News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (ဝန်ထမ်းအိမ်ရာ)
21-Mar-2019

လက်တွေ့မြေပြင်အခြေအနေတွင် ကိုယ်ပိုင်ခြံမြေ၊ အိမ်မဆိုထားနှင့် တိုက်ခန်းငှားရမ်းနေနိုင်ဖို့ပင် အနိုင်နိုင် ဖြစ်နေကြရသည့် တက္ကသိုလ်ဆရာ၊ ဆရာမများစွာ ရှိနေသေးသည်။ အခြေခံပညာကဏ္ဍ နယ်ဝေးဒေသများမှ ဆရာ၊ ဆရာမများဆိုလျှင် ဆိုဖွယ်ပင်မရှိပေ။ အစိုးရက တက္ကသိုလ်ဆရာ၊ ဆရာမများ နေထိုင်ရေး အဆင်ပြေရန် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပြီး စည်းကမ်းအလိုက် လျှောက်ထားခွင့်ပေး၊ ရွေးချယ်ကာ နေရာချပေးသည်။ သို့သော် ချပေးသောနေရာများတွင် နေခွင့်ရသူများအနက် အမှန်တကယ်မနေဘဲ အခြားသူများ နေထိုင်နေခြင်း၊ ငှားရမ်းခြင်းများကို စစ်ဆေးရေးအဖွဲ့များကတွေ့ရှိခဲ့၍ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဆရာ အသိုင်းအဝိုင်းကြား စည်းကမ်းနှင့်ပတ်သက်၍ ပြောဆိုစရာဖြစ်လာသည်။ ထိုအခြေအနေများနှင့်ပတ်သက်၍ ဆရာများ၏ သဘောထားအမြင်များကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“အပြင်မှာဖြစ်သလို နေနေရတဲ့ဆရာ၊ ဆရာမတွေ အများကြီးပဲ”
ဒေါက်တာမျိုးမင်း (ဥက္ကဋ္ဌ၊ အိမ်ရာသာယာရေးကော်မတီ) 

ပြီးခဲ့တဲ့သီတင်းပတ်က မင်းဓမ္မဥယျာဉ်အိမ်ရာမှာ အဆင့်မြင့်ပညာဝန်ထမ်း တရားဝင်နေထိုင်ခွင့်ရှိသူတွေကို အမှန်တကယ် နေထိုင်မှုရှိ၊ မရှိ ညဘက်မှာ ဝင်စစ်တာ။ စစ်တဲ့အတိုင်း ကိုယ်တိုင်နေထိုင်တဲ့ ဆရာ၊ ဆရာမတွေ အတိုင်းအတာတစ်ခုပဲ ရှိတယ်။ ဒီဝန်ထမ်းအိမ်ရာတွေက ဒီဇင်ဘာ ၃၀ ရက်တက်နေလို့ ရပေမယ့် အခုထိမနေကြသေးဘူး။ ရန်ကုန်တက္ကသိုလ် ၁၄ ခန်းမှာ အမှန်တကယ် လေးဦးပဲနေတယ်။ ပညာရေး တက္ကသိုလ်နှစ်ခန်းမှာ အမှန်တကယ်နေတာ တစ်ဦးပဲနေတယ်။ အဝေးသင်တက္ကသိုလ် ၁၀ ခန်းမှာ အမှန်တကယ် နေထိုင်တာ ၆ ခန်းနေထိုင်တယ်။ ဒဂုံတက္ကသိုလ် ၅ ခန်းမှာ အမှန်တကယ် လေးခန်းပဲနေတယ်။ အရှေ့ပိုင်းတက္ကသိုလ်အတွက် ၈ ခန်းမှာ အမှန်တကယ် နေထိုင်တာ တစ်ဦးပဲနေတယ်။ နည်းပညာ သန်လျင် တက္ကသိုလ်အတွက် ပေးထားတဲ့အခန်း ၄ ခန်းမှာ တစ်ဦးမှမနေဘူး။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ၁၁ ဦးမှာ အမှန်တကယ် နေထိုင်တာ ၁၀ဦးရှိတယ်။ အဲဒီလိုဖြစ်နေတော့ တရားဝင်နေထိုင်ခွင့်ရတာ ၄၃ ဦးမှာ ဝန်ထမ်း မဟုတ်တဲ့သူ ၂၄ ဦး၊ လုံးဝ မနေတာ ၂၈ ဦးဆိုတော့ ထက်ဝက်ကျော်ကျော်က လူမနေဘူး။ ဆိုတော့ကာ တခြားအိမ်ရာတွေမှာ အဲ့လိုတွေရှိကို ရှိတယ်။ ဒါကြောင့်မို့ တရားဝင် စစ်ဆေးတာမျိုးတွေ ညွှန်ချုပ်ကိုယ်တိုင်က အရေးယူသွားတာမျိုးတွေ လုပ်ဖို့ရှိတယ်။

ဘယ်လိုအရေးယူမလဲဆို ကာယကံရှင်ကိုယ်တိုင် မနေရင် ဖယ်ခိုင်းမယ်။ နောက်တစ်ဆင့်က မီးဖြတ်မယ်။ ရေဖြတ်တာမျိုးတွေ လုပ်ဖို့ရှိတယ်။ တာဝန်ရှိတဲ့ ဆရာ၊ ဆရာမတွေကို အရေးယူသွားတာမျိုးတွေ လုပ်သွားဖို့ရှိပါတယ်။ ဒီလိုမျိုး လုပ်နေတာတွေက အမှန်တကယ် နေစရာမရှိတဲ့ ဆရာ၊ ဆရာမတွေအတွက် လည်းမကောင်းဘူး။ လက်ရှိမှာ နေထိုင်ခွင့်ရဖို့ တင်ထားတာက အကုန်လုံးနီးပါး တင်ထားပေမယ့် နေထိုင်ခွင့်ရတဲ့သူတွေက တကယ် အိမ်မရှိတဲ့သူတွေအပြင်မှာ ဖြစ်သလို နေနေရတဲ့ဆရာ၊ ဆရာမတွေ အများကြီးပဲ။ ဒါကြောင့်မို့ တကယ် လိုအပ်နေတဲ့သူ အများကြီးထဲကနေ သေချာစိစစ်ပြီး ပေးထားတာ။ အခုက ပညာရေးရပ်ကွက်ကနေ အရပ်သားရပ်ကွက် ဖြစ်သွားလိမ့်မယ်။

အရေးယူမှုတွေလုပ်မှ တရားမဝင် ငှားစားထားတာတွေ ပပျောက်သွားမယ်။ လက်ရှိမှာ ဆရာ၊ ဆရာမတွေကလည်း ငှားစားထားတယ်ဆိုတာက ငွေရေး၊ ကြေးရေး အဆင်မပြေတာတွေကြောင့်ပါ ဆိုပေမယ့် အမှန်တကယ် နေထိုင်ဖို့လိုအပ်နေတဲ့ ဆရာ၊ ဆရာမတွေ များနေတဲ့အချိန်မှာ ငှားစားထားဖို့အတွက်ဆိုတော့ မကောင်းဘူးပေါ့။ ဒီလိုတွေ မဖြစ်စေချင်လို့ စည်းကမ်းချထားရေး ကော်မတီနဲ့ တခြားဝန်ထမ်းအိမ်ရာတွေမှာလည်း သွားရောက်စစ်ဆေးတာမျိုးတွေ လုပ်သွားဖို့ရှိပါတယ်။ တခြားနေရာတွေမှာလည်း ဒီလိုတွေ ဖြစ်နေတာတွေ အများကြီးရှိမှာပဲ။ အခုစစ်တယ်ဆိုတာက မင်းဓမ္မအိမ်ရာ တစ်ခုတည်းပဲ ရှိသေးတာ။ အဓိက အရေးယူတယ်ဆိုတာကလည်း အမှန်တကယ် နေထိုင်စေချင်လို့ပါ။

“မလုပ်အပ်တဲ့အလုပ်မျိုး လုပ်လိုက်တာဆိုတော့ တော်တော် ဆိုးပါတယ်”
ဒေါက်တာဇော်မျိုးလှိုင် (ကထိက၊ ရူပဗေဒဌာန၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)

နေထိုင်ခွင့်ရှိသူတွေကတော့ ရာထူးအလိုက်ရယ်၊ လုပ်သက်ရယ်၊ မိသားစုဝင် အရေအတွက်ရယ် စသဖြင့် အမှတ်ပေးဇယားဆွဲပြီး ရမှတ်အလိုက်ပေးတယ်လို့ သိထားရပါတယ်။ လက်ရှိ သိထားရတဲ့ သတင်းအရတော့ ဝန်ထမ်းကိုယ်တိုင် နေထိုင်တာရှိသလို လုံးဝ မနေထိုင်သူတွေလည်း ရှိနေပါသေးတယ်။ အဲဒီအထဲမှာမှ ဝန်ထမ်းမိသားစု မဟုတ်တဲ့သူတွေ နေထိုင်နေတယ်လို့ စိစစ်ရေးကော်မတီက စစ်ဆေးတွေ့ရှိထားတယ်လို့သိရတယ်။

ရထားတဲ့အခန်းတွေကို အငှားတင်တာလား၊ ဆွေမျိုးတွေ တင်ထားလားတော့ မပြောတတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါမျိုးတော့ မဖြစ်သင့်ပါဘူး။ ဆရာ၊ ဆရာမ အားလုံးအတွက် အိမ်ခန်း အလုံအလောက် မရသေးချိန်မှာ ကိုယ်ချင်းစာစိတ် ရှိစေချင်တာပါ။ ဒါဟာ ဝန်ထမ်းအတွက် ရပိုင်ခွင့်ဆိုပေမယ့် အမှန်တကယ် အခက်အခဲ ဖြစ်နေသူတွေအတွက်ကျ မတရားရာကျပါတယ်။ အရေးယူမှုပုံစံအနေနဲ့ကတော့ ကျွန်တော် မပြောလိုပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စီမံကြပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ကတော့ လက်ရှိနေစရာ အခက်အခဲဖြစ်နေတဲ့အတွက် လက်ကျန်အခန်း အားလုံး အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်ပေးဖို့ သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီကို တိုက်တွန်းပြီး ဆရာ၊ ဆရာမတွေကို အမြန်ဆုံး နေရာချထား ပေးစေချင်ပါတယ်။ လျှောက်ထားထားပါတယ်။ အမှတ်ပေးဇယားအရတော့ အလှည့်ကျဖို့ နီးလာပြီထင်ရတာပါပဲ။

တချို့ကျောင်းတွေမှာကတော့ ဆိုင်ရာလိုင်းခန်းတွေရှိပေမယ့် မိသားစုနဲ့ကျောင်းသားအရွယ် သား၊ သမီးရှိသူတွေကျတော့ ကျောင်းတွေမှာရှိတဲ့အခန်းက အခက်အခဲရှိတာပေါ့။ ကလေးတွေကျောင်းထားဖို့ အခက်အခဲဖြစ်တယ်။ အခု မင်းဓမ္မအိမ်ရာဆိုရင်တော့ အများစုက နေချင်ကြတယ်။ ဒီတော့ ဝန်နဲ့အား မမျှဖြစ်နေတာပေါ့။ ဒီတော့ လိုအပ်ချက်ပြည့်မီအောင် အခန်းတွေ တိုးဆောက်ဖို့ သက်ဆိုင်ရာကို စီစဉ်စေချင်ပါတယ်။ ခက်တာက ကျွန်တော်တို့ တက္ကသိုလ်ဆရာဘဝက အလှည့်ကျ နယ်ပြောင်းရတယ်။ အချိန်တန်လို့ နယ်ကနေ ပြန်ဝင်လာရင် ဒီမှာ နေစရာ အခက်အခဲ ရောက်ကြရတယ်။ ရန်ကုန် အိမ်ငှားစရိတ်က ရတဲ့လခတစ်ဝက်လောက်ကုန်တော့ မိသားစု အခက်အခဲဖြစ်တာပေါ့။ တချို့က အိုးပိုင်၊ အိမ်ပိုင် ရှိကြပါတယ်။

သူတို့ ရပိုင်ခွင့်အရ အစိုးရအိမ်ခန်းယူခွင့်ရှိပါတယ်။ ငှားစားမယ်ဆိုရင်တောင် သူတို့ဒီမှာလာနေပေါ့။ ကိုယ်ပိုင်အိမ် ငှားစားချင်စားပေါ့။ ဒါမျိုးဆို လက်ခံပေးလို့ ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ ငါ့ရာထူးကြောင့် ရတဲ့အခန်း ငါငှားစားမှာပေါ့ဆိုတဲ့ လုပ်ရပ်မျိုးက မလုပ်အပ်တဲ့ အလုပ်မျိုး လုပ်လိုက်တာဆိုတော့ တော်တော် ဆိုးပါတယ်။

“အိမ်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့တော့ လိုပါတယ်”
ဒေါက်တာသင်းသင်းလတ် (အတွင်းရေးမှူး၊ အိမ်ရာသာယာရေးကော်မတီ)

C 10 မှာ နေခွင့်ရသူတွေက ပါမောက္ခတွေနဲ့ တွဲဖက်ပါမောက္ခတွေပါ။ အိမ်ခန်းလျှောက်ထားတုန်းက တင်ပြခဲ့တဲ့ သန်းခေါင်စာရင်းအတိုင်းသာ နေထိုင်ရပါမယ်။ အဓိကအချက်က အိမ်ခန်းကို ငှားရမ်းတာမျိုး မပြုရပါဘူး ဆိုတဲ့အချက်လည်း ပါပါတယ်။ အိမ်ခန်းမှာ စီးပွားရေး မလုပ်ရဆိုတဲ့ စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ တခြား ဝန်ထမ်းအိမ်ရာတွေမှာ ငှား၊ မငှားတော့ အတိအကျ မသိပါဘူး။ သက်ဆိုင်ရာ အိမ်ရာကော်မတီက ညွှန်ကြားချက်အတိုင်း စစ်ဆေးသင့်ပါတယ်။ ချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာနိုင်မှ အိမ်ရာ လျှောက်ထားသင့်ပါတယ်။ အိမ်ခန်းရရှိခဲ့ရင်လည်း အိမ်ရာစည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာဖို့တော့လိုပါတယ်။ စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့ရင်တော့ ထိုက်သင့်တဲ့ အရေးယူခံရမှာပါ။ အရေးကြီးဆုံးအချက်က အိမ်ခန်းနေရာချထားရေး ကော်မတီကလည်း အိမ်ခန်းများ ချထားပေးရာမှာ သေချာစိစစ်ပြီးမှ ချထားပေးသင့်ပါတယ်။ မင်းဓမ္မဥယျာဉ်အိမ်ရာမှာ ဆောက်လုပ်ပြီးစီးသွားတဲ့ C 10 နဲ့ C 15 မှ အိမ်ခန်းပေါင်း ၁၈၀ ကျော်ကို ၂၀၁၈ခုနှစ် နိုဝင်ဘာလမှာ ချထားပေးခဲ့ပါတယ်။ နောက်ထပ် ဆောက်လုပ်ပြီးစီးသွားတဲ့ အိမ်ခန်းများကို ၂၀၁၉ ခုနှစ် ဧပြီလနောက်ပိုင်းမှာ ထပ်မံချထားပေးမယ်လို့ သိရပါတယ်။ ဒါကြောင့် နေရေးထိုင်ရေး အခက်အခဲရှိတဲ့ ဆရာ၊ ဆရာမတွေ မကြာခင်မှာ အိမ်ခန်းရရှိနိုင်မယ်လို့ ထင်ပါတယ်။

ဆရာ၊ ဆရာတွေအနေနဲ့လည်းရရှိထားတဲ့ အိမ်ခန်းကို ကိုယ်တိုင် နေစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မနေဘဲ ငှားရမ်းခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေ ပေါ်ပေါက်လာနိုင်တယ်။ ဥပမာ - လုံခြုံရေးကိစ္စမျိုးပေါ့။ တချို့က နေစရာရှိရက်နဲ့ လျှောက်ကြလို့ အိမ်ခန်းရကြတယ်။ အဲဒီတော့ရတဲ့အခန်းက ပိုနေလို့ငှားစားတယ်။ တချို့က အမှန်တကယ် လိုအပ်လို့လျှောက်ထားပြီး အိမ်ခန်းရပေမယ့် တချို့သူ မနေဘူးဆိုတာက အိမ်ခန်း (ကွန်ဒို) မှာနေမယ်ဆိုရင် လစာရဲ့ ၅% ကို လစာထဲကဖြတ်မယ်။ ကိုယ်သုံးတဲ့ ရေ မီတာခနဲ့ လျှပ်စစ်မီတာခ ပေးရမယ်။ ဘုံသုံးတဲ့မီတာခတွေ ပေးရမယ်။(အလွှာလိုက် စြင်္ကံမီး + ဓာတ်လှေ ကားမီး + အိမ်ရာဝင်းထဲ တပ်ထားတဲ့မီး) ဝန်ဆောင်စရိတ် (လုံခြုံရေးဝန်ထမ်း+ သန့်ရှင်းရေးဝန်ထမ်း၊ ရေမီတာ၊ လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ဝန်ထမ်း ငှားရမ်းခများ + ဓာတ်လှေကားပြင်ဆင် ထိန်းသိမ်းရေး) စက်ပစ္စည်းချွတ်ယွင်းရင် ပြင်ဆင်တပ်ဆင်စရိတ်တွေကို ကျခံရမှာဖြစ်တယ်။ ဒီကုန်ကျစရိတ်တွေကျခံဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ထင်တယ်။

ခိုင်ချယ်ရီထွန်း