News

POST TYPE

EDUCATION

ပြည်ပ အထွက်နည်းသော ဂျပန်ကျောင်းသားများ
09-Mar-2019


OECD (Organization for Economic Cooperation and Development) အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဂျပန်နိုင်ငံမှ ကျောင်းသားများသည် ပြည်ပထွက်ပြီး ပညာသင်ကြားမှု လျော့နည်းလာကြောင်းသိရသည်။ ၂၀၀၅ ခုနှစ်တွင် ပြည်ပထွက် ပြီး ပညာသင်ကြားသူ ၈၂,၉၄၅ ဦးရှိရာမှ ၂၀၁၁ ခုနှစ်တွင် ၅၇,၅၀၁ ဦးသာရှိတော့သည်။ ထိုနှစ်ကာလ အပိုင်းအခြားတွင် ဂျပန်နိုင်ငံအတွင်း အသက် ၁၈ နှစ် အရွယ် လူငယ်ဦးရေကလည်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းနေချိန်နှင့် ကြုံကြိုက်နေသည်။ လူငယ်အရေအတွက်ကလည်း နည်းနေသည့်အပြင် ဂျပန်နိုင်ငံ၏ စီးပွားရေးသည် နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ဖြစ်နေသောကြောင့်လည်း ပြည်ပထွက်ကာ ပညာသင်ကြားသည့် အရေအတွက်နည်းပါးခြင်းဖြစ်မည်ဟု ယူဆရသည်။ ဂျပန်နိုင်ငံမှ လူငယ်များ အဘယ်ကြောင့် ပြည်ပထွက်ပြီး ပညာသင်ကြားမှုများ နည်းပါးလာရသနည်း။

ဒုတိယကမ္ဘာစစ်အလွန်၊ မဟာမိတ်တပ်များ ဂျပန်နိုင်ငံကို စိုးမိုးချုပ်ကိုင်နိုင်ရန် ကြိုးစားခဲ့သော်လည်း ဂျပန်နိုင်ငံသည် သူ့ယဉ်ကျေးမှု၊ သူ့စီးပွားရေးနှင့် သူ့နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးကို သူ့နည်းသူ့ဟန်ဖြင့် လုပ်ဆောင်နိုင်ခဲ့ကြသည်သာဖြစ်သည်။ ဂျပန်နိုင်ငံသည် မိမိတို့နိုင်ငံမှ လူငယ်များကို ၇ ရာစုမှ ၉ ရာစု အတွင်း တရုတ်နိုင်ငံသို့ ပညာတော်သင်စေလွှတ်ခဲ့မှုများ ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အလွန်ကာလများတွင်လည်း Fulbright ပညာတော်သင်ဆုများဖြင့် အမေရိကန်ပြည်ထောင်စုသို့ စေလွှတ်မှုများ ရှိလာသည်။ ထိုကာလများတွင် အနောက်နိုင်ငံမှ ပညာရပ်များကို ရယူရန် လိုအပ်နေသည့်အပြင် လူငယ်များ ကိုယ်တိုင်ကလည်း မိမိတို့ကိုယ်ပိုင်ရွေးချယ်မှုများဖြင့် နိုင်ငံခြားထွက်ကာ ပညာရှာကြသည်။ 

ယနေ့ခေတ်တွင် နိုင်ငံခြားထွက်ပြီး ပညာသင်ကြား ရေးဆိုသည်မှာ အစိုးရပရောဂျက်များနှင့် သိပ်ပြီး မပတ်သက်တော့ပေ။ ၁၉၈၀ နောက်ပိုင်းတွင် ဂျပန် နိုင်ငံသည် စီးပွားရေးဖွံ့ ဖြိုးလာသည်နှင့်အမျှ ကမ္ဘာ ကိုလွှမ်းမိုးရန် စိတ်ဓာတ်များဖြင့် နိုင်ငံခြား ပညာတော်သင်ကိစ္စများကို ၂၀၀၄ ခုနှစ်မှစတင်ပြီး အားပေး မြှင့်တင်ကာ လုပ်ဆောင်လာကြကြောင်းလည်း တွေ့ရသည်။ သို့သော် နောက်ပိုင်းတွင် အလုပ် အကိုင်အခွင့်အလမ်း၊ ဘာသာစကားအခက်အခဲနှင့် တရားသေ အစွဲကြီးသည့် ပညာတတ်များကြောင့် ဂျပန်လေးတွေ နိုင်ငံခြားထွက်ပြီး ပညာသင်ရေးမှာ ဆိုင်းငံ့သွားသလို ဖြစ်ခဲ့ရသည်။

အမေရိကန်နှင့် အခြားဥရောပတိုင်းပြည်ကြီးများသို့ ပညာသွားရောက်သင်ကြားရမည့် ပညာသင်ကြားစရိတ် စာဝတ်နေရေးစရိတ်များကလည်း တစ်နှစ်လျှင် ယန်း ၂ သန်းမှ ၅ သန်းလောက်အထိ မြင့်တက်လာသည်။ စီးပွားရေးအနေအထား ဆုတ်ယုတ်လာသဖြင့် မိမိတို့သားသမီးများကို နိုင်ငံခြားသို့ပို့ကာ ငွေကုန်ခံရေးမှာ မိဘများ အတွက်လည်း စဉ်းစားစရာဖြစ်လာသည်။ ပညာတော်သင်များ ခေါ်သော်လည်း ငွေကြေးအပိုလိုက်ရမည့် ပြဿနာများကြောင့်ပင် ပြည်ပထွက်ခွာရေးကို တွေးဆနေကြသည်။ 

အခြားပြဿနာတစ်ခုမှာ အလုပ်အကိုင်အခွင့်အလမ်းဖြစ်သည်။ ဂျပန်နိုင်ငံမှ ကုမ္ပဏီများသည် ဘွဲ့ရ ကျောင်းသားအသစ်လေးတွေကိုသာ ခေါ်ခန့်ရန် စိတ်ဝင်စားကြသည်။ သူတို့ကုမ္ပဏီများအတွက် လိုအပ်သည့် ကျောင်းသားတွေကို အမှန်တကယ် ကျွမ်းကျင်စွာတတ်မြောက်လာသော သူများကိုသာ ခေါ်လိုကြသည်။ ကုမ္ပဏီ များအနေနှင့် မိမိတို့အတွက် အမှန်တကယ်လိုအပ်သူများကို တက္ကသိုလ် တတိယနှစ်လောက်ကတည်းကခေါ်ပြီး အလုပ်သင်များအဖြစ် သင်တန်းပေးကာ လိုချင်သည့်ပုံစံချထားပြီးဖြစ်နေသဖြင့် နိုင်ငံခြားပြန်တွေအဖို့ အလုပ်အကိုင်အခွင့် အလမ်းမှာ မရေရာသလို ဖြစ်လာသည်။ 

နိုင်ငံခြားထွက်ပြီး ပညာသင်ကြားရန်အတွက် ဂျပန်လေးများ၏ နောက်ပြဿနာတစ်ခုမှာ ဘာသာ စကားဖြစ်သည်။ ဂျပန်နိုင်ငံကျောင်းများတွင် အင်္ဂလိပ်ဘာသာကိုသင်ပြီး အင်္ဂလိပ်စာဖြင့် စာမေးပွဲဖြေဆိုရမှုများ ရှိနေသော်လည်း သူတို့နိုင်ငံခြားဘာသာစကားကို ကြောက်ကြသည်။ နိုင်ငံခြားဘာသာစကားကို ကျောင်းတွေမှာ ပြောဆိုခြင်း အလေ့အကျင့်များကို မပြုလုပ်ထားသောကြောင့် စာမေးပွဲသာဖြေတတ်ပြီး၊ ဆက်သွယ်ပြောဆိုရာတွင် မကျွမ်းကျင်သဖြင့် နိုင်ငံရပ်ခြားထွက်ကာ ပညာသင်ကြားရမည်ကိုလည်း စိုးရွံ့နေကြသည်။ 

နိုင်ငံခြားထွက်ပြီး ပညာသင်ကြားခြင်းဆိုသည်မှာ လူချမ်းသာသားသမီးများအတွက် သက်သက်ဖြစ်သည်ဟု ထင်မှတ်နေခြင်းကလည်း ပြဿနာတစ်ခုဖြစ်သည်။ ဂျပန်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ဆိုသော်လည်း ခေတ်နောက်ပြန်ဆွဲသည့် ရှေးရိုးအယူစွဲသူများကလည်း ယနေ့တိုင်ရှိနေသေးသည်။ နိုင်ငံခြားထွက်ပြီး ပညာသင်ကြားလာသူများနှင့် ပြည်တွင်းမှာ ပညာသင်ကြားကြသူအချင်းချင်း လေးနှစ် တက်ရသည့် တက္ကသိုလ်ကဆင်းလာလျှင် ဘာများထူးခြားသွား မည်နည်းဆိုသည့် ဆန်းစစ်ဝေဖန်ချက်နှင့် ရှေးအမြင်တို့ပေါင်းလိုက်သောအခါ နိုင်ငံခြားထွက်ရေးမှာ နှောင့်နှေးသွားရပြန်သည်။ 

ဂျပန်လူမျိုးတို့သည် ကိုယ့်ရိုးရာအယူစွဲသူများ ဖြစ်ပြီး နိုင်ငံခြားရောက်လျှင်လည်း အသားကျအောင် နေထိုင်တတ်သူများနည်းပါးသည်။ သူတို့မူလဓလေ့ကိုက အထီးတည်းနေထိုင်တတ်ပြီး အပေါင်းအသင်းခက်ခဲသူများ ဖြစ်သည့်အပြင် ဘာသာစကားအခက်အခဲက နိုင်ငံခြားသားများနှင့် ဆက်ဆံပြောဆိုရမည်ကို မဝံ့မရဲဖြစ်စေသည်။ 

ဂျပန်နိုင်ငံတက္ကသိုလ်များက မိမိတို့ ကျောင်းသားများကို နိုင်ငံခြားပညာတော်သင်စေလွှတ်ရေးနှင့် ယဉ်ကျေးမှုချင်းပေါင်းစည်းဆက်နွှယ်နိုင်စေရန် မည်မျှကြိုးပမ်းသည်ဆိုစေ ဂျပန်လေးတွေကို အများကြီး ပြုပြင်ပြောင်းလဲရဦးမည်ဖြစ်သည်။ နိုင်ငံခြားကို သိပ်ပြီး အထင်မကြီးတတ်သည့် စိတ်ဓာတ်ကပင် သူတို့အဖို့ နိုင်ငံခြားထွက်ကာ ပညာယူရမည်ဆိုခြင်းမှာ အဟန့်အတားဖြစ်စေသည်။ 

ဂျပန်နိုင်ငံသည် သက်ကြီးရွယ်အိုတွေများလာပြီး မျိုးဆက်သစ်လူငယ်အရေအတွက် လျော့ကျလာသည်။ ဂျပန်သည် နိုင်ငံက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်သည်မှန်သော်လည်း လူငယ်များကို နွားခြေရာခွက်ထဲက ဖားသူငယ်လေးတွေလိုဖြစ်အောင် ထားနေခြင်းမှာ မမှန်ကန်ဟုယူဆသည်။ ဂျပန်တစ်ခုတည်းကို မြင်တတ်သူများအစား ကမ္ဘာကို မြင်အောင်ကြည့်တတ်သူ လူငယ်မျိုးဆက်သစ်ကို မွေးထုတ်ရန်လိုအပ်နေပြီ။

E-01

(Ref: Why Are Fewer Young Japanese Studying Abroad?, Kobayashi Akira)