News

POST TYPE

EDUCATION

ပင်စင်ယူပြီး နောက်ဝယ်
06-Jun-2019



၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က စာရေးသူတို့ ဇာတိရပ်ရွာ အခြေခံပညာကျောင်းမှ ငယ်ဆရာကြီးတစ်ဦး သက်ပြည့်ပင်စင်ယူကြောင်း ကို ဖေ့စ်ဘွတ်မိတ်ဆွေဆရာတစ်ဦး ပို့စ်တင်ထား၍ သိလိုက်ရသည်။ ပုံထဲတွင် ဆရာကြီးက နှုတ်ဆက်စကားပြောနေပုံ၊ တပည့်ကျောင်းသား၊ ကျောင်းသူတို့က ဆရာကြီးအား နှုတ်ဆက်ကန်တော့နေကြပုံများကို တွေ့ မြင်ရသည်။ ထိုထိုသော ဓာတ်ပုံတို့ အနက်မှ တစ်ပုံမှာ ဆရာကြီးက ကန်တော့ခံရင်း မျက်ရည်စို့ကာ အသံတိတ်ငိုကြွေးနေပုံလေးကို တွေ့လိုက်ရသည်။

ဤတွင် စာရေးသူ၏ စိတ်ထဲမှာ အမည်မသိ ခံစားမှုတစ်ခု ဖြစ်ပေါ်သွားသည်။ ဝမ်းနည်းစိတ်လား၊ စာနာစိတ်လား မပြောတတ်ပါပေ။ ဆရာကြီးမှာ တစ်သက်တာပတ်လုံး ကျောင်းဆရာဘဝဖြင့် ဖြတ်သန်းခဲ့သည်။ ပညာရေးဝန်းကျင်တွင်သာ ကျင်လည်ခဲ့သည်။ မိမိအိမ်နှင့်ကျောင်း၊ ကျောင်းနှင့်တပည့်သား၊ သမီးများ၊ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများနှင့်သာ ဘဝတစ်လျှောက်လုံး ပင်စင်ယူသည်အထိ နေထိုင်ရှင်သန်ခဲ့သည်။

ကျောင်းဆရာဖြစ်သည့် အားလျော်စွာ သင်ကြားရေးနှင့် ကျောင်းလုပ်ငန်းများနှင့်သာ အချိန်အများစုကို ကုန်ဆုံးစေခဲ့ပါသည်။ စာသင်လည်းကောင်း၊ စည်းကမ်းလည်းကောင်းသဖြင့် တပည့်များက ဆရာကြီးကို ချစ်ကြောက်ရိုသေကြသည်။ စေတနာနှင့် ဝါသနာကို အရင်းပြု ပြီး မေတ္တာဖြင့် သင်ကြားပြသကာ လမ်းညွှန်ဆိုဆုံးမသဖြင့်လည်း တပည့်များက ရိုသေလေးစားကြပါသည်။ 

ထိုသို့ အငြိမ်းစားယူပြီး စာသင်ကျောင်းမှ အပြန်တွင် ဆရာကြီး၏ စိတ်ထဲ ဘယ်သို့ရှိမည်နည်း။ ကျောင်းဝင်းအပြင်သို့ ဘယ်လိုခြေလှမ်းများနှင့် လှမ်းထွက်လာမည်နည်း။ စိတ်ခံစားမှုကရော မည်သို့ရှိလေမည်နည်း။

မိမိမြတ်မြတ်နိုးနိုး ရွေးချယ်ခဲ့သောအလုပ်၊ ချစ်ခင်တွယ်တာခဲ့ရသော ကျောင်း၊ သားသမီးနှင့်မခြား သင်ကြားပေးခဲ့သော တပည့်တွေ၊ အတူတူ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများ၊ တစ်သက်လုံး တာဝန်ထမ်းဆောင်ခဲ့ရာ ပညာရေးဌာန အားလုံးကို လက်ပြနှုတ်ဆက်ကာ နောက်ဆုံးအကြိမ် ကျောင်းဆင်းသွားမည့် ဆရာကြီး၏ ရင်တွင်းမှာ ဖော်မပြနိုင်လောက်သော ခံစားမှုတို့ ရောပြွမ်းနေမည်မှာ သေချာလှပါသည်။

ထိုနေ့ နံနက်ကျောင်းသို့လာတုန်းကတော့ ဆရာကြီး၏ ပခုံးထက်ဝယ် တာဝန်နှင့်ဝတ္တရားတို့ ပါလာခဲ့သည်။ သို့သော် အပြန်မှာတော့ ယင်းတာဝန်နှင့် ဝတ္တရားဆိုတာကို ကျောင်းတွင် အပြီးထားခဲ့လေပြီ။ ဆရာကြီး၏ အတန်း၊ ဆရာကြီး၏ ထိုင်ခုံ စသည်တို့လည်း အပြီးထားခဲ့လေပြီ။ ဆရာကြီး၏ လေသံ၊ ဆရာကြီး၏ စာသင်ကြားဟန် စသည်တို့လည်း နောက်တစ်နေ့တွင် တပည့်တို့ မကြား၊ မမြင်ကြရလေကုန်။

ထိုနည်းတူ ဆရာကြီးကိုယ်တိုင်မှာလည်း နောက်တစ်နေ့ မနက်ကျောင်းသွားချိန်အရောက်တွင် ခါတိုင်းလို ကျောင်းသွားဖို့ စိတ်ကရောက်နေမည်လား။ သို့တည်းမဟုတ် ယောင်ရမ်းပြီး ကျောင်းသွားဖို့ ပြင်ဆင်နေမည်လား မပြောတတ်ပါပေ။ မိမိ တစ်သက်လုံး စွဲမြဲလာခဲ့သော အလေ့အကျင့်ကို ဖျောက်နိုင်ဖို့ ဆရာကြီးခမျာ အတော်ကြိုးစားရလိမ့်ဦးမည် ထင်ပါသည်။ 

ပင်စင်ယူပြီး အချိန်ကာလ အတော်ကြာကြာထိ ဆရာကြီး၏ အိပ်မက်တွေထဲတွင် စာသင်ကောင်း သင်နေပါလိမ့်မည်။ အိပ်မက်က လန့်နိုးချိန်မှ မိမိ အငြိမ်းစားယူပြီးကြောင်း အသိဝင်လာပါလိမ့်မည်။ ထိုကဲ့သို့သော ညများတွင် ဆရာကြီးမှာ ဆက်လက် အိပ်ပျော်ဖို့ရန် ကြိုးစားရှာရလိမ့်မည် ထင်ပါသည်။ ဟိုလူးသည်လှိမ့်နှင့် မိုးစင်စင်လင်းရသော အိပ်ပျက်ညများလည်း ဆရာကြီးခမျာ ဖြတ်သန်းရပေလိမ့်ဦးမည်။

အရပ်ထဲတွင် ကလေးများ ကျောင်းသွားသည် ကိုမြင်တိုင်း၊ ကျောင်းခေါင်းလောင်းထိုးသံကို ဖြတ်သွား ဖြတ်လာ ကြားတိုင်း ဆရာကြီး၏ စိတ်ထဲတွင် မိမိ ကျောင်းဆရာအဖြစ်ကို ပြန်ပြောင်းတွေးတောနေမိမှာ မလွဲပါပေ။ 

နေ့ခင်း၊ နေ့လယ်အချိန်များတွင်လည်း ရောက်တတ်ရာရာ တွေးနေ၊ ဆွေးနေနိုင်ပါသေးသည်။ မိမိကျောင်းဆရာအလုပ် စတင်ထမ်းဆောင်ပုံ၊ ပထမဆုံးတာဝန်ကျရာ ကျောင်းသို့သွားရပုံ၊ ပထမဆုံး တော်စပ်ရသောတပည့်များ စသည်ဖြင့် အတိတ်ကို ပြန်သွားချင် သွားနေပေလိမ့်မည်။ ထိုကနဦးနေ့ရက်များမှ မမေ့နိုင်စရာ အဖြစ်အပျက်၊ အတွေ့အကြုံများလည်း ပြန်လည်အမှတ်ရကာ အတိတ်ရေယာဉ် ကြောဝယ် မျောချင်မျောနေနိုင်ပါသည်။ 

မိမိဆရာဘဝတစ်လျှောက် တာဝန်ထမ်းဆောင်ခဲ့ရာ အ.မ.က၊ အ.လ.က၊ အ.ထ.ကကျောင်းများ၊ ကျောင်းတည်ရှိရာ ရွာများနှင့် မြို့များ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ အနယ်နယ်အရပ်ရပ်က တပည့်များ၊ တာဝန်ထမ်းဆောင်ရင်း တွေ့ကြုံရင် ဆိုင်ခဲ့ရသော လောကဓံများ၊ ထူးခြားသော အခြေအနေများ၊ ပျော်ရွှင်ဖွယ် နေ့ရက်များ၊ စိတ်ညစ်စိတ်ပျက်စရာ အချိန်ကာလများကိုလည်း ပြန်လည်ဆင်ခြင်သုံးသပ်ကာ အချိန်ဖြုန်းချင် ဖြုန်းနေပါလိမ့်မည်။

ကျောင်းဆရာဘဝတွင် တပည့်များနှင့် ပတ်သက်၍ အမှတ်ရစရာတွေက မျိုးစုံအောင် ရှိလှပါသည်။ အထူးသဖြင့် စာတော်လွန်းသော ကျောင်းသားနှင့် ဆိုးသွမ်းလွန်းသော ကျောင်းသားနှစ်မျိုးကတော့ ဆရာ၊ ဆရာမတို့၏ စိတ်ထဲ နှလုံးသားထဲဝယ် ဘယ်သောအခါမှ မေ့ပျောက်နိုင်စွမ်းမရှိဟု ဆိုပါသည်။ ဤကဲ့သို့သော ကျောင်းသား၊ ကျောင်းသူ၊ တပည့်များကိုလည်း ဆရာကြီး၏ စိတ်အစဉ်တွင် ပြန်လည်မြင်ယောင်လျှင် မြင်ယောင်နေနိုင်ပါသေးသည်။

ပင်စင်ယူပြီးခါစ အချိန်ကာလဖြစ်သဖြင့် ဆရာကြီးတွင် လုပ်စရာကိုင်စရာမရှိ ဖြစ်နေပေလိမ့်မည်။ အမြဲတမ်း အချိန်အားနေသဖြင့် လူပိုကြီးတစ်ယောက်လို ထင်မြင်မလာဖို့ လွန်စွာမှ အရေးကြီးပါသည်။ ပင်စင်စားတို့ ထုံးစံအတိုင်း အလုပ်တာဝန်တို့မှ အပြီးအပိုင် အနားယူလိုက်ချိန်တွင် ဖြစ်လေ့ဖြစ်ထရှိသော အခက်အခဲများကို စိတ်ရှည်သည်းခံကာ အဆင်ပြေပြေ နေထိုင်သွားနိုင်ဖို့ အရေးကြီးပါသည်။ 

ဤတွင် တပည့်များအနေနှင့် ဆရာကြီးရှိရာသို့ အမြဲမပြတ် သွားလာဝင်ထွက်ရင်း မသိမသာ အားပေးကူညီကြဖို့ အရေးကြီးပါသည်။ ထို့ပြင် မိသားစုဝင်များကလည်း ပင်စင်စား တစ်ဦးအပေါ် နားလည်မှုပေးကာ နွေးထွေးစွာ ပြုမူဆက်ဆံပေးကြဖို့ လိုအပ်ပါသည်။ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများကလည်း ကောင်းသောအကြံဉာဏ်များပေးကာ ကြည့်ရှု စောင့်ရှောက်ပေးသင့်ပါသည်။ သို့မှသာလျှင် ဆရာကြီးအဖို့ အထီးမကျန်ဘဲ စိတ်လက်ချမ်းသာစွာ နေ့ရက်များကို ကျော်ဖြတ်နိုင်မည် ဖြစ်ပါသည်။

ရပ်ရွာအနေနှင့် မိမိတို့ဆရာကြီး အငြိမ်းစားယူပြီးခါစအချိန် စိတ်မလေစေရန်နှင့် စိတ်ဓာတ် မကျစေရန်အတွက် လုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်ပါသည်။ ရပ်ရွာအသင်းအဖွဲ့တွင် နေရာပေးခြင်း၊ ဘုရားကျောင်းကန် စေတီပုထိုးတို့တွင် ဘုရားလူကြီး၊ ဂေါပကအဖြစ် ဆောင်ရွက်စေခြင်း စသည့် ဘာသာရေး၊ လူမှုရေးတို့တွင် တစ်တပ်တစ်အား ပါဝင်စေခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုဖြစ်အောင် ချီးမြှောက်ပေးသင့်ပါသည်။ ရပ်ရွာ အုပ်ချုပ်ရေးမှူး စသော ရပ်ရွာလူကြီးများကလည်း အတွေ့အကြုံရှိ ဆရာကြီးထံမှ ကောင်းသော အကြံဉာဏ်များ တောင်းခံကာ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးချစေချင်ပါသည်။ ထိုသို့ အသိအမှတ်ပြု၊ အရေးတယူပြုမှုများကြောင့် အငြိမ်းစားဆရာကြီးမှာ ပညာရေးလောကမှ လူမှုရေးလောကသို့ ပြောင်းရွှေ့ရောက်ရှိလာပြီး လက်ကျန်ဘဝကို ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေ နေနိုင်သွားစေနိုင်ပါသည်။

တစ်ဖန် အနီးနေတပည့်သားမြေးများအနေနှင့် မိမိတို့ဆရာကြီးကို တရားရိပ်သာသို့ ဘာဝနာ အလုပ်များ စိတ်အေးချမ်းသာစွာ အားထုတ်နိုင်ဖို့ တာဝန်ယူ ပို့ဆောင်ပေးသင့်ပါသည်။ သို့မှသာလျှင် ဆရာကြီးအတွက် သံသရာခရီးကို ဓမ္မအသိအမြင်တို့ဖြင့် ဖြတ်သန်းနိုင်ဖို့ရန် တစ်လှည့်ကူညီရာ ရောက်ပေလိမ့်မည်။ ထို့ပြင် ဆရာကြီး၏ ကျေးဇူးတရားကို ဓမ္မနည်းဖြင့် ဆပ်ရာလည်းရောက်ပေမည်။ 

ဤသို့အားဖြင့် စာရေးသူ၏ ငယ်ဆရာကြီး တစ်ဦး အငြိမ်းစားယူချိန်တွင် ဖြစ်ပေါ်မည့် ခံစားချက်တို့ကို ခံစားနားလည်ပေးရင်း အငြိမ်းစားဘဝသို့ ရောက်သွားခါစ ဆရာကြီးအပေါ် ဝိုင်းဝန်းကူညီနှစ်သိမ့်ပေးနိုင်မည့် အကြောင်းအချက်အနည်းငယ်ကို စေတနာရှေ့ထား၍ တင်ပြလိုက်ရပါသည်။

ဆဏ်းဝင်းအောင်