News

POST TYPE

EDUCATION

ဆရာနှင့် သူ၏ ကျောင်းသားများ
14-Mar-2019


ဆရာအမျိုးမျိုးရှိသည်။ တပည့်များလည်း အမျိုးမျိုး ရှိသည်။ ဆရာအမျိုးမျိုးကိုတော့ သရုပ်မခွဲလိုတော့ပါ။ တပည့်အမျိုးမျိုး ရှိသည့်အနက် အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာကြည့်ရာ သုံးမျိုး သုံးစား တွေ့ရသည်။

ပထမတစ်မျိုးမှာ မိဘက ကြွယ်ပိုးကြွယ်ဝ ချမ်းသာသည်။ လိုလေသေးမရှိ ပံ့ပိုးနိုင်သည်။ (ထိုအမျိုးအစားတွင် ကြိုးစားပမ်းစား သင်ယူလိုသူရှိသည်။ သို့သော်နည်းသည်) ဒုတိယအမျိုးအစားတွင် မရှိမရှား လူလတ်တန်းစားများမှ မွေးဖွားသူများဖြစ်သည်။ (ထိုမိဘတို့၏ သားသမီးများတွင် ပညာတတ်ဖြစ်လိုသူနှင့် သာမန်အဆင့်ရှိသူ မျှတနေတတ်ပါသည်။) တတိယအမျိုးအစားတွင် မိဘအများစုမှာ ပြည့်စုံသူများ မဟုတ်ကြပါ။ (ထိုမိသားစုဝင်ကလေး အများစုသည် စာလိုချင်၍ ကိုယ်ထူးကိုယ်ချွန် ကြိုးစားလိုသော ကျောင်းသားအများစု ဖြစ်နေတတ်သည်။)

ကျောင်းအမျိုးအစားကို ကြည့်လျှင်လည်း နေရာဒေသအလိုက် ကွာခြားတတ်သည်။ မြို့တွင်း Down Town ဧရိယာအတွင်းရှိ နာမည်ကြီးကျောင်းများ။ မြို့စွန် Country Side တွင်ရှိသော ကျောင်းများနှင့် နယ်ကျောင်းများပင်ဖြစ်သည်။ Down Town ဧရိယာအတွင်းရှိ ကျောင်းအများစုမှာ အကောင်းစားကျောင်းများ ဖြစ်ကြသည်။ ကူညီပံ့ပိုးပေးနိုင်သူများသည်။ ထိုကျောင်းများတွင် တက်ရောက်ခွင့်ရရန်မလွယ်။ ကြွယ်ဝချမ်းသာသူများ အများစု တက်ရောက်သင်ယူနေကြသည်။ Down Town မဟုတ်သော်လည်း အတန်သင့်နာမည်ရကျောင်းများရှိသည်။ ထိုကျောင်းများတွင် လူလတ်တန်းစားအများစု တက်ရောက်ကြသည်။ အစွန်အဖျားကျောင်းများတွင်မူ အခြေခံလူတန်းစားအများစုတို့၏ သားသမီးများ တက်ရောက်ကြသည်။ အစွန်အဖျားတွင်ရှိသော်လည်း ငွေကြေးတတ်နိုင်သူများ မြို့တွင်းကျောင်းများသို့ ရောက်ကြ၏။

Down Town ဧရိယာအတွင်းရှိ နာမည်ကြီးကျောင်းများတွင် မသင်ဖူးပါ။ စာရေးသူနှင့် ပညာရေးတက္ကသိုလ် အတူတက်ရောက်ခဲ့ဖူးသည့် သူငယ်ချင်းက သင်ခဲ့ဖူးသည်။ သူ့အတွေ့အကြုံကိုမေးကြည့်မိသည်။ သူက အခန်း A ကို ကိုင်ရသူဖြစ်သည်။ အလွန်သက်သာသည်ဟုပြောသည်။ ရုံးအလုပ်တော့ ကူလုပ်ပေးရသည်။ အကြောင်းမှာ စာသင်ချိန် သိပ်မဝင်ရပါ။ အားလုံးက ငွေကြေးချမ်းသာသူများသာဖြစ်သည်။ A ခန်းသည်ပင် ကျောင်းသား ၈၀ ကျော်ရှိသည်။ အခန်းထဲတွင် မိမိတို့နှစ်သက်ရာ ဘာသာရပ်ကို ကိုယ်တိုင်လေ့လာရုံသာ။ မသိ၍ မေးချင်လျှင်သာ မေးရန်ဖြစ်သည်။ ၎င်းကျောင်းသားများ (A ခန်း) မှာ အပြင်တွင် ပါမောက္ခများ၊ တက္ကသိုလ်ဆရာများ နာမည်ကြီး ကျူရှင်ဆရာများဖြင့် ဝိုင်းဖွဲ့သင်ကြားနေသူများဖြစ်သည်။ ကျောင်းမှာ အမည်ခံရုံသက်သက်ဖြစ်သည်။

နာမည်အသင့်အတင့်ရှိသည့် ကျောင်းများတွင်မူ ဆရာ၊ ဆရာမများမှာ အတန်းဝင်ရစာသင်ရသည်။ ထိုကလေး အများစုမှာလည်း အပြင်တွင် မိမိတို့တစ်ပိုင် တစ်နိုင် တတ်နိုင်ရာရာ ကျူရှင်ဂိုက်ယူကြသည်။ ကျောင်းက ဆရာ၊ ဆရာမ သင်သမျှကိုလည်း လိုက်နာသင်ယူကြသည်။ ရံဖန်ရံခါတွင် ထိုကလေးများတွင် အခက်အခဲရှိသည်။ ကျောင်းကဆရာ၊ ကျူရှင်ဆရာတို့က သင်ပုံမတူ။ တွက်နည်းမတူ။ ရှင်းပြပုံချင်း မတူကြ။ အချို့မှာ ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် အောင်မှတ်ပင် မရကြတော့ (ဥပမာ) သင်္ချာဘာသာရပ်။

စာရေးသူမှာ မြို့တွင်းနာမည်ကြီးမဟုတ်သည့် မြို့နယ်တစ်ခုတွင် သင်ကြားဖူးသည်။ အခြေခံ လူတန်းစား အတော်များများရှိသော ဝန်းကျင်ဖြစ်သည်။ အတန်သင့် တတ်နိုင်သူများလည်းပါသည်။ ကျောင်းသားအများစုတတ်နိုင်သည့် ကိုယ်ပိုင်ကျောင်းဖြစ်သည်။ ၁၀ တန်း ၃၊ ၄ ခန်းရှိသည်။ ၉ တန်း ၂ ခန်းရှိသည်။ တစ်ခန်းလျှင် လူဦးရေ ၄၀၊ ၅၀ ခန့်စီရှိသည်။ ကလေးအများစုက လိုချင်သည်။ ဆရာသင်ပေးသမျှ အမိအရယူကြသည်။ ၂၀ ရာခိုင်နှုန်းလောက်သာ ပေါ့ပေါ့ဆဆရှိကြသည်။ ပထမဆုံးပြောခဲ့သည့် ကျောင်းဆိုလျှင် ဆရာ၊ ဆရာမပင် မလို။ တတ်နိုင်သူများမို့ အပြင်ကို လုံးဝအားကိုးကြသည်။ အတန်သင့်နာမည်ရကျောင်းများတွင်မူ ဆရာ၊ ဆရာမလည်း စာသင်ရသည်။ အပြင်တွင်လည်း သင်ယူကြသည်။

စာရေးသူ သင်ရသည့်ကျောင်းမှာ ဆရာ၊ ဆရာမအပေါ် လုံးဝ မူတည်နေသည်။ အပြင်တွင် သီးသန့် ငွေကြေး ကုန်ကျခံသူများမဟုတ်။ သို့ဖြစ်၍ ကျောင်းကလည်း ဘာသာရပ်ဆရာတစ်ဦးထက်မကပင် အပိုင်းခွဲ၍သင်ပေးလေသည်။ ထူးသည်က ထိုကလေးများ၏ ကြိုးစားမှု၊ ဆရာ၊ ဆရာမ သင်သမျှနှင့် မရောင့်ရဲ။ သိလိုသမျှမေးသည်။ ဤသည်မှာလည်း ဆရာ၊ ဆရာမက ရဲရဲဝံ့ဝံ့ဖြစ်စေရန် လမ်းခင်းပေးထားသောကြောင့် ဖြစ်သည်။ မည်သည့်သင်ခန်းစာပင် သင်သင် ပေါ့ပေါ့ဆဆ သင်၍မရ။ ဆရာ၊ ဆရာမအပေါ် ရိုသေကိုင်းရှိုင်းမှုကလည်း ကောင်းလှသည်။ မြို့တွင်းကျောင်းများနှင့်တော့ ကွာလွန်းလှသည်။

တစ်ခါကဖြစ်သည်။ အရှေ့တောင်အာရှဆယ် နိုင်ငံအကြောင်း သင်ရသည်။ တစ်ခြားနိုင်ငံတွေ အကြောင်းသင်သည့်အခါ စိတ်ဝင်စားရုံအဆင့်သာ ရှိသည်။ မြန်မာနိုင်ငံအကြောင်း သင်သည့်အခါ လှုပ်လှုပ်ရွာရွာဖြစ်လာသည်။ ကိုယ့်နိုင်ငံမို့ ပိုစိတ်ဝင်စားခြင်းလော။ မဟုတ်နိုင်။ အကြောင်းကား မြန်မာနိုင်ငံကို Golden Land ဟုခေါ်သည်။ လက်ခံကြသည်။ ရွှေရောင် ပြိုးပြိုးပြက်ပြက် လက်နေသည့်နိုင်ငံ။ ထို့နောက် Vast Track of Tember ဟု သင်ရသည်။ ကြီးမားကျယ်ပြန့်သော သစ်တောများရှိသည်။ ကျောင်းသားများ ပြုံးစိစိ။ မြန်မာနိုင်ငံတွင် တစ်ချိန်ကရှိခဲ့သည့် သစ်တောဧရိယာ ၄၇ ရာခိုင်နှုန်းပင် မရှိတော့။ ကားကြီး၊ ကားငယ် အသွယ်သွယ်နှင့် နေ့စဉ် ခိုးထုတ်ခံနေရသည်။ တစ်ခါလာပြန်ပြီး Huge Mineral Resources ကြီးမားသော သဘာဝသယံဇာတများ။ သည်တစ်ခါ ကျောင်းသူများပင် ပြုံးကြ၏။ နိုင်ငံအတွင်း၌ သယံဇာတကျိန်စာပင် သင့်နေချေပြီ။ နိုင်ငံကိုပင်အလယ်မှ ပိုင်းဖြတ်၍ သယ်ဆောင်နေကြ၏။ တောင်ကတုံးဖြစ်ကာ ဂေဟစနစ်ပါ ပျက်စီးနေလေပြီ။ မည်ကဲ့သို့ ဂုဏ်တင်၍ ရှင်းပြကြရမည်နည်း။ မည်သူ့ကိုလက်ညှိုးထိုးပြရမည်နည်း။

တစ်ဖန်စကားလုံး တစ်လုံး Hospitality။ မြန်မာလူမျိုးတို့၏ ပျူငှာဖော်ရွေသော ရင်းနှီးချစ်ခင်စရာကောင်းမှုတို့ကို ဖော်ကျူးထား၏။ လွန်ခဲ့သော နှစ် ၃၀၊ ၄၀ က မြန်မာနိုင်ငံ၏ အခြေအနေများက အမှန်ပင်မြတ်နိုးဖွယ်ရာ ချစ်ခင်စရာပါပေ။ နောက်ထပ် အင်္ဂလိပ်စာတစ်ကြောင်း။ Ayeyawaddy is The Life Blood of Myanmar ဟူ၏။ ဤစာကြောင်းကို အမိအရရှင်းပြချင်သည်။ အမိဧရာဝတီသီချင်းပင် ညည်းပြလိုက်ချင်သည်။ သို့သော် မထင်မှတ်ထားသည့် မေးခွန်းတစ်ခု။

“ဒီလောက်တောင် နိုင်ငံ့အသက်သွေးလို့ မှတ်ယူရမယ့် ဧရာဝတီကို ပျက်စီးအောင် မြစ်ဆုံရေကာတာကို ဘာကြောင့်များ ခွင့်ပြုဖို့လုပ်ခဲ့ကြတာလဲ”ဟူ၏။ အချို့ကလေးက နှံ့နှံ့စပ်စပ်ရှိသည်။ အချို့ကလေးက စာပေဖတ်သည်။ ဗဟုသုတရှိသည်။ သူတို့သိချင်သည့်မေးခွန်းကို သူတို့ခင်မင်သည့် ဆရာဆိုလျှင် ပွင့်ပွင့်လင်းလင်း မေးတတ်သည်။ စာရေးသူတို့ ဘယ်လို အဖြေမျိုး ပေးကြရမည်နည်း။ ကလေးများ သင်နေရသည့်သင်ရိုးက အလွန်ပင် ဟောင်းနွမ်းစုတ်ပြတ်နေသည်။ ဤသို့သော သင်ခန်းစာများမှ မည်သို့သော မျိုးချစ် စိတ်မျိုးရစေနိုင်ပါမည်နည်း။ သမိုင်းအစစ်အမှန် အချက်အလက်မှန်များ မသိသရွေ့ မိမိနိုင်ငံ၊ မိမိရေမြေဒေသကို အလေးထား မြတ်နိုးတွယ်တာစိတ်များ ခေါင်းပါးနေဦးမည်သာပင်။ အာဆီယံ ၁၀ နိုင်ငံတွင် အခြားနိုင်ငံများအကြောင်းလည်းသင်ရသည်။ ယင်းနိုင်ငံများ၏ လက်ရှိအခြေအနေများနှင့်လည်း ကွာဟနေမည်သာဖြစ်သည်။ သို့သော် တော်ပါသေးသည်။ ကလေးများ လက်လှမ်းမီချင်မှ မီပါလိမ့်မည်။ ပြဋ္ဌာန်းစာအတိုင်း ခပ်ပါးပါး သင်လိုက်လျှင် ပြီးသွားနိုင်ပါသည်။ မှန်းချက်နှင့် နှမ်းထွက် လွဲပါချေပြီ။ ကလေးများကို မေးကြည့်ရာ စာရေးသူပင် မရောက်နိုင်သေးပါ။ ကလေးအချို့မှာ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများသို့ အကြိမ်ကြိမ်။ တပည့်များက ပြောသေးသည်။ သင်နေရတာတွေက Out of Date။ သားတို့ရောက်သွားတဲ့ နိုင်ငံတွေဟာ သိပ်ကိုတိုးတက်နေကြပြီ။ ပြဋ္ဌာန်းစာအုပ်နဲ့ တခြားစီပဲတဲ့။ (ကလေးတွေဆိုပြီး ဝါးချလို့ မရတော့ပါဘူး)

ဤကလေးများသည် အနာဂတ်မျိုးဆက်များဖြစ်သည်။ ဤကလေးများ၏ စိတ်ထဲတွင် မည်ကဲ့သို့သော အမှန်တရားကို ပေးလိုက်ကြမည်နည်း။ လက်တွေ့ဘဝနှင့် လွဲမှားစွာ ကွဲလွဲနေသည့် အသိအမြင်များကို နှစ်ပေါင်းများစွာ ဖိသိပ်ခဲ့ကြပြီးလေပြီ။ မည်သို့ တည့်မတ်ပေးနိုင်မည်နည်း။ ကလေးများသင်နေရသည့် သင်ရိုးများသည် ကလေးများ၏စိတ်ဓာတ် (Mind Set)ကို အများကြီး ပြောင်းလဲပေးနိုင်ပါသည်။ သို့ရာတွင် ကလေးများ၏စိတ်တွင်းသို့ လက်တွေ့ဘဝနှင့် ထင်ဟပ်နေသည့်ပုံရိပ်များကိုသာ ပေးသင့်သည်။ အမှန်တရားပေါ် အခြေခံ၍ ဖြစ်ထွန်းပေါ်ပေါက်လာမည့် တိုင်းချစ်၊ ပြည်ချစ်စိတ်ကို ဖော်ဆောင်ကြရမည်။ စစ်မှန်သောမျိုးချစ်စိတ်သည် မှန်ကန်သော အဖြစ်အပျက် အကြောင်းတရားများ အပေါ်တွင်သာ ရှင်သန်ပေါက်ဖွားနိုင်ပါသည်။ ကျောင်းပြဋ္ဌာန်းစာကို အလွတ်ကျက် အာဂုံဆောင်။ မှားသည် မှန်သည်မသိ။ ခေတ်တွေ မည်မျှနောက်ကျနေသည်မသိ။ ဤသို့သော မျိုးဆက်များရှိနေသကဲ့သို့  အမှန်တရားကိုရှုမြင် ခေတ်နှင့်အမီ ရင်ပေါင်တန်းလိုက်ချင်နေသည့် မျိုးဆက် အများအပြား ရှိနေကြသည်ဆိုလျှင် ...။

တာဝန်ယူမှု တာဝန်ခံမှုထွန်းကားသော ဒီမိုကရေစီစနစ်တွင် မည်သူတို့တွင် တာဝန်ရှိသနည်း။ နှစ်ပေါင်းများစွာ ဟောင်းနွမ်းဆွေးမြည့်နေသည့် သင်ရိုးများကို သင်နေရသည်မှာ သင်ရိုးအဖွဲ့တွင်ပင် တာဝန်ရှိသလော။ ပညာရေးသုတေသနအဖွဲ့များ ဖွဲ့စည်းပုံ အခိုင်အမာရှိနေသည်။ မည်သည်တို့ကို သုတေသန ပြုနေကြသနည်း။ နှစ်ပေါင်းများစွာ မည်သည့်အမှုအလုပ်များ လုပ်ကိုင်ဆောင်ရွက်နေကြပါသနည်း။ ယနေ့ခေတ်သည် တစ်နှစ်နောက်ကျလျှင် ၁၀ နှစ်လိုက်၍ မမီသောခေတ်ဖြစ်နေသည်ကို သတိထားမိစေလိုသည်။

ဒီမိုကရေစီအစိုးရ တက်လာသည်မှာပင် သုံးနှစ်တင်းတင်းပြည့်လေပြီ။ ဒီမိုကရေစီ အတွေးအခေါ် စိတ်ဓာတ်များ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်မည့် အသိအမြင် ဗဟုသုတများ၊ စံမီသောသင်ရိုးများ သင်ပြနည်းများ မည်မျှသွတ်သွင်းနိုင်ကြပြီလဲ။ နောင်တက်လာမည့် မျိုးဆက်များကိုမှ စစ်မှန်သည့်ပညာရေး အမွေမပေးနိုင်ခဲ့လျှင် မိမိတို့ တည်ဆောက်လိုသည့် အနာဂတ်နိုင်ငံတော်အတွက် ရင်လေးနေရဦးမည်သာ ဖြစ်သည်။

ခင်မောင်ဌေး (ပညာရေး)