News

POST TYPE

EDUCATION

ဗြိတိန် လိင်ပညာပေး ပညာရေးစနစ်
02-Mar-2019


၂၃ နှစ်အရွယ်ရှိ ကလေးမလေးတစ်ဦးသည် အသက် ၁၄ နှစ်အရွယ်ကတည်းက နာတာရှည်ရောဂါဝေဒနာတစ်မျိုးကို ခံစားခဲ့ရသည်။ သူ့ကြောင့်လည်း ကျောင်းများ၏ သင်ရိုးများထဲ၌ ဓမ္မတာလာခြင်းနှင့် ပတ်သက်ပြီး ပညာပေးသင်ခန်းစာများကို ထည့်သွင်းသင်ကြားရန်ဖြစ်လာခဲ့ရသည်။ 

ဗြိတိန်တွင် အမျိုးသမီးများ ရာသီလာစဉ် အကာအကွယ်အဖြစ် အသုံးပြုကြသောအတောင့်များကတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားနေခြင်းအပေါ် ပညာပေးရန်လိုအပ်နေသည်။ အမှန်တော့ ကျောင်းများတွင် အမျိုးသမီးငယ်များအတွက် အကာအကွယ်များကို စနစ်တကျ အသုံးပြုတတ်ရန် ပညာပေးဖို့ လိုအပ်နေသည်။ ပညာရေးဝန်ကြီးဌာနနှင့် ကျောင်းများက ခွင့်ပြုရန်သာ လိုအပ်နေသည်။

လက်ရှိအနေအထားတွင် ကလေးများကို အကြမ်းဖက်မှုများ၊ အွန်လိုင်းကတစ်ဆင့် ခြိမ်းခြောက်မှုများကို အကာအကွယ်ပေးရန်သာ ကြိုးစားအားထုတ်နေကြပါသည်။ သို့သော် ခေတ်ပေါ်ပစ္စည်းများကို မိန်းကလေးများ သဘောတရား နားမလည်စွာဖြင့် မှားယွင်းစွာ အသုံးပြုမှုများကြောင့် မည်မျှဒုက္ခရောက်နေရကြောင်းကို သိသူနည်းလှသည်။ ထို့ကြောင့်လည်း အင်္ဂလန်တွင် လိင်ပညာရေးအစီအစဉ်တစ်ခုအနေနှင့် သန့်ရှင်းစွာ အခုအခံများကို အသုံးပြုနည်းများအား ပညာပေးရန် လာမည့် ၂၀၂၀ တွင် စတင် မည်ဟု ဆုံးဖြတ်ထားကြသည်။ 

ဗြိတိန်နိုင်ငံတွင် အမျိုးသမီး အကာအကွယ်ကတစ်ဆင့် ကူးစက်ရောဂါဝေဒနာ ခံစားနေရသူပေါင်းမှာ ၁၀ ဦးတွင် တစ်ဦးနှုန်းခန့်ဖြစ်နေသည်။ ရာသီထိန်းအတောင့်များကြောင့် နာတာရှည်ရောဂါဝေဒနာများအဖြစ် ပင်ပန်းနွမ်းနယ်မှုများ ခံစားရခြင်း၊ အူနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားရခြင်းအပြင် သား၊ သမီးမရနိုင်သည်အထိ မြုံသွားစေသော အဖြစ်ဆိုးမျိုးကိုပါ ဖြစ်စေနိုင်သောကြောင့် စနစ်မကျသော သုံးစွဲနေမှုများအတွက် ပညာပေးရန် လိုအပ်နေပြီဖြစ်သည်။

အဲလစ်ဆိုသည့် ကောင်မလေးသည် အသက် ၁၂ နှစ်သမီးအရွယ်ကတည်းက ရာသီထိန်းအတောင့်များကို အသုံးပြုခဲ့သည်။ သူက နောက် ၂ နှစ်ခန့် အကြာတွင် ရောဂါလက္ခဏာများ ပြလာသည်။ နာကျင်ကိုက်ခဲသည့် ဝေဒနာကြောင့် ဆေးရုံကို နှစ်ပတ်တစ်ကြိမ်လောက် သွားပြပြီး ဆေးကုသမှု ခံယူနေရသည်။ 

ဝေဒနာက မသက်သာသောကြောင့် သူက အင်တာနက်ထဲဝင်ကာ သူခံစားနေရသည့် ဝေဒနာနှင့် ပတ်သက်ပြီး လေ့လာစူးစမ်းမိသည်။ သူ့ဝေဒနာက ကုရာနတ္ထိဆေးမရှိကြောင်း သိလိုက်ရသည်။ သူ့လိုဝေဒနာ ခံစားနေရသူတွေ အလုပ်စွန့်လွှတ်သွားရသည်။ အိမ်ထောင်ပြုဖို့ ပြင်ဆင်ထားပြီးမှ လမ်းခွဲခဲ့ရကြောင်း ဖတ်လိုက်ရသည်။ အိမ်ထောင်ရှင်တွေကလည်း ကလေးမရနိုင်သောကြောင့် နောက်ဆုံး အိမ်ထောင်ကွဲပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန်အထိ ကြိုးစားနေကြသူတွေပင်ရှိကြောင်း အံ့အားသင့်စရာ တွေ့ကြုံလိုက်ကြရသည်။ 

အမျိုးသမီးရောဂါကို ခံစားလိုက်ရခြင်းမှာ သေမိန့်ချခြင်း ခံစားလိုက်ရသလိုပင်ဖြစ်သွားသည်။ အဲလစ်က သူခံစားနေရသည့် ဝေဒနာမျိုးသူများတွေ မခံစားရရန် အရေးကြီးသည်။ သူ့ဝေဒနာအတွက်လည်း အဖြေတစ်ခုခု ရှိမည်ဟု ခံယူထားသည်။ ထို့ကြောင့် သူက ကျောင်းတွေကိုလိုက်ပြီး ရာသီလာစဉ် မည်သို့ အကာအကွယ်များကို သုံးသင့်ကြောင်း ပညာလိုက်ပေးသည်။ မိန်းကလေးတွေကိုလည်းပြောသည်။ ယောကျာ်းလေးတွေကိုပါ ဗဟုသုတအဖြစ် ပြောပြသည်။ 

“ကျွန်မတို့ အစဉ်အဆက် မကြားခဲ့ဖူးတဲ့ ကိစ္စတွေအတွက် မျိုးဆက်သစ်ကလေးတွေကို သူတို့ နားလည်သဘောပေါက်နိုင်တဲ့ ဘာသာစကားတစ်မျိုးနဲ့ ဟောပြောသင့်ပါတယ်” ဟု သူကဆိုသည်။ 

အဲလစ်က ရာသီလာခြင်းနှင့် သိပ္ပံသဘောတရားများကို နောက်ခံအဖြစ် ပြောပြသည်၊ ထို့ပြင် အကာ အကွယ်များကို စနစ်တကျ မည်သို့အသုံးပြုရမည် ဆိုခြင်းကို ပြသပေးသည်။ ကလေးများကို နားမလည် လည်းမေးစေပြီး လက်တွေ့သရုပ်ပြပေးသည်။ 

လိင်ပညာရေးကို မသင်မနေရအဖြစ်သင်ပေးရန် အင်္ဂလန်၌ ၂၀၁၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ သို့သော် အလွတ်ပြောပြကာ သင်ကြား ရန်သာဖြစ်ပြီး သင်ရိုးထဲတွင် ထည့်သွင်းပေးခြင်း မရှိခဲ့ပေ။ ယခု ရာသီလာသည့် သဘောတရားတွေကို မူလတန်းကတည်းက အခြေခံအဖြစ် ထည့်သွင်းသင်ကြားပေါ်ရန် သူတို့ သင်ရိုးများရေးဆွဲနေကြပြီး ၂၀၂၀ ပြည့်နှစ် တွင် စတင်သင်ကြားကြတော့မည်ဖြစ်သည်။ ကလေးများကို သင်ကြားမည့်အထဲတွင် LGBT ဆိုသည့် လိင်တူချင်းဆက်ဆံသည့် သဘောတရားတွေကိုပါ ထည့်သွင်းသင်ကြားနိုင်ရန် ပြင်ဆင်နေကြသည်။ 

အဲလစ်တို့က ကျောင်းများတွင် လိုက်သင်လျှင် အမျိုးသမီးရာသီခံအဖြစ် အသုံးပြုသည့် အတောင့်များကို ဖန်ခွက်ကြီးထဲရှိ ရေထဲတွင် ထည့်ပြသည်။ ရေထိလျှင်ဖြစ်သွားနိုင်သည့်သဘောများကို သိစေသည်။ ထို့ပြင် မသုံးမီ လုပ်ဆောင်သင့်သည်များ၊ မည်သို့ စနစ်တကျ အသုံးပြုရမည်ဆိုခြင်းများကိုပါ ကလေးတွေအား ပြသပေးသည်။ အမှန်တော့ နောင်တစ်ချိန်တွင် ဆရာဝန်များလုပ်ရမည့် ပညာပေးခြင်းတို့ကို အဲလစ်တို့က စေတနာ့ဝန်ထမ်းသဘောဖြင့် လိုက်လံဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ 

ကလေးများအတွက် အခြေခံကစသည့် ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများသည် ကျောင်းများတွင် လိင်ပညာရေးအနေနှင့် အမှန်တကယ် သင်ကြားရန် လိုအပ်နေပါသည်။ အချို့ဆိုလျှင် တက္ကသိုလ်ရောက်သည်အထိ အမျိုးသမီးလစဉ်သုံးများကို စနစ်တကျ မသုံးတတ်သေးကြောင်းတွေ့ရသည်။ 

ယခုဆိုလျှင် လိင်ပညာရေးနှင့် ပညာပေးရေးအပြင် အတိုင်ပင်ခံဌာနများကို မြောက်ပိုင်းအိုင်ယာလန်၌လည်း ဖွင့်လှစ်ကာ ပညာပေးနေပြီဖြစ်သည်။ စကော့တလန် တွင် ၂၀၁၄ ခုနှစ်ကတည်းက လိင်ပညာရေးအစီအစဉ်များကို စတင်နေသည်။ သင်ရိုးဖြင့် စနစ်တကျ ပြဋ္ဌာန်းခြင်းမျိုး မဟုတ်ဘဲ ကြုံသလိုသင်နေသည့် အနေအထားမှ အင်္ဂလန်၌ ၂၀၂၀ ပြည့်နှစ်တွင် သင်ရိုးထဲထည့်ကာ သင်ကြားလာကြမည်ဆိုခြင်းမှာ ပညာပေးအသိရှိသော အဲလစ်တို့လို ကိုယ်တိုင်ဝေဒနာခံစားရပြီး ကလေးတွေကို လွတ်မြောက်စေချင်သူများကြောင့်လည်းဖြစ်သည်။

E-01

(Ref: The Guardian)