News

POST TYPE

EDUCATION

တာချီလိတ်တွင် မူးယစ်ဆေးသုံးသည့် ထိုင်းသုံးဦးနှင့် မြန်မာတစ်ဦးဖမ်းမိ
02-Mar-2019
ကျိုင်းတုံ၊ မတ် ၂

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က မူးယစ်ဆေးဝါးသုံးစွဲနေသည့် ထိုင်းနိုင်ငံသား သုံးဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“သတင်းအရ ဝင်ရောက်ရှာဖွေရာကနေ လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့တာပါ။ ထိုင်းနိုင်ငံသားတွေက ကားဖိုးအကြွေးလာတောင်းရင်း အိမ်ငှားနေတာ နှစ်လလောက် ကြာပြီလို့ သိရတယ်။ မြန်မာနိုင်ငံသား ကောင်လေးက သူတို့ရဲ့ အခိုင်းအစေအဖြစ် လုပ်နေတာဖြစ်တဲ့အပြင် မူးယစ်ဆေးဝါးတွေပါ ဝယ်ယူပေးရတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ထိုင်းနိုင်ငံသားများဖြစ်သည့် Mr.Aree Rakamit (၅၃ နှစ်)၊ Mr.Muhammatnase (၃၁ နှစ်)၊ Mr.Ismaael Tohem (၃၀ နှစ်)နှင့် မြန်မာနိုင်ငံသား လော်ရာ (၂၂ နှစ်) တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြားနှင့် သုံးစွဲသည့် ကိရိယာနှစ်ခု၊ ထိုင်းဘတ်ငွေ ၂၀,၀၀၀၊ လက်ကိုင်ဖုန်း ငါးလုံး၊ ဆိုင်ကယ် နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့၍ ၎င်းတို့လေးဦးကို မူး/စိတ် ပုဒ်မ-၁၆(ဂ)/၂၁ ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16