News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (စနစ်သစ်ပညာရေးအပေါ် ဆရာများ၏အမြင်များ)
09-May-2019
စနစ်သစ်ပညာရေးစနစ်ပြောင်းလဲရာတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသား မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး စနစ်သစ်သင်ကြားရေးအပိုင်းတွင် ဆရာ၊ ဆရာမများအတွက် အားသာချက် ၊ အားနည်းချက်များရှိနေသေးကြောင်းကို ဆရာများရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့်ဖော်ပြလိုက်ပါသည်။ 

“ဆရာ လိုအပ်ချက်ကြောင့် သင်ကြား၊ သင်ယူမှု မထိရောက်နိုင်တာပါ”
ဦးထန်းလိန်းအွမ် (မူလတန်းကျောင်းအုပ်၊ အ.မ.က ဖွီစောင်း၊ မင်းတပ်မြို့နယ်၊ ချင်းပြည်နယ်တောင်ပိုင်း)
<

စနစ်သစ်ပညာရေးကတော့ ကောင်းမွန်တယ်လို့ မြင်မိပါတယ်။ ဘာလို့လဲဆိုရင်တော့ ကလေးများကိုယ်တိုင်ကို ပူးပေါင်းပါဝင်ဆောင်ရွက်စေခြင်း၊ လက်တွေ့လုပ်ဆောင်စေခြင်း၊ တီထွင်ကြံဆစေခြင်း၊ ထင်မြင်ချက်တွေပြောပြစေခြင်း စသဖြင့် ကလေးများကိုယ်တိုင်ကို လုပ်ငန်းများပေးတဲ့အတွက်ကြောင့် သင်ကြား၊ သင်ယူမှုမှာ ထိရောက်မှုရှိပါတယ်။ စနစ်သစ်မှာ မကြိုက်တာကတော့ ဆရာလိုအပ်ချက်ကြောင့် သင်ကြား၊ သင်ယူမှု မထိရောက်နိုင်တာပါ။

တောင်ပေါ်ဒေသတွေအတွက်ကတော့ ဆရာလိုအပ်ချက် စာသင်ဆောင်မလုံလောက်မှု၊ ကစားကွင်း၊ သင်ထောက်ကူများ မပြည့်စုံမှုတွေကလည်း စနစ်သစ် ပညာရေး အကောင်အထည်ဖော်ရာမှာ အဟန့်အတား ဖြစ်စေပါတယ်။ သင်ယူမယ့် ကလေးနည်းတဲ့နေရာတွေမှာလည်း စနစ်သစ်နဲ့ အဆင်မပြေနိုင်ဘူးလို့ မြင်မိပါတယ်။ ၂၀၁၆ - ၁၇ ပညာသင်နှစ်ကနေ စတင် ပြောင်းလဲလာတဲ့ စနစ်သစ်ပညာရေးတွေမှာ သဘောကျမည့်တဲ့အချက်တွေကတော့ သင်ကြားနေစဉ် စစ်ဆေး အကဲဖြတ်ခြင်းဖြင့် စာမေးပွဲစနစ်ကို ပပျောက်စေခြင်း၊ အုပ်စုလုပ်ငန်းတွေပေးပြီး ဆွေးနွေးမှုလုပ်ခိုင်းရာတွင် နားထောင်မှု စွမ်းရည်တွေပါ ရရှိအောင် ပံ့ပိုးပေးခြင်း၊ အရင်က တွဲဖက်ဘာသာရပ်တွေကို အခု Main Subjects အဖြစ် သင်ကြားခွင့်ပေးခြင်း စသဖြင့်ပေါ့။ ဒါတွေက ကောင်းမွန်သောအချက်တွေလို့ မြင်မိပါတယ်။

လက်ရှိတောင်ပေါ်ဒေသတွေမှာ အခက်အခဲကတော့ သင်ကြား၊ သင်ယူမှု အထောက်ကူပစ္စည်းတွေပေါ့။ တချို့အရာက ဆရာတွေ ကြံဆလုပ်လို့ရပေမယ့် တချို့က လုပ်လို့မရပါ။ ကလေးတွေအတွက် လုပ်ပေးသင့်တာကတော့ နေရာဒေသအလိုက် အံဝင်ခွင်ကျ ဖြစ်စေမယ့်အရာတွေ ဖန်တီးပေးရင်တော့ အကောင်းဆုံးပေါ့။ ဥပမာ - ကစားကွင်းမှာ လိုအပ်တဲ့ သင်ထောက်ကူလိုမျိုးပေါ့။ သင်ကြားရေးပိုင်းကတော့ အဆင်ပြေပါတယ်။ ဒေသအလိုက် သင်ရိုးကိုတော့ ညှိယူရတာပေါ့။ ပွဲတော်တွေအကြောင်း သင်တယ်ဆိုပါစို့။ လပိုင်းမာတိကာအရ ဇူလိုင်လလောက်မှာ သင်ရမယ့်သင်ခန်းစာ ခေါင်းစဉ်ကို ဒေသမှာကျင်းပသော ပွဲတော်များနေ့မှာ သင်ကြားပေးတာမျိုးပါ။ ဆိုလိုတာက မြန်မာနိုင်ငံမှာ ရာသီအလိုက် ပွဲတော်များရှိသလို ဒေသအလိုက် ရိုးရာပွဲတော်များ ရှိတဲ့အကြောင်း ဆက်စပ်ပြီး ယဉ်ကျေးမှုကို တန်ဖိုးထား မြတ်နိုးတတ်ဖို့ သင်ကြားပေးတာမျိုးပါ။ စနစ်သစ် ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ အားလုံး ပါဝင်သိရှိနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်တဲ့အကြောင်း ပြောချင်ပါတယ်။

“ဒါဟာ ဘာမှမဟုတ်ပေမယ့် စနစ်သစ်ပညာရေးအတွက်တော့ ဆူးခလုတ်လေးတစ်ခုပါ”
ဦးဆန်းမျိုးအောင် (အထက်တန်းပြ၊ အထက (၇)၊ ကလေးမြို့ )

စနစ်သစ် သင်ကြားမှုပုံစံက အခု မူလတန်းပိုင်းပေါ့နော်။ သူတို့က အစပိုင်း KG အဆင့်မှာ စသင်တာထက် Playing to Learn ပုံစံလေးနဲ့ သွားတယ်။ ကစားရင်းနှင့် သင်ယူတာပေါ့။ အဲဒါလေးတွေကို ဆရာမက လမ်းကြောင်းဦးဆောင်ပေးပြီးတော့ အကဲဖြတ်အမှတ်ပေးရတယ်။ စနစ်သစ် စစ်ဆေးမှုပုံစံက အဲလိုအကဲဖြတ်စနစ်နဲ့သွားတယ်။ နောက်ပိုင်းတွေမှာဆိုရင်လည်း သင်ခန်းစာတစ်ခု သင်ပြီးတဲ့အပေါ်မှာ ဘယ်လောက် နားလည်လိုက်သလဲ၊ ဘယ်လောက် ဖြန့်ကြက်တွေးခေါ်နိုင်မလဲဆိုတာကို အကဲဖြတ်နိုင်မယ့် မေးခွန်းလေးတွေမေးမယ်။ ဒါက သင်ခန်းစာအပိုင်းပေါ့။ နောက်ထပ် တိုးလာတာက ပန်းချီ၊ ဂီတ၊ လက်မှုအနုပညာ အားကစား။ အဲဒါတွေအပေါ် ဘယ်လောက် လုပ်ဆောင်နိုင်သလဲ၊ ဘယ်လောက်ထိ ပူးပေါင်းပါဝင်နိုင်သလဲ စတာတွေအပေါ်မှာလည်း အမှတ်ပေး အကဲဖြတ်စစ်ဆေးသွားမှာပါ။ အဲတော့ ကောင်းကျိုးက ဆင့်ပွားတွေးခေါ်နိုင်လာမယ်။ အဲဒီမှာ အားနည်းချက်ဖြစ်နေတဲ့ ဆရာအင်အား မလုံလောက်မှု၊ မိဘပူးပေါင်းပါဝင်မှု၊ အားနည်းမှုတွေက စနစ်သစ် ပညာရေးအတွက် ထိရောက်မှု အားနည်းစေမယ်။ သင်ထောက်ကူ လုံလောက်အောင် ထောက်ပံ့ရမယ်။
 
ဆရာအင်အား လုံလောက်အောင် ခန့်ထားပေးရမယ်။ ဒါတွေ ဖြည့်တင်းနိုင်ဖို့ လိုပါတယ်။ ကျွန်တော်က ထက်ပြဆိုတော့ မလာသေးဘူး။ ဒါပေမဲ့ အခုနကပြောတဲ့ သင်ထောက်ကူ မလုံလောက်မှု ဆရာတစ်ယောက်က ကျောင်းသား ၃၀ ၊ ၄၀ လောက်ကို သင်နေရမယ်ဆိုလည်း မထိရောက်နိုင်ဘူး။ ဒါက တကယ့် Problem ပါ။ ပြီးတော့ သင်ပေးလိုက်တဲ့အပေါ်မှာ မိဘတွေ ဘယ်လောက် Checking လိုက်ပေးသလဲ။ ဒါလည်း မူတည်တယ်။ ဥပမာ - မေးခွန်းမေးတတ်တဲ့ အလေ့အကျင့်ကို ကျောင်းက ပြုစုပျိုးထောင်ပေးလိုက်ပေမယ့် ကလေးက မိဘကို မေးခွန်းမေးတဲ့အခါ မိဘက မဖြေချင်လို့ ငေါက်ငမ်းလိုက်တဲ့အခါ ကလေးရဲ့ မေးခွန်းမေးချင်စိတ်ဟာ ငုပ်သွားမယ်။ ဒါဟာ ဘာမှမဟုတ်ပေမယ့် စနစ်သစ် ပညာရေးအတွက်တော့ ဆူးခလုတ်လေးတစ်ခုပါ။ အဲတော့ မိဘကိုယ်တိုင် စနစ်သစ်ပညာရေးကို တကယ် နားလည်ဖို့လိုတယ်။ အဓိက တစ်ပတ်တစ်ကြိမ် မဟုတ်တောင် တစ်လတစ်ကြိမ် မိဘတွေနှင့် တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ ဆရာတစ်ယောက် ကျောင်းသား ၂၀ ကျော်လောက်ဆို အဆင်ပြေမယ်ဗျ။ တစ်ဦးချင်း ဂရုစိုက်မှု ပိုပေးနိုင်မယ်။ အဲဒါအတွက်တော့ ဝန်ထမ်းအင်အား ပြည့်မီအောင် ခန့်ထားပေးဖို့လိုပါမယ်။ ဆရာကိုယ်တိုင်ကလည်း စနစ်သစ်ပညာရေးမှာ စိတ်အားထက်သန်စွာပါဝင်ပြီး စနစ်သစ်သင်ရိုးအတိုင်း ထိရောက်စွာ သင်ကြားပေးဖို့ အရေးကြီးပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမဲ့ အရင်စနစ်ပုံစံအတိုင်း သင်နေမယ်ဆိုရင်တော့ ထိရောက်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ မျိုးဆက် ၂ ဆက် ၃ ဆက် (KG ဝင်လာမယ့် ကလေးတွေပေါ့) လောက်တော့ ဝိုင်းတွန်းရဦးမယ်ဗျ။ စနစ်သစ်နှင့် အသားကျဖို့ပေါ့။


“လူရွှင်တော်တစ်ယောက်လို့ ထင်နေကြလားမသိပါဘူး”
ကိုကျော်ရဲထွဋ် ( အ.ထ.က (ခွဲ) ချောင်းဆုံမြို့နယ်၊ မွန်ပြည်နယ်)

စနစ်သစ်ပညာရေးနဲ့ ပတ်သက်ပြီး ဆရာတစ်ယောက်အနေနဲ့ ဒီစနစ်သစ်ပညာရေးအပေါ် ဘယ်လိုမြင်လဲဆိုရင်တော့ စနစ်သစ်ပညာရေးနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ဆရာတွေရဲ့ Teaching Method ကိုလည်း ခေတ်နဲ့အညီ ပြောင်းလဲရမယ်။ ကလေးဗဟိုပြုချဉ်းကပ်နည်းကို ပိုမိုတွင်ကျယ်စွာ အသုံးပြုသင့်ပါတယ်။ ကလေးတွေကိုလည်း လွတ်လပ်စွာ စဉ်းစားခွင့်၊ ပြောဆိုပိုင်ခွင့်တွေကို ခွင့်ပြုပေးရမယ်။ တချို့ဆရာတွေက ကလေးတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေကို ပိတ်ဆို့ထားကြတယ်။ အဲဒီအခုမှာ တဖြည်းဖြည်းနဲ့ ကလေးတွေက မတွေးခေါ်ကြတော့ဘဲ ဆရာ့ကိုပဲ အမြဲအားကိုးနေတယ်။ ဘယ်လောက်ထိ ဆိုးနေလည်းဆိုရင် ကလေးတွေကို ကိုယ်တိုင် ဝါကျမဖွဲ့ခိုင်းဘဲ အဆင်သင့် ဖွဲ့ထားပြီးသား ဝါကျတွေကို ခေါ်ပေးနေတာတွေကို မြင်တွေ့နေရတယ်လေ။ အဲဒီအခါ ကလေးတွေက မိမိရဲ့အတွေးတွေကို စဉ်းစားခွင့်မရကြတော့ဘူးလေ။

စနစ်သစ် ပညာရေးမှာက စဉ်းစားတွေးခေါ်မှုအပိုင်းတွေကိုလည်း ထည့်လာကြတော့ ဆရာက Guide Line ပေးရုံလောက်ပဲ လိုပါတယ်။ ကျန်တဲ့လိုအပ်ချက်တွေကို ဆရာက ပြန်ပြီး ဖြည့်စွက်ပေးရမှာပါ။ နောက်ပြီး လက်ရှိစနစ်သစ်ပညာရေးက ဆရာတွေအတွက် အားသာချက်တွေနဲ့အားနည်းချက်က ဘာတွေရှိတယ်လို့မြင်လဲဆိုတော့ ရည်ရွယ်ချက် ကောင်းပေမယ့် အတန်းတင်စနစ်က ကလေးတွေအတွက် စာဘက်ကိုအရမ်းအားနည်းလာတယ်။ ဘယ်လိုနေနေ အောင်စာရင်းထွက်ရင် အောင်မယ်ဆိုတာသိတော့ စာမလုပ်ဘဲ အတန်းတက်လာကြတာပဲ ရှိတယ်။ ကလေးတွေမှာ ဘာမှ မတတ်လာကြဘူး လေ။ ဆရာတွေအတွက် ပညာကို ခက်ခက်ခဲခဲ သင်ပြီး တပည့်တွေကို ပင်ပင်ပန်းပန်းပေးနေပေမယ့် ကလေးတွေက မယူကြတော့ သူတို့တွေအတွက် ဆရာ၊ ဆရာမတွေက စံပြမဟုတ်တော့ဘူး။ လူရွှင်တော်တစ်ယောက်လို့ ထင်နေကြလားမသိပါဘူး။

နောက်ပြီး ခုခေတ်ကလေးတွေကို ရိုက်ခွင့်လည်းမရှိဘူးဆိုတော့ ပိုလို့တောင် ဆိုးလာကြတယ်လေ။ အားသာချက်ထက် အားနည်းချက်က ပိုများသလို ထင်ရပါတယ်။

ခိုင်ချယ်ရီထွန်း