News

POST TYPE

EDUCATION

အာရှ၏ ထိပ်ဆုံးနေရာတက်လာသော စင်ကာပူနိုင်ငံ ပညာရေး
09-Mar-2019


NUS (National University of Singapore) တက္ကသိုလ်မှ Civil & Structual Engineering ဌာနသည် ကင်းဘရစ် တက္ကသိုလ်နှင့် ကာလီဖိုးနီးယားတက္ကသိုလ်တို့ကို ကျော်တက်သွားပြီး အင်ဂျင်နီယာ ဌာနများထဲတွင် ကမ္ဘာ့အဆင့် နံပါတ် ၂ နေရာကို ရောက်သွားပြီဆိုခြင်းက စင်ကာပူအတွက် အားတက်စရာ တစ်ခုဖြစ်လာသည်။ 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် Quacquarelli Symonds (QS) ပညာရေးအဆင့် သတ်မှတ်ချက်တွင် ကမ္ဘာ့တက္ကသိုလ်များ၏ ဘာသာရပ် ဆိုင်ရာအဆင့် သတ်မှတ်ချက်၌ စင်ကာပူသည် ထိပ်တန်းကို ရောက်လာခြင်းဖြစ်သည်။ သူ့ထိပ်တွင် အမေရိကန်ပြည်ထောင်စုမှ MIT (Massachusetts Institute of Technology) တက္ကသိုလ်တစ်ခုတည်းသာ ရှိတော့သည်။ ယမန်နှစ်က NUS သည် ကမ္ဘာ့အဆင့် သတ်မှတ်ချက် နံပါတ် ၆ နေရာတွင် ရှိနေရာမှ ယခုအခါ နံပါတ် ၂ နေရာကို ရောက်လာခြင်းဖြစ်သည်။ အာရှတွင် စင်ကာပူနိုင်ငံ၏ ဘာသာရပ်ဆိုင်ရာ သင်ကြားမှုအဆင့်အမြင့်ဆုံးဖြစ်နေသည်။

ဘာသာရပ်ဆိုင်ရာ ဌာနအလိုက် အမြင့်ဆုံးသတ်မှတ်ချက်ကို ကမ္ဘာ့တက္ကသိုလ်ကြီး ၁၄ ကျောင်းတွင် သတ်မှတ်ရာ၌လည်း NUS က ဌာန ၉ ခုပါဝင်ပြီး၊ NTU (Nanyang Technological University) က ၅ ခု ပါဝင်နေသည်။ ထိုအရေအတွက်သည် တရုတ်နိုင်ငံထက်လည်း စင်ကာပူက သာနေသည်ဆိုသည့် အချက်ကို ပြနေသည်။ တရုတ်က ဌာန ၄ ခု၊ ဟောင်ကောင်နှင့် ဂျပန်က ၃ ခုစီသာ ထိပ်တန်းဌာနများနေရာကို ရောက်လာသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ 

စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များသည် တကယ်အလုပ်လုပ်နေသည့် တက္ကသိုလ်များဖြစ်ကြသည်။ ဘာသာရပ်ဆိုင်ရာ ဌာနပေါင်း ၇၆ ခုဖွင့်လှစ်သင်ကြား ပေးနေသည့်အနက် ၄၁ ဌာနလောက်က ကမ္ဘာ့အဆင့်တွင် အမြင့်ဆုံး သင်ကြားနိုင်သော ဌာနများအဖြစ် သတ်မှတ်ခြင်းခံနေရသောကြောင့် တရုတ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဂျပန်တို့ကိုပါ ကျော်ဖြတ်သွားနိုင်ပြီဟု ဆိုရမည် ဖြစ်သည်။ 

စင်ကာပူနိုင်ငံသည် Material Science ဘာသာရပ်တွင်လည်း ကမ္ဘာ့အကောင်းဆုံး တတိယနေရာတွင် ရှိနေစေရန် NTU က ထိန်းသိမ်းနိုင်ခဲ့သည်။ ပထမနေရာတွင် MIT တက္ကသိုလ်က ရှိနေပြီး၊ ဒုတိယနေရာတွင် Stanford တက္ကသိုလ်က ရှိနေသည်။ Business & Management ဘာသာရပ်တွင် စင်ကာပူနိုင်ငံမှ SMU (Singapore Management University) သည် ထိပ်တန်း ၅၀ စာရင်းဝင်ပြီး အဆင့် ၄၁ ချိတ်ထားသည်။

တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် ထိပ်တန်း ၁၀ မှ ၂၀ အတွင်း ဝင်လာရန် မနည်းကြိုးပမ်းနေရချိန်တွင် စင်ကာပူကတော့ နံပါတ် ၅ အောက်ကို မရောက်စေရန် ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ပြင် စင်ကာပူနိုင်ငံမှ တက္ကသိုလ်တက်သည့် ဘွဲ့ရအရေအတွက်ကလည်း နှစ်စဉ်တိုးနေသည်။ ထို့ကြောင့် အလုပ်အကိုင်အခွင့် အရေးရှာဖွေပေးရန် ကုမ္ပဏီများ၏ မျက်စိကျစရာ နေရာတစ်နေရာလည်း ဖြစ်လာသည်။ 

အဓိကအကြောင်းမှာ စင်ကာနိုင်ငံ၏ အဆင့်မြင့် ပညာရေးအပေါ်တွင် အလေးထားကာ မြှင့်တင်ပေးနေမှုနှင့်လည်း သက်ဆိုင်သည်။ စင်ကာပူသည် အနာဂတ်တွင် အလုပ်အကိုင်အခွင့်အရေးလမ်းကြောင်း ဖော်ပေးမည့် ကမ္ဘာ့ဗဟိုချက်မ နိုင်ငံတစ်နိုင်ငံဖြစ်လာရန်လည်း ကြိုးပမ်းနေသဖြင့် ပညာရေးဖြင့် ခေတ်မီအောင် အမှန်တကယ်တည်ဆောက်နေသည့် နိုင်ငံတစ်နိုင်ငံဟုလည်း ဆိုနိုင်သည်။ နိုင်ငံအတွင်းရှိ တက္ကသိုလ်များအနေနှင့် အပြိုင်အဆိုင် ဖွံ့ဖြိုးစေရန် ကြိုးစားနေမှုများက စင်ကာပူကို ကမ္ဘာအလယ်တွင် ဂုဏ်မြင့်စေရန် လုပ်ဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

QS အနေနှင့် အဆင့်မြင့်ပညာရေးတွင် မည်သည့် နိုင်ငံသည် အကောင်းဆုံးအကောင်အထည်ဖော်နေကြောင်း သိနိုင်ရန်အတွက် တက္ကသိုလ်ပေါင်း ၁၂၀၀ ကို နိုင်ငံပေါင်း ၇၈ နိုင်ငံတွင် လေ့လာခဲ့ရပါသည်။ ဘာသာရပ်ဆိုင်ရာ ၄၈ မျိုးကို အဖွဲ့ငါးဖွဲ့ ဖြင့် စစ်ဆေးခဲ့ကြသည်။ ပညာရှင်ပေါင်း ၈၃၀၀၀ နှင့် လုပ်ငန်းရှင် ပေါင်း ၄၂၀၀၀ ထံမှ ဆန္ဒမဲများ တောင်းခံခဲ့သည်။ အကိုးအကား ကျမ်းပေါင်း သန်း ၁၅၀ နှင့် ပညာရပ်ဆိုင်ရာစာတမ်းပေါင်း ၂၂ သန်းတို့ထံမှ အချက်အလက်များကို ကောက်ခံခဲ့ပြီး တက္ကသိုလ်ဌာနများကို သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့သည် ပညာသင်ကြားရန်သွားရောက်သည့် အများဆုံး နိုင်ငံများထဲ၌ အဆင့် ၂၈ နှင့် ၁၃ ချိတ်ကြသည်။ ဟားဗတ်တက္ကသိုလ်သည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တစ်ခုအနေနှင့် ရပ်တည်နေသည်။ ကမ္ဘာ့အကောင်းဆုံး ဘာသာရပ် ၁၂ ခုကို သင်ကြားပို့ချနေသည်။ ဟားဗတ်နှင့် ပြိုင်ဘက် MIT က ကမ္ဘာ့အကောင်းဆုံး ဘာသာရပ် ၁၁ ခု သင်ကြားနေကြောင်း စာရင်းထွက်လာသည်။ 

အမေရိကတွင် ဟားဗတ်နှင့် MIT တို့က ဂုဏ်ဆောင်နေသော်လည်း အမေရိကန်အဆင့်မြင့် ပညာရေးကအခြေအနေ ကောင်းလှသည်တော့ မဟုတ်ပေ။ ကမ္ဘာ့အဆင့်တွင် ၆ ဆင့်ပြုတ်ကျသွားပြီး ယခင်အဆင့် ၂၈ မှ ၃၄ ကို ရောက်သွားသည်။

တရုတ်တက္ကသိုလ်များသည် အဆင့် ၅၀ အတွင်းဝင်ရန်ပင် မနည်းကြိုးစားနေကြရသည်။ ဗြိတိန်ကတော့ ထိပ်တန်း တက္ကသိုလ်အဆင့် ၁၀ အတွင်း ဝင်လာသည်။ ဆွစ်တက္ကသိုလ်များကလည်း ဥရောပတွင် ထိပ်တန်းနေရာသို့ရောက်ရှိအောင် စွမ်းဆောင်နိုင်ကြကြောင်း တွေ့ရသည်။

E-01

(Ref: Singapore’s higher education system ranked top in Asia,MalayMail)