News

POST TYPE

EDUCATION

သားရွှေအိုးထမ်း ပညာရေး
28-Jul-2016

အမေရိကန် ပြည်ထောင်စုတွင် ကောလိပ် ကျောင်းသားများကို ချေးငွေစနစ်ဖြင့် ကျောင်း တက်စေသည့်စနစ် ကျင့်သုံးကြောင်း သိကြမည် ထင်ပါသည်။ မြင့်မားလာသည့် ပညာသင် စရိတ်များကို ကာမိစေရန် သူတို့ ငွေတွေ ချေးကြရသည်။ ကျောင်းပြီးသော်လည်း ကြွေးပြန်ဆပ်နိုင်ရေးအတွက် အလုပ်တွေ အသည်းအသန်ရှာကာ ပေးဆပ်နေကြရသည်။ အမေရိကန် ပြည်ထောင်စုတွင် ကျောင်းသားတွေ ချေးယူထားသည့် ငွေပေါင်းမှာ ဒေါ်လာ ၁ ထရီလီယံခန့်ပင် ရှိနေကြောင်း သိရသည်။

ကောလိပ် တက်ရသည့် စရိတ်တွေက မြင့်မားလာသည်။ အမေရိကန် ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော စီးပွားပျက်ကပ် ဘေးကြီး ပြီးကတည်းက ယခုအကြိမ်သည် ငွေကြေး အကျပ်အတည်းကို အကြီးမားဆုံး ခံစားနေကြရချိန်လည်း ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားများ အနေနှင့်လည်း ဘွဲ့ရပြီးလျှင် အလုပ် ရရန်ဆိုသည်မှာ သေရေးရှင်ရေးတမျှ ဖြစ်လာကြသည်။ ကောလိပ်တက်၊ ပညာရှာ၊ ဘွဲ့ယူ၊ ကြွေးတင်သမျှ မည်သို့ ပြန်ဆပ်ကြရမည်နည်းဆိုသည်မှာ သူတို့အတွက် နောက်ဆက်တွဲ တွေးဆစရာများ ဖြစ်သည်။

ဘွဲ့ရပြီး လူတိုင်း အလုပ်ရမည်မှာ မသေချာလှပေ။ သို့ဖြစ်ရာ သေချာမည့် အသက်မွေးပညာများကို ကျွမ်းကျင်စွာ သင်ကြား ပို့ချပေးပြီးနောက် လုပ်ငန်းခွင်အရောက် ပို့ပေးနိုင်လျှင် ပိုမကောင်းဘူးလားဟုလည်း တွေးဆလာကြသည်။ ဂျက်ဖာဆန်ခေတ်က ပညာတတ်များကို တိုင်းကျိုးပြည်ကျိုး ထမ်းဆောင်စေလိုလျှင် လိုအပ်သည့် အလုပ်နေရာများအတွက် လေ့ကျင့်သင်ကြား ပြင်ဆင် ပေးလိုက်ရမည်ဆိုသည့် သဘောတရားကို ပြန်လည် စဉ်းစား လာကြသည်။

လုပ်ငန်းခွင်အတွက် ပညာရေးကို အထက်တန်း ကျောင်းများမှာကတည်းက စသင့်ပါသည်။ အလယ်တန်းလွန် အဆင့်လောက်ကတည်းက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို စိတ်ပါဝင်စားလာအောင် သင်ကြားနိုင်သည့် ပညာရေးစနစ် လိုအပ်သည်။ အထက်တန်းအောင်ပြီးလျှင် မိမိကြိုက်ရာလမ်းကို ရွေးချယ်နိုင်ရေး၊ ဝင်ငွေရရေးကို မက်လုံးပေးနိုင်သည့် ပညာရေး၊ ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်မည့် ပညာရေး ဆိုသည်မှာ လုပ်ကိုင် စားတတ်စေရန် ပညာပေးရုံက လွဲပြီး အခြား အဖြေ မရှိပေ။

ပညာဆိုသည်မှာ လုပ်ဆောင်တတ်ရုံသက်သက် သင်ကြားရန် မဟုတ်။ တွေးခေါ်စဉ်းစား တတ်ရန်လည်း သင်ကြား ပေးနိုင်ရပေမည်။ လုပ်စားတတ်ရုံ သင်ကြားရန် မဟုတ်။ စဉ်းစား တတ်စေရန်လည်း သင်ကြားပေးရမည်။ ဖောက်ထွက် တွေးနိုင်သူများ၊ ဆန်းစစ်တွေးနိုင်သူများ၊ ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်သူများ ဖြစ်လာစေရန် သင်ကြားပေးနိုင်စွမ်း ရှိရမည်။ Critical Thinking ဆိုသည့် သဘောတရားသည် နယ်ပယ် အားလုံးတွင် အကျုံးဝင်စေမှ ပညာကို အမှန်တကယ် တတ်မြောက်သူဟု ဆိုရမည်။ ကလေးများကို လုပ်ငန်းခွင် ဝင်စေသလို၊ နိုင်ငံရေး လောကထဲ ဝင်စေပြီး ဒီမိုကရေစီကို ဖော်ဆောင်သူများ ဖြစ်လာစေရန်လည်း လေ့ကျင့် ပျိုးထောင် ပေးကြရမည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတိုင်း တက္ကသိုလ် တက်နိုင်ကြပါသလား ပညာရှင်များ ဆန်းစစ်နေကြရသည့် အချိန်ဖြစ်သည်။ တက္ကသိုလ်ဆိုသည်မှာ ဘွဲ့ တစ်ခုခုယူဖို့လောက်သာဆိုလျှင် ပညာအဓိပ္ပာယ်နှင့် ကင်းဝေးနေဦးမည်သာ ဖြစ်သည်။ လေးနှစ်တာ ကာလ တက္ကသိုလ် တက်လိုက်ကြရသည်မှာ ဘွဲ့လေး တစ်ခု ရလာရုံမျှနှင့် ထိုက်တန်ပါသလားဟုလည်း မေးခွန်း ထုတ်လာကြသည်။ 

ပညာရေးတွင် ပန်းတိုင်တစ်ခု ချမှတ်ရန် လိုပါသည်။ လက်တွေ့နှင့် ကင်းကွာသော ပညာရေးစနစ်များကို ချမှတ်ပေးနေပြီး အလုပ် မဖြစ်သည်မှာ နှစ်ပေါင်း ကြာနေပြီ ဖြစ်သော်လည်း ပြန်လည်ပြုပြင် မတည်ဆောက်လျှင် ကျဆုံးနေဦးမည်သာ ဖြစ်သည်။ နိုင်ငံတကာတွင် "Soft Skills"ဟု ခေါ်သည့် အားလုံးနှင့် သဟဇာတ ဖြစ်နိုင်သော ပညာရှင်များ မွေးထုတ်နိုင်ရေး လမ်းကြောင်းကို ဦးတည်နေကြောင်း သိထားရန် လိုပါသည်။ 

လုပ်ငန်းခွင်နှင့် ပညာရေး ပေါင်းစပ်ပေးခြင်း မပြုနိုင်လျှင် ဘွဲ့ရများကို လှိမ့်ထုတ်ပေးနေသည့် စက်ရုံထုတ် ပညာရေး ဖြစ်နေလိမ့်မည်။ တက္ကသိုလ်ဆိုသည်မှာ ဘွဲ့ရများလှိမ့် ထုတ်နေသည့် စက်ရုံ မဟုတ်။ တတ်သိတွေးခေါ်နိုင်စွမ်းရှိသူများ၊ လက်တွေ့ ကျွမ်းကျင် လုပ်ငန်းခွင် ဝင်နိုင်သည့် လေ့ကျင့်ပေးရာ သင်တန်းကျောင်းကြီးများ ဖြစ်သင့်သည်။ သားရွှေအိုးထမ်း လာသည်ကိုသာ မြင်လိုပါသည်။ ပင်ပန်းစွာ ကျောက်တုံးများ ထမ်းထွက်လာသူများကို မမြင်လိုပါ။ 
 
Kike Calvo

  • VIA