News

POST TYPE

EDUCATION

ကြားနေရတဲ့ ပညာရေးဂယက်တွေ
04-Apr-2019


အတန်းတင်စာမေးပွဲတွေ ပြီးကတည်းက မိဘတွေကြားမှာ ကြားနေရတဲ့ ပညာရေးသတင်းတွေက ကယောက်ကယက်ပါ။ တချို့မိဘတွေများ အကဲပိုသလားလို့တောင် ပြောရလိမ့်မယ်။ ဒီကနေ့ စာမေးပွဲပြီးတော့ နောက်တစ်ရက် နှစ်ရက်နားပြီး ကျူရှင်အပ်နေကြတယ်။ ကျောင်းတွေ ဆိုတာကလည်း အစိုးရကျောင်းကလွဲလို့ ကျန်တဲ့ ကျောင်းတွေ ကျူရှင်တွေက ဖွင့်နေပြီလေ။ တချို့ မိဘတွေကလည်း ကျောင်းရွေး၊ ကျူရှင်ရွေး၊ ဘော်ဒါဆောင်ရွေးနဲ့ ပျားပန်းခပ်မျှ အလုပ်တွေ ရှုပ်နေလိုက်ကြတာ။ ဒါကလည်း စာရေးသူရဲ့ တစ်ဦးတည်းသော မြေးကလေးက ဒီနှစ်ကိုးတန်းတက်မှာ ဆိုတော့ မိဘတွေရဲ့ ဂယက်ထနေတာတွေ မမြင်ချင်မကြားချင်လို့မှ မရတာ။

တကယ်တော့ မိဘတွေက ပညာရေးသတင်းထောက်တွေပဲ။ သူတို့ သားသမီးတွေအတွက် စုံစမ်းထားတဲ့ သတင်းတွေကလည်း စုံမှစုံ။ အဲဒီထဲက တစ်ချက်က လာမယ့်ကျောင်းဖွင့်ရာသီမှာ နယ်ကျော်တွေ လက်မခံတော့ဘူးဆိုပဲ။ ဒါကလည်း နဂိုကတည်းက ကန့်သတ်ထားတာပါ။ ဒါပေမဲ့လည်း နယ်ကျော်တွေကို ပုံစံအမျိုးမျိုးနဲ့ လက်ခံနေကြတယ်။ ဒီတော့ နာမည်ကြီး ကျောင်းတွေမှာ ကျောင်းသားက အလွန်များနေတော့ ယာဉ်ကြောပိတ်တယ်။ စာသင်ဆောင်တွေ ဆရာ၊ ဆရာမ လိုအပ်ချက်တွေ များလာတယ်။ တစ်ချိန်ကျောင်းကနေ နှစ်ချိန်ကျောင်းတွေဖြစ်လာတယ်။ စာသင်ချိန်တွေ အပြည့်ယူလိုက်တော့ ဖွံ့ဖြိုးရေးချိန်၊ လက်တွေ့ စမ်းသပ်ခန်းဝင်ချိန်၊ စာကြည့်တိုက်အသုံးပြုချိန်၊ အားကစားချိန်တွေ ပျောက်ပြီး စာချည်းသက်သက် သင်တဲ့ကျောင်းတွေ ဖြစ်ကုန်တယ်။ အောင်ချက်မြင့်မားရေး တစ်ခုတည်းအတွက် ဖြစ်ကုန်တယ်။ အဆိုးဆုံးကတော့ ကျောင်းသား၊ ကျောင်းသူတွေက နာမည်ကြီး ကျောင်းတွေမှာပဲ စုပြုံတိုးနေကြတယ်။ တချို့မြို့နယ်က ကျောင်းတွေမှာ ကျောင်းသားမရှိသလောက် နည်းနေကြတယ်။ တချို့ကျောင်းဆို ကျောင်းသား ၃-၄၀ မှာ ဆရာ၊ ဆရာမက ၂၀ လောက်ဖြစ်နေတယ်။

နယ်ကျော်မအပ်ရဆိုတော့ ဘာသာရပ်သင် ကျောင်းတွေ၊ ကျူရှင်တွေ၊ ဘော်ဒါတွေက အပ်ချင်တဲ့ ကျောင်းအပ်လို့ မရတော့ဘူး။ နောက်တစ်ချက်က ကိုယ့်နယ်မြေထဲက ကျောင်းကို အပ်ရမယ်။ ပြီးတော့ ၇၅ ရာခိုင်နှုန်း အပြည့်အဝ တက်ရမယ်။ အဲဒီမှာတင် မိဘတွေနဲ့ အပြင်ကျောင်းတွေ၊ ကျူရှင်တွေကြား ဂယက်ရိုက်လာတယ်။ လက်ရှိ အပြင်ဘော်ဒါတွေ၊ ကျောင်းတွေ၊ ကျူရှင်တွေက အစိုးရကျောင်းတွေကိုတော့ အပ်တယ်။ ဒါပေမဲ့ ကျောင်းမတက်ရအောင် ငွေပေးထားကြတယ်။ ခုတော့ ၇၅ ရာခိုင်နှုန်းကျောင်း တက်ရမယ်ဆိုတော့ အဆင်မပြေကြပြန်ဘူး။ ဒါဆို ပြင်ပပုဂ္ဂလိကကျောင်းတွေကရော လာသမျှလက်ခံ။ ပြီးတော့ ၇၅ ရာခိုင်နှုန်းပြည့်မိစရာမလိုတော့ဘူးလား။ ပျက်ချင်သလိုပျက်လို့ရနေသလား။ ဒါကလည်း မေးစရာဖြစ်နေတယ်။ (နယ်ကျော်ကျောင်းအပ်နှံနေတာတွေကိုတော့ တိတိကျကျပြတ်ပြတ်သားသား လုပ်တော့မှာပါ။ ဘာကြောင်လဲဆိုတော့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP) အရ KG+12 က မဖြစ်မနေ ရောက်လာတော့မှာပါ။ နောက်ထပ် လိုအပ်လာမယ့် စာသင်ခန်းတွေအတွက် ခုကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့သဘောပါပဲ။)

ဒီနှစ်မှာက ပညာရေးစနစ်မှာ တိတိကျကျ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ မိဘတွေဆီကပဲ သတင်းကြားရပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးလို နေရာမျိုးစုံမှာ ကျောင်းအမျိုးအစားတွေက အများကြီးပါ။ တစ်ချိန်ကျောင်း၊ နှစ်ချိန်ကျောင်းဆိုပြီး ရှိတယ်။ ကျားကျောင်း၊ မကျောင်းဆိုပြီး ရှိတယ်။ ပုဂ္ဂလိကကျောင်းတွေရှိတယ်။ ဘုန်းတော်ကြီး သင်ကျောင်းတွေလည်း ရှိတယ်။ ဒီကြားထဲမှာ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းတွေ ဘော်ဒါဆောင်တွေနဲ့ မှိုလိုပေါက်နေတဲ့ ကျူရှင်ကျောင်းတွေကလည်း ပုံစံအမျိုးမျိုးနဲ့ နေရာအနှံ့မှာ တွေ့နေရတယ်။ ကိုယ်ပိုင် ကျောင်းဥပဒေနဲ့ပဲကြည့်ကြည့်၊ ဘာသာရပ်သင် ဥပဒေတွေနဲ့ပဲ ကြည့်ကြည့် ဘယ်ကျောင်းကမှတော့ ဥပဒေနဲ့အညီ ဖွင့်နိုင်တယ်ဆိုတာ မရှိပါဘူး။ မြို့နယ်အများစုက မြို့နယ်မှူးတွေတောင် ကိုယ့်မြို့နယ်ထဲမှာ ဘာသာရပ်သင်ကျောင်းတွေ၊ ကျူရှင်တွေဘယ်လို ဖွင့်နေကြသလဲ။ ဘယ်လောက်များသလဲဆိုတာတောင် အတိအကျမသိနိုင်ကြသေးပါဘူး။

ဒီကြားထဲမှာ ဘုမသိဘမသိနဲ့ မိဘတွေရဲ့ ဖိအား တွန်းအား အမျိုးမျိုးခံနေရတာက ကိုးတန်းကလေးတွေ။ ဒီနှစ်ကိုးတန်းတက်လာတဲ့ ကလေးတွေဟာ ရှေ့နှစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် ရှိပါသေးတယ်။ အဲဒီ နောက်နှစ်တွေမှာ KG + 12 အစီအစဉ်အရ ၁၂ တန်းအထိ သင်ရိုးသစ်နဲ့ပဲသွားရမှာပါ။ အဲဒါနဲ့ပဲ မိဘတွေက ဒီနှစ်ကိုးတန်းကတည်းက အခြေခံကောင်းမှ ဒါမှ ရှေ့နှစ် ၁၀ တန်းကိုအောင်မှာ။ ရှေ့နှစ် ၁၀ တန်းကျလိုက်လို့ကတော့ မင်းတို့ ခွေးဖြစ်ပြီ။ မြောင်းထဲရောက်ပြီ။ အဲဒီလိုမျိုးစုံစကားလုံးတွေနဲ့ ကလေးတွေရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ပေးရာ မရောက်ဘဲ အကြောက်တရားနဲ့ ဇွတ်အတင်း ပုံဖော်နေကြလေရဲ့။

ဒီတော့ ပညာရေးရပ်ဝန်ကြီးတစ်ခုလုံး တစ်ပြေးညီ ဖွံ့ဖြိုးလာဖို့ဆိုရင်တော့ ဘုံသဘောအားဖြင့် လိုက်နာဆောင်ရွက်သင့်တာတွေကိုတော့ ကျောင်းတိုင်းက လိုက်နာဆောင်ရွက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းအမျိုးအစားတွေ ဘယ်လောက်ပဲ များနေပါစေ အားလုံးဟာ အခြေခံပညာဦးစီးဌာနရဲ့ လက်အောက်မှာပဲ ရှိနေကြလို့ပါ။ ဒီနေရာမှာ ပုဂ္ဂလိက ကျောင်းတွေအနေနဲ့ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်တွေရတဲ့ အပိုင်းရှိပါတယ်။ ဒါတွေကိုလည်း လွတ်လပ်စွာ ထူထောင်ဖန်တီးခွင့်ပေးထားရမှာ ဖြစ်သလို ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ကလည်း ပညာရေးရပ်ဝန်းကြီးတစ်ခုလုံးနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်နေတဲ့ မူဝါဒပိုင်းဆိုင်ရာတွေမှာတော့ အတိအကျလိုက်နာ ဆောင်ရွက်သင့်ပါတယ်။ ဥပမာအားဖြင့် KG + 12 အရ အကောင်အထည်ဖော်နေမှုတွေ ၇၅ ရာခိုင်နှုန်း ကျောင်းတက်ရောက်မှု နှစ်ချိန် ကျောင်းတွေအစား ကျောင်းချိန်အပြည့် (တစ်ချိန်ကျောင်း) တက်ရောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောဖို့လိုတာရှိပါသေးတယ်။ စာမေးပွဲ စစ်ဆေးအကဲဖြတ်ခြင်းတွေပါပဲ။ ဒါနဲ့ပတ်သက်ရင် အခြေခံကညွှန်ကြားချက်ရှိပါတယ်။ အဲဒီညွှန်ကြားချက်ကို အခြေခံပညာကျောင်းတွေကပဲ လိုက်နာပါတယ်။ အခြားကျောင်းတွေကတော့ လိုက်နာတဲ့ ကျောင်းနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ညွှန်ကြားချက်နဲ့ လက်တွေ့ဘဝက ကွာဟနေလို့ပါပဲ။ ဥပမာပြောရရင် အတန်းတင်စာမေးပွဲစစ် မေးချိန်မှာ ၃ နာရီဖြေရမယ့်ကလေးတွေကို အကြိုလေ့ကျင့်တဲ့ စာမေးပွဲတွေမှာ ၄၅ မိနစ် တစ်ချိန်စာပဲ ဖြေဆိုခိုင်းတာမျိုးပါပဲ။ ဒီတော့ အလေ့အကျင့်ဖြစ်ဖို့အတွက် ၂ နာရီဖြေခိုင်းတဲ့သူနဲ့၊ ၃ နာရီဖြေခိုင်းတဲ့သူနဲ့ စည်းဖောက်ရတော့တာပေါ့။ အဲဒါကိုမိဘတွေက သဘောကျကြတယ်။ စည်းကမ်းလိုက်နာဖို့ဆိုတာကလည်း လက်တွေ့ဘဝနဲ့ သဟဇာတဖြစ်နေဖို့်တော့ လိုတာပေါ့။

ဒီနွေမှာ ထူးခြားတဲ့မိဘတွေလည်း တွေ့ရပါတယ်။ ဒါလည်း နှစ်တိုင်းရှိပါတယ်။ နည်းတော့ နည်းပါသေးတယ်။ မိဘအများစုက နွေပိတ်ရက်မပေးပါဘူး။ သူတို့ ကလေးတွေကို စာသင်ဖို့ကျောင်းအပ်ဖို့ပဲ။ အဲဒီထဲကမှ တချို့မိဘက နွေရာသီမှာပေးနားတယ်။ ကျောင်းစာအစား ရေကူးသင်တန်းပို့တယ်။ နွေရာသီမှဖွင့်တဲ့ တိုက်ကွမ်ဒိုစတဲ့ သင်တန်းတွေလွှတ်တယ်။ မှန်တယ်လေ။ ကလေးက တစ်နှစ်လုံးစာသင်ရမှာ။ ဒီနွေရာသီမှာ ကျန်းမာဖို့ ကြံ့ခိုင်ဖို့လိုတယ်။ တတ်သင့်တတ်ထိုက်တဲ့ အခြေခံအားကစားတွေ တတ်မြောက်ထားသင့်တယ်လေ။ အဲဒီလိုအတွေးအမြင်မျိုးရှိတဲ့ မိဘတွေလည်း အများကြီလိုနေပါတယ်။

ဒါကြောင့် အချုပ်ပြောရရင် ပညာရေးဂယက်တွေကတော့ မိဘတွေကြားမှာတော့ အတော်ကလေး ရိုက်ခတ်နေပါတယ်။ ကလေးတွေကလည်း အဲဒီဂယက်ကြားထဲမှာ လွင့်မျောနေကြရပါတယ်။ ပညာရေးဌာန အနေနဲ့ကလည်း လူ့စည်းဘီလူးစည်း ခွဲထားဖို့ လိုပါတယ်။ ဆိုလိုတာက စည်းကမ်းလိုက်နာတဲ့ ကျောင်းတွေ ပညာရေးမူဝါဒတွေနဲ့အညီ အကောင်အထည်ဖော်နေတဲ့ ကျောင်းတွေကို ဆုပေးပါ။ ဒီလိုပဲ ဘောင်ကျော်၊ စည်းကျော်ဖွင့်နေကြတဲ့ ကျောင်းတွေကိုလည်း ထိထိရောက်ရောက် စစ်ဆေးအရေးယူပေါ့။ ဆိုရရင် ဒီနှစ်မှာ ကြုံလာမယ့်ကျောင်းအပ်နှံမှုစနစ်။ ကျောင်းတက် ရောက်ရမယ့်အချိန် (တစ်ချိန်ကျောင်းအချိန်ခွဲဝေမှု) ကျောင်းတိုင်းလို အပ်နေတဲ့ ၇၅ ရာခိုင်နှုန်းကိစ္စ။ တစ်ပြေးညီ လိုက်နာရမယ့် စာမေးပွဲစစ်ဆေးမှုစနစ် စတာတွေကို ကြိုတင်အသိပေးထားဖို့ လိုပါလိမ့်မယ်။ ဒါမှသာ မိဘတွေလည်း အဆိုးအကောင်း ချင့်ချိန်ပြီး ကျောင်းအပ်နှံနိုင်မှာဖြစ်ပါတယ်။ ဘုမသိဘမသိ ကလေးတွေလည်း သောကကင်းဝေးရှိစေချင်ပြီး ပညာရေးပြုပြင် ပြောင်းလဲနေမှုတွေလည်း အောင်မြင်စေလိုလှပါသဗျာ။

ခင်မောင်ဌေး (ပညာရေး) 


  • VIA