News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (ရာထူးတိုးနစ်နာမှု)
28-Mar-2019


အဆင့်မြင့် ပညာဦးစီးဌာနအနေနှင့် ၃ နှစ်တစ်ကြိမ် ရာထူးတိုးမူကျင့်သုံးသော်လည်း ၂၀၀၉ ခုနှစ်က ခန့်ထားသည့် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမ ထောင်ဂဏန်းမျှထိ ရာထူးတိုးချန်လှပ်ခံထားရပြီး နောက်ကျနေသည်။ ထိုအခြေအနေများအကြောင်း ရာထူးတိုးချန်လှပ်ခံထားရမှုတွင် ပါဝင်သည့် ဆရာများ၏ သဘောထားအမြင်များကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“နှုတ်ကတိနဲ့ ချွေးသိပ်တာပဲခံခဲ့ရပါတယ်”
ဦးမင်းဇင် (လက်ထောက်ကထိက၊ မြန်မာစာဌာန၊ ဒဂုံတက္ကသိုလ်)

၂၀၀၉ ခုနှစ်ခန့် တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့နစ်နာမှုက နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွေအရ ရရှိခံစားပိုင်ခွင့်ဖြစ်တဲ့ ရာထူးတိုးမြှင့် ခံစားပိုင်ခွင့် နစ်နာဆုံးရှုံးမှု ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှာ အဆင့်မြင့် ပညာရေးဌာနက ဝန်ထမ်းတွေကို ရာထူးတိုးပေးတဲ့အခါ လုပ်သက်အနည်းဆုံး ၃ နှစ်ရှိရင် ရာထူးနောက် တစ်ဆင့်တိုးမြှင့်ခန့်ထားရေးမူနဲ့ ရုံးအုပ်ကနေ ညွှန်ကြားရေးမှူးအထိကို ရာထူးနောက်တစ်ဆင့် တိုးပေးခဲ့ပြီး အဲဒီအချိန်မှာ နည်းပြ/သရုပ်ပြ လုပ်သက် ၅ နှစ်နဲ့ ၁၀ လခန့် ရှိနေပြီဖြစ်တဲ့ ၂၀၀၉ ခန့် ဆရာ၊ ဆရာမတွေကို ရာထူးတိုးမပေးဘဲ ချန်လှပ်ထားခဲ့ပါတယ်။ နောက်ပြီး ၂-၅-၂၀၁၆ မှာ ရာထူးတိုး နောက်တစ်ကြိမ် ထွက်တော့လည်း ၃ နှစ်မူနဲ့ ကထိကကနေ တွဲဖက် ပါမောက္ခကို ရာထူးတိုးပေးခဲ့ပြီး နည်းပြ/သရုပ်ပြ လုပ်သက် ၆ နှစ် ၈ လခန့် ရှိနေပြီဖြစ်တဲ့ ၂၀၀၉ ခန့် ဆရာ၊ ဆရာမများကို ရာထူးတိုးမပေးဘဲ ချန်ခဲ့ပြန်ပါတယ်။ ၁၂-၈-၂၀၁၆ ရက်နေ့ကျမှ လုပ်သက် ၆ နှစ် ၁၁ လရှိနေပြီဖြစ်တဲ့ ၂၀၀၉ ခန့် ဆရာ၊ ဆရာမများကို မိမိတို့နောက် ၃ နှစ်ခန့်မှ အလုပ်ဝင်သည့် ၂၀၁၂ ခန့် ဆရာ၊ ဆရာမများနဲ တစ်နေ့တည်း တစ်ပြိုင်တည်း အမိန့်စာတစ်ရွက်တည်းနဲ့ ရာထူးတိုးပေးပါတယ်။ ဒါကြောင့် ၃ နှစ်မူကို ပညာရေးဝန်ကြီးဌာနက ကျင့်သုံးနေပါလျက် ၂၀၀၉ များကို ရာထူးတိုးမြှင့်ပိုင်ခွင့်ကို ချိုးဖောက်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၀၉များဟာ ၁။ ရာထူးတိုးမြှင့် ခံစား ပိုင်ခွင့်နစ်နာခဲ့တယ်။ ၂။ နောက်တစ်ဆင့်အတွက် ရာထူးလုပ်သက်နစ်နာခဲ့တယ်။ ၃။ လစာ စရိတ် အစရှိတဲ့ ခံစားပိုင်ခွင့်တွေ နစ်နာခဲ့ပါတယ်။ အခုဆို ကျွန်တော်တို့က လုပ်သက် ၁၀ နှစ်ရှိတော့မှာမို့ တကယ်ဆို တွဲဖက်ပါမောက္ခရာထူးတိုးမြှင့်ခန့်ထားဖို့ လျှောက်လွှာတင်ရမယ့် လုပ်သက်ဖြစ်နေချိန်မှာ ကထိကရာထူးတောင် ရ၊မရမသေချာတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ရာထူးတစ်ဆင့်လုံးလုံး နစ်နာနေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတော့ ဝန်ကြီးဌာနက တစ်ခါမှ တရားဝင် ဖြေရှင်းချက်မပေးတဲ့အတွက် ဘာကြောင့်ဖြစ်တယ်လို့ တပ်အပ် မပြောတတ်ပါဘူး။ ကျွန်တော့်အမြင်ပြောရရင် အဲအချိန်က ရွေးကောက်ပွဲ နီးကပ်နေတဲ့အချိန်ဖြစ်ပြီး ပညာရေး လူကြီးတွေဟာ လက်အောက် တပည့်သားမြေးတွေအပေါ် အမြော်အမြင်ကြီးကြီးနဲ့ အာရုံမရောက်ခဲ့ဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခဲ့တဲ့ပြဿနာပဲလို့သာ သုံးသပ်လိုပါတယ်။

တက္ကသိုလ်ဘာသာရပ်ဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ၂၀၀၉ ခန့် ဆရာ၊ ဆရာမ ပေါင်း ၁၅၀၀ ကျော်ခန့်က တစုတဝေးကြီး နစ်နာနေပါတယ်။ တာဝန်တွေ ထမ်းဆောင်ရသလောက် ရပိုင်ခွင့်က အခုထိနစ်နာနေဆဲဖြစ်ပါတယ်ခင်ဗျာ။ ရာထူးတိုး ထွက်ပြီးတဲ့အခါ ၂၀၀၉ ခန့် ဆရာ၊ ဆရာမ တွေ မိမိတို့နစ်နာမှုအတွက် စုပေါင်းလက်မှတ်ထိုးပြီး နစ်နာမှုကိုကုစားပေးဖို့ တင်ပြဆွေးနွေးတာရှိခဲ့ပါတယ်။ အစိုးရသစ်အပြောင်းအလဲ ဖြစ်ခါစဖြစ်ပြီး အဆင့်မြင့်ပညာဦးစီးဌာနက ဘာတာဝန်ခံမှုမှမရှိပါဘူး။ ဆရာ၊ ဆရာမပေါင်း ၉၆၀ ကျော်ရဲ့ လက်မှတ်တွေ တင်ပြခဲ့တာတောင် “မင်းတို့က လုပ်သက်များတဲ့ နောက်တစ်ခါ ရာထူးတိုးရင် အရင်တိုးမှာပါ”လို့ နှုတ်ကတိနဲ့ ချွေးသိပ်တာပဲခံခဲ့ရပါတယ်။ တက်လာခါစ အရပ်သားအစိုးရကို မထိခိုက်စေလိုတဲ့အတွက် ဆန္ဒထုတ်ဖော်တာတွေ သတင်းစာရှင်းလင်းတာတွေ မလုပ်ခဲ့ဘဲ သည်းခံခဲ့ကြပါတယ်။

အခုတော့ ၂၀၀၉ တွေ အားလုံးစုပေါင်းပြီး ခါးသီးသော နစ်နာမှုတွေအတွက် တောင်းဆိုချက်က နစ်နာမှုကို ကုစားပေတဲ့အနေနဲ့ ၁။ ၂၀၀၉ ခုနှစ်ခန့် ဆရာ၊ ဆရာမတွေ အားလုံးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ကထိကရာထူးတိုးမြှင့်ပေးရန်။ ၂။ ၂၀၀၉ များအတွက် ရာထူးတိုးအမိန့်စာကို သင့်တင့်သောကာလ အပိုင်းအခြားဖြင့် ဆောလျင်စွာ သီးသန့်ထုတ်ပြန်ပေးရန်။ ၃။ မိမိတို့အဆိုပြုလျှောက်ထားသောတက္ကသိုလ်/ ကောလိပ်/ ဒီဂရီကောလိပ်များတွင်သာ ကထိက ရာထူးတိုးမြှင့်ပေးရန်တို့ ဖြစ်ပါတယ်။ တောင်းဆိုချက်တွေရဖို့ ဘာတွေဆက်လုပ်မလဲဆိုရင် လုပ်နိုင်တဲ့နည်းလမ်း အားလုံးကိုလုပ်ပါမယ်။ ပြေရာပြေကြောင်းဖြစ်မယ့် ဆွေးနွေးတင်ပြတောင်းဆိုမှုတွေက စပါမယ်။ အကယ်၍ မရခဲ့ရင် နောက်ဆုံးနည်းလမ်းဖြစ်တဲ့ အများပြည်သူနှင့် နိုင်ငံတော် အစိုးရပိုပြီးသိရှိအောင် ဆန္ဒထုတ်ဖော်မှုမျိုးအထိ လုပ်ကောင်းလုပ်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အစိုးရပုံရိပ်ပျက်အောင် အဲလောက်အထိမလုပ်ရဘဲ ပြီးစေချင်တဲ့ဆန္ဒလည်း ရှိပါတယ်။ နောက်ဆုံးဖြည့်စွက်ချင်တာက ကျွန်တော်တို့ ရာထူးငမ်းငမ်းတက်လို့ အခုလိုပြောနေလုပ်နေရတာမဟုတ်ပါဘူး။ အခြေခံရပိုင်ခွင့် လူ့အခွင့်အရေး ဝန်ထမ်းအခွင့်အရေး ဆုံးရှုံးနစ်နာနေလို့ လုပ်ငန်းခွင်မှာ Brain Pain ဖြစ်နေလို့ ပြောနေရတာပါ။ ဒါကိုတော့ နားလည်ပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

“ရာထူးတိုးဖို့ ၃ နှစ်ကျော် နောက်ကျပြီးမှ တိုးတာကြောင့် နစ်နာခဲ့ကြပါတယ်”
ဦးဝင်းဇော်မျိုးထက် (လက်ထောက်ကထိက၊ ရူပဗေဒဌာန၊ ပဲခူးတက္ကသိုလ်)

၂၀၁၄ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ လုပ်သက် ၃ နှစ်နဲ့ ရာထူးတိုး တင်ခွင့်ပေးတယ်ဆိုပေမယ့် ၂၀၁၅ မှာ လုပ်သက် ၅ နှစ် ၇ လလောက် ရှိနေချိန်မှ ရာထူးတိုး လျှောက်လွှာတင်ခိုင်းခဲ့ပါတယ်။ ၇ လပိုင်း ၂၀၁၅ မှာ ၃ နှစ်မူနဲ့ ရုံးအုပ်ကနေ ညွှန်ကြားရေးမှူးထိ ရာထူးတွေ တိုးပေးခဲ့ပေမယ့်လည်း ၂၀၀၉ ခန့် ဆရာ၊ ဆရာမတွေကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။ အဲဒီနောက်လည်း ရာထူးတိုးလျှောက်လွှာ ၄ ကြိမ်လောက် ထပ်တင်ခိုင်းပေမယ့် မတိုးပေးခဲ့ပါဘူး။ အဲဒီနောက် ကျွန်တော်တို့ နည်းပြ၊ သရုပ်ပြလုပ်သက် ၇ နှစ်ပြည့်ဖို့ ရက်ပိုင်းအလို ၁၂-၈-၂၀၁၆ ရောက်မှ ကျွန်တော်တို့ ထက်လုပ်သက် ၃ နှစ်ခန့်နောက်ကျတဲ့ ၂၀၁၂ ခန့် ဆရာ၊ ဆရာမများနဲ့ Order တစ်စောင်တည်းမှာ တစ်ချိန်တည်း တိုးပေးခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၄ နိုင်ငံ့ဝန်ထမ်းဥပဒေ အကျုံးဝင်ချိန် ကျွန်တော်တို့ လုပ်သက် ၄ နှစ်ကတည်းကဆိုရင် ကျွန်တော်တို့ ၂၀၀၉ ခန့် ဆရာ၊ ဆရာမတွေဟာ ရာထူးတိုးဖို့ ၃ နှစ်ကျော် နောက်ကျပြီးမှ တိုးတာကြောင့် နစ်နာခဲ့ကြပါတယ်။

နစ်နာသူ ၂၀၀၉ ခုနှစ်ခန့် ဆရာ၊ ဆရာမပေါင်း ၁၀၀၀ကျော်ရှိပါတယ်။ ကျွန်တော်တို့ နစ်နာမှုတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီတို့ကို ဆရာ၊ ဆရာမ ၉၀၀ ကျော်လက်မှတ် ထိုးတင်ပြခဲ့ကြပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ဖြေရှင်းခဲ့ဖူးခြင်းမရှိခဲ့ပါဘူး။ အဲဒီအတွက် အခုရာထူးနဲ့ ၃ နှစ်ပြည့်တော့မှာမို့နောက် ကထိကရာထူးတိုးမြှင့် ပေးရတော့မယ့်အချိန်မှာ ကျွန်တော်တို့ရဲ့ ယခင် နစ်နာမှုကို ဖြေလျှော့ပေးဖို့ လက်ထောက်ကထိက ရာထူး ၃ နှစ်ပြည့်ပြည့်ချင်း စက်တင်ဘာလမှာ ရာထူးတိုးမြှင့်ပေးဖို့နဲ့ ယခင်ရာထူးအတူတိုးပေးခဲ့သော ၂၀၁၂ ခန့်ဆရာ၊ ဆရာမများနဲ့ အချိန်ကာလတစ်ခု ခြားပြီးရာထူးတိုးပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

နေဇာကျော်