကျင်ကောင်း ဖန်တီးပေးဖို့၊ ကျောင်းသားကျောင်းသူတစ်ဦးချင်းစီ စိတ်ကျေနပ်ဖွယ် သင်ယူမှုရလဒ်တွေ ပေါ်ထွန်းလာဖို့ ဆောင်ရွက်ဖို့ လိုပါတယ်။ 

စနစ်သစ်မှာ သင်ရိုးပြုပြင်ပြောင်းလဲတာနဲ့ ပတ်သက်လို့ စဉ်းစားမိတာလေးတွေလည်း ရှိပါတယ်။ စနစ်သစ်မှာ ပန်းချီ၊ ဂီတတွေ ပါလာပါတယ်။ ပလွေတွေ မှုတ်ရပါတယ်။ ဆရာ၊ ဆရာမတွေက စာပေဘာသာရပ်တွေ သင်ကြားပေးရမယ့်အပြင် ကာယ၊ ပန်းချီ၊ ဂီတတွေလည်း သင်ကြားပေးရမှာပါ။ ကျွန်တော်တစ်ဦးတည်းရဲ့အမြင်ကို ပြောပါဆိုရင် ဆရာတစ်ယောက်တည်းကနေ သင်ရမယ့်ဘာသာရပ်တွေ များနေမှာလည်း စိုးရိမ်မိပါတယ်။ ဆရာမပြည့်စုံရင် ပိုဆိုးပြီပေါ့။ တချို့ ဆရာ၊ ဆရာမတွေက အတီး၊ အမှုတ်၊ အဆိုတွေ ဝါသနာမပါကြသလို တချို့က ဂီတနဲ့ ပတ်သက်လို့ အခြေခံမရှိပါဘူး။ တစ်နေ့က မူလတန်းပြ ကျွန်တော့်တပည့်လေးတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူတို့က ဂီတချိန်ဆို သူတို့ကိုယ်တိုင် အခြေခံသိပ်မရှိတာကြောင့် အခက်အခဲတွေ့ရတယ်လို့ ကျွန်တော့်ကို ရင်ဖွင့်ကြပါတယ်။ သူတို့ကိုယ်တိုင် အခက်အခဲရှိတယ်ဆို ပြန်သင်ရတဲ့အချိန် ခက်ခဲနေမှာ အမှန်ပါပဲ။ သက်ဆိုင်ရာဘာသာရပ်ကို ကျွမ်းကျင်သူတွေသင်ရင် ပိုထိရောက်နိုင်တယ်လို့ ပြောချင်တာပါ။ ကျွမ်းကျင်သူတွေ မခန့်ထားနိုင်သည့်တိုင် ဆရာ၊ ဆရာမထဲက အဆို၊အတီး၊ အက ဝါသနာပါသူတွေ ရွေးထုတ်လေ့ကျင့်ပေးရင်လည်း ထိရောက်မှု ရှိနိုင်ပါတယ်။ ဒါက မြေပြင်က အသံတွေကို နားထောင်မိလို့ တင်ပြရခြင်းဖြစ်ပါတယ်။

ငွေကြေး၊ အချိန်တွေပေးပြီး တစ်နှစ်နဲ့တစ်နှစ် သင်တန်းတွေ တက်နေရပါတယ်။ ဒီနှစ်နွေကတော့ အရင်နှစ်ကထက် ပိုပူလာသလား အောက်မေ့ရပါတယ်။ မြို့နယ်အဆင့်မှာ (၁၄) ရက်ကြာ တက်ရောက်ကြရပါတယ်။ သင်တန်းပြီးတာနဲ့ ကျောင်းလည်း ဖွင့်ပါပြီ။ အားအင်တွေ၊ အချိန်တွေပေးပြီး ဆရာ၊ ဆရာမတွေက အားကြိုးမာန်တက် သင်ယူနေကြပါတယ်။ သူတို့သင်ယူကြခြင်းဟာ သူတို့ကလေးတွေ ပြန်ပေးဖို့ပါ။ နိုင်ငံတော်ရော၊ မိဘပြည်သူတွေရော ဆရာ၊ ဆရာမတွေပါ ဝိုင်းဝန်းပြီး ဆောင်ရွက်ကြခြင်းဖြင့် တိုးတက်တဲ့ နိုင်ငံတော်သစ်ဆီ အရွေ့တွေ မြန်ပါစေလို့ ဆန္ဒပြုရေးသားတင်ပြလိုက်ပါတယ်။

ခွန်အင်ကြင်း