News

POST TYPE

EDUCATION

တရားမျှတမှု လူတိုင်းရရှိရေး ငါးနှစ်စီမံကိန်း စလုပ်
20-May-2019
မန္တလေး၊ မေ ၂၀

တရားမျှတမှုကို လူတိုင်းလက်လှမ်းမီရရှိရေးအတွက် ငါးနှစ်စီမံကိန်းဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးတိုင်း တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ထံမှ သိရသည်။

ယင်းစီမံကိန်းကို ၂၀၁၉ မှ ၂၀၂၃ ခုနှစ်ထိ ငါးနှစ်စီမံကိန်းရေး ဆွဲဆောင်ရွက်နေပြီဖြစ်ပြီး တရားစီရင်ရေးကိစ္စများကို ကူညီထောက်ပံ့ပေးခြင်းများ၊ ပြည်သူများအနေနှင့် တရားမျှတမှုဆိုသည်ကို သိရှိစေရန်ပညာပေးလုပ်ငန်းများ၊ ဌာနဆိုင်ရာများ၏ အခက်အခဲများနှင့် ဌာနဆိုင်ရာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်ညှိနှိုင်းရေးများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ခေါင်းဆောင် ဦးတင်အောင်က ပြောကြားသည်။

“တရားဥပဒေစိုးမိုးရေးအတွက်ပါ။ တရားဥပဒေ စိုးမိုးတယ်ဆိုတာက လူတိုင်းက တရားဥပဒေကို အကုန်နားမလည်ရင်တောင်မှ တရားမျှတတဲ့ အခွင့်အရေးကို မိမိကိုယ်တိုင် လက်လှမ်းမီအောင် ရရှိနိုင်ရေးပေါ့။ အချို့ကျတော့ တရားစွဲချင်တယ်။ ဘယ်လိုတရားစွဲရမှာလဲ မသိဘူး။ အမှုသွားတိုင်ရင် ရဲက အမှုဖွင့်မပေးရင် ဘာ့ကြောင့် အမှုမဖွင့်သလဲဆိုတာကို သံသယဝင်တယ်။ ဒါတွေကို ဖျောက်ဖို့အတွက်လည်း ပါတယ်။ ကိုယ်ကိုယ်တိုင် တရားမျှတမှုကို ရှာဖွေနိုင်ရမယ်”ဟု ၎င်းက ပြောကြားသည်။

တရားမျှတမှုကို လူတိုင်းလက်လှမ်းမီရရှိရေးအတွက် ငါးနှစ်စီမံကိန်းကို တစ်နိုင်ငံလုံးအတိုင်းအတာအရ မန္တလေးတိုင်းတွင် မေလ ၁၉ ရက်နေ့မှစတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မေလ ၁၉ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့၊ လွှတ်တော်နှင့် တရားရေးအဖွဲ့များကို အဖွဲ့နှင့်ပတ်သက်သည်များ၊ လုပ်ဆောင်သွားမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ထံမှ သိရသည်။

“မလုပ်တာထက်စာရင် လုပ်နေတာက ကောင်းတာပေါ့။ ဒီလိုလုပ်တဲ့နေရာမှာ ထိထိရောက်ရောက် လုပ်စေချင်တာပေါ့။ ကျွန်တော်တို့နိုင်ငံမှာ ကော်မတီတွေဖွဲ့ကြတယ်။ သို့သော်လည်း ဘာမှလုပ်နိုင်တာကို မတွေ့ရဘူး။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း တရားရေးနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ ဘာတွေဖွဲ့ခဲ့တာတွေ ရှိခဲ့တယ်။ ဒီအဖွဲ့တွေက ဘယ်လောက်ထိလုပ်ခဲ့သလဲ၊ မလုပ်ခဲ့လဲဆိုတာ မသိရဘူး။ သူတို့ကို ကျွန်တော်တို့ ဘယ်လိုပြန်လေ့လာရမလဲဆိုတာတောင် မသိတော့ဘူး။ ဒီလိုသာဓကတွေ ရှိခဲ့တယ်။ ဒါ့ကြောင့် ဒီအဖွဲ့အနေနဲ့ကတော့ ထိထိရောက်ရောက် လုပ်စေချင်တယ်”ဟု ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ (MDCF) အထက်မြန်မာပြည် တာဝန်ခံ ဦးသိန်းအောင်မြင့်က ပြောကြားသည်။

M-05