News

POST TYPE

EDUCATION

ပညာရေးတွင် နည်းပညာကို ချဲ့ထွင်အသုံးပြုခြင်း
02-Mar-2019


အမေရိကန်ပြည်ထောင်စု Northern State University တွင် Guardian Sentral စမတ်ဖုန်းဆော့ဖ်ဝဲကို အသုံးပြုနေကြသည်။ သက်ဆိုင်ရာတက္ကသိုလ်ခွဲ သုံးခုစလုံးတွင်လည်း အသုံးပြုကြသည်။ ထိုဆော့ဖ်ဝဲလ်ကို iPhone နှင့် Android ဖုန်းများ အားလုံးတွင် အခမဲ့ download ချယူနိုင်သည်။ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းပရိဝုဏ်အတွင်း လုံခြုံရေးအတွက် ထိုဆော့ဖ်ဝဲလ်ကို တီထွင်ထားခြင်းဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူ တစ်ဦးဦးသည် ခြိမ်းခြောက်ခြင်းကို ခံနေရပါလျှင် ဖုန်းထဲတွင် Danger ဆိုသည့် စာတိုလေးရိုက်ပို့လိုက်ရန်သာဖြစ်သည်။ ထိုအချက်ပေးမှုသည့် ကျောင်းဝင်းလုံခြုံရေးရဲများထံရောက်သွားမည်။ လုံခြုံရေးများကို ထိုကျောင်းသား မည်သည့်နေရာတွင် ရှိနေကြောင်းကိုလည်း အတိအကျ ဖော်ပြပေးသည်။ 

ထို့ပြင် Check-in နှင့် Follow me ဆိုသည့် ဆော့ဖ်ဝဲလ်များလည်း ရှိသေးသည်။ Check-in သည် ကျောင်းသားများကို မည်သည့်နေရာတွင် ရှိနေကြောင်း လုံခြုံရေးအရာရှိများက သိနိုင်သည်။ လုံခြုံရေးအရာရှိများကို အချိန်မရွေး အချက်ပေးပြီး ခေါ်ယူနိုင်သည်။ Follow me ဆော့ဖ်ဝဲလ်က သွားလိုသည့်နေရာကို လမ်းညွှန်ပေးမည့် ဆော့ဖ်ဝဲလ်ဖြစ်သည်။ အဆောင်၊ စာကြည့်တိုက်၊ စားသောက်ဆိုင်၊ စာသင်ခန်း အစရှိသည်ဖြင့် သိလိုသည့်နေရာကို ဖုန်းအတွင်း GPS သဘောမျိုးဖြင့် မြေပုံဖြင့်ပြကာ လမ်းညွှန်ပေးသည်။

ဆွစ်ဇာလန်နိုင်ငံတွင် ETH-Zurich ဆိုသည့် ဆော့ဖ်ဝဲလ်ကို တက္ကသိုလ်များတွင် အသုံးပြုသည်။ မိုဘိုင်းလ်ဖုန်းဆော့ဖ်ဝဲလ်ဖြစ်ပြီး သတင်းအချက်အလက်များကို အချင်းချင်း အပြန်အလှန် မျှဝေရန်အတွက်လည်း အသုံးပြုသည်။ ကျောင်းတွင်းရှိ ကျောင်းသားများသာမက ဝန်ထမ်းများလည်း ETH-Zurich ကို အသုံးပြုကြသည်။ ကျောင်းသားများအတွက် မည်သည့်နေရာတွင် မည်သည့်အစီအစဉ်များရှိသည်၊ အချိန်စာရင်း၊ ကျောင်းတွင်း နောက်ဆုံးသတင်းများ၊ စာသင်ခန်း တည်ရာနေရာများအပြင် ကျောင်းရှိစားသောက်ဆိုင်များတွင် ယနေ့ မည်သည့်စားသောက်ဖွယ်ရာများ ရနိုင်သည်ဆိုသည့် သတင်းများကအစ စုံစမ်းနိုင်သည်။ 

ETH-Zurich ကို တီထွင်သူမှာ Koni Osterwalder ဖြစ်သည်။ ကျောင်းများတွင် ထည့်သွင်းပေးပြီး မည်သို့အကျိုးရှိအောင် လုပ်ဆောင်ရမည်၊ ရလဒ်ကဘာဖြစ်နိုင်သည် စသည်တို့ကို အမြဲပိုင်းဖြတ်နေသူဖြစ်သည်။ သူက အိုင်စီတီသည် မိမိတို့ဘဝ၊ မိမိတို့ အလုပ်ကို အသွင်အမြင်အားလုံး ပြောင်းသွားစေနိုင်သည်ဟု လက်ခံကာ နည်းပညာဖြင့် တက္ကသိုလ်ကျောင်းများတွင် ဘဝမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်ပေးနေသည်။

ကနေဒါနိုင်ငံ၊ University of British Columbia တွင် ဖွင့်လှစ်ထားသည့် Sauder School of Business တွင် ဖွံ့ဖြိုးရေးဆိုင်ရာ ပရောဂျက်များကို လုပ်ဆောင်နေကြသည်။ ထိုကျောင်းတွင် သင်ကြားရေးခန်းမ (Theatre) များကို ပုံစံအားလုံး ပြောင်းထားသည်။ တစ်နည်းပြောရလျှင် စာသင်ခန်းသည် ကျောင်းသားများလာပြီး ငိုက်သည့်နေရာ တစ်နေရာ မဟုတ်ရန် ဖန်တီးပေးထားသည်။

စာသင်ခန်းရှေ့ဆုံးမျက်နှာချင်းဆိုင်နံရံတွင် ကြီးမားသည့် မြင်ကွင်းကျယ် Screen ကြီးတစ်ခုကို တပ်ဆင်ထားသည်။ တစ်တန်းလုံးတွင် ကင်မရာများ တပ်ဆင်ထားပြီး တစ်ဦးတစ်ယောက်က ပြောဆိုဆွေးနွေးလိုက်ပါက သူ့ပုံကြီးသည် ရှေ့ Screen ပေါ်တွင် ပေါ်လာလိမ့်မည်။ တိုက်ရိုက်ရုပ်သံထုတ်လွှင့်နိုင်သည်။ ဆရာပြောဆို ပြသချင်သည့် အကြောင်းအရာများလည်း Screen ပေါ်တွင် တွေ့နိုင်သည်။ အခြားတစ်နေရာရာမှ ပညာရှင်တစ်ဦးဦး၏ ဟောပြောပို့ချချက်များကို တိုက်ရိုက်ထုတ်လွှင့်နိုင်သည်။ ကျောင်းသားများ၏ ဆွေးနွေးချက်များကိုလည်း အားလုံး တွေ့မြင်နိုင်သည်။

ကျောင်းသားများ ထိုင်နေသည့် ခုံတိုင်းတွင် ခလုတ်များရှိသည်။ မေးခွန်းတစ်ခုခုမေးလိုလျှင်၊ ဆွေးနွေးလိုလျှင် ခလုတ်ကို နှိပ်လိုက်ရုံသာဖြစ်သည်။ မိုက်ခရိုဖုန်းလည်းရှိသည်။ အားလုံးကြားနိုင်စေရန် ခန်းမကြီးထဲတွင် စပီကာဆောင်းဘောက်စ်ကြီးများ တပ်ဆင်ထားသည်။ 

ခန်းမထဲတွင် ကျောင်းသားပေါင်း ၂၆၀ ခန့် ဝင်ရောက်နေရာယူနိုင်သည်။ ဆရာက ပုံမှန်သင်ကြားနေသည့် ပုံစံထက် နည်းပညာကို ဖြည့်စွက်လိုက်ခြင်းကြောင့် စာသင်ခန်းက ပိုပြီးအသက်ဝင်လာသည်။ ယခုဆိုလျှင် ဆရာများကိုယ်တိုင်က ကွန်ပျူတာအင်တာနက်ကို အသုံးပြုပြီး Screen ကတစ်ဆင့် ကျောင်းသားများကို မည်သို့ စိတ်ဝင်စားအောင်သင်ရမည်၊ ကြိုတင်ပြင်ဆင်လာရမည်ဆိုခြင်းကို စိတ်ဝင်စားနေကြပါသည်။

နည်းပညာခေတ်ရောက်လာပြီဖြစ်သောကြောင့် ဆရာများဘက်ကလည်း နည်းပညာဖြင့် စိတ်ဝင်စားအောင် သင်နိုင်ရေးကို အားထုတ်ကြရတော့မည်။ ကျောင်းသားများကလည်း သိလိုသမျှ မေးလိုသမျှ နည်းပညာကို သုံးတတ်၊ မေးတတ်အောင် ပြင်ဆင်လာမှရတော့မည်။

ယခုဆိုလျှင် Sauder School of Business ကျောင်း၌ ရွေးကောက်ခြင်း၊ မဲပေးခြင်းစနစ်များကိုပင် Electronic Voting System ကို အသုံးပြုနေကြပြီ ဖြစ်သည်။ 

ပရောဂျက်တစ်ခုကို စာသင်ခန်းအတွင်း လုပ်ဆောင်ကြရာတွင်လည်း ကျောင်းသားများက မိမိတို့ တွေ့ရှိထားချက်များ လုပ်ဆောင်ထားချက်များကို Wireless ဖြင့် Receiver ကွန်ပျူတာထံ ပို့လိုက်မည်။ ကွန်ပျူတာကို ဂရပ်ဆွဲခိုင်းနိုင်သည်။ လုပ်ဆောင်မှုတိုင်း ချက်ချင်း Screen အပေါ်တွင် မြင်ရမည်။ ဝိုင်းဝန်းဆွေးနွေးမည်။ ရလဒ်ကို ကောင်းလျှင်ယူမည်။ မကောင်းလျှင် ပယ်မည်။ မေးခွန်းထုတ်နိုင်သည်။ ဖြည့်စွက်နိုင်သည်။ အားလုံး စာသင်ခန်းတစ်ချိန်အတွင်း ပရောဂျက်တစ်ခုပြီးအောင် လုပ်နိုင်သည်။

နည်းပညာကို သင်ကြားရေးတွင် ပေါင်းစပ်နိုင်ခြင်းသည် ကျောင်းသားများကို ပိုပြီး စိတ်အားထက်သန်စွာဖြင့် လေ့လာအားကို တိုးမြှင့်ပေးနိုင်သည်ဆိုခြင်းမှာ မငြင်းနိုင်ပေ။ ၂၁ ရာစုပညာရေးသည် တစ်စုတည်း တစ်ဖွဲ့တည်း ရပ်တည်ကာ ကြိုးစားမည်ဆိုခြင်းထက် အားလုံးပေါင်းစုပြီး အဖြေရှာမှသာ ခေတ်ကို ရင်ဆိုင်နိုင်စွမ်းရှိမည်ကို သဘောပေါက်လာကြသည်။

E-01

(Ref: The Guardian)