News

POST TYPE

EDUCATION

တစ္ဆေတွေနှင့် ကောလိပ်ရောက်လာသူများ
02-Mar-2019


စီးပွားရေးစွန့်ဦးလုပ်ငန်းရှင်လေးတစ်ယောက်ဖြစ်သော အသက် ၂၄ နှစ်အရွယ်ရှိ ဂျေး ဆိုသူသည် စိတ်ကူးကောင်းတစ်ခုရလိုက်သည်။ သူ့သူငယ်ချင်းတစ်ယောက် ဖြစ်သူ ဗြိတိန်မှ နစ်ဆိုသူသည် တက္ကသိုလ်တက်စဉ်က အိမ်စာများလုပ်ရန် အခက်အခဲတွေနှင့် ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။

ဗြိတိန်တွင် ကျောင်းတက်စဉ်က ဂျေးသည် နစ်နှင့် အပေးအယူတစ်ခုလုပ်ခဲ့သည်။ နစ်၏ အိမ်စာမှန်သမျှကို ဂျေးက လုပ်ပေးမည်။ ထို့အတွက် နစ်က ဂျေး၏ စာရင်းအင်းဆိုင်ရာ အိမ်စာတွေကို လုပ်ပေးသည်။ ဂျေးက ၆၄ ဒေါ်လာရသည်။ နစ်က အမှတ်ကောင်းတွေရသည်။ 

ဂျေးသည် နစ်ကိုသာမဟုတ် ဗြိတိန်ရှိ အခြားကျောင်းသားများကိုပါ Essay တွေကို ရေးပေးရသည့် အလုပ်ကိုလုပ်ခဲ့သည်။ နစ်က ဂျေးအတွက် ဖောက်သည်တွေရှာပေးသည်။ ဂျေးထံတွင် Assignment တွေ ပုံလာသည်။ သူက စီးပွားတွက်ဖြင့် အကွက်ချကာ လုပ်ဆောင်လာပြီး လုပ်ငန်းကိုပင် ချဲ့ထွင်နိုင်ခဲ့သည်။ 

နောက် သုံးနှစ်ကြာသည့်အခါတွင် နစ်နှင့် ဂျေးတို့ ပေါင်းပြီး အိမ်စာကို အငှားလုပ်ပေးသည့် လုပ်ငန်းအား တိုးချဲ့လုပ်ဆောင်ကြသည်။ ဗြိတိန်နိုင်ငံ၊ တက္ကသိုလ် ၆ ခုမှ ကျောင်းသား ၄၀ ခန့်၏ Essay ပေါင်း ၉၀ ကျော်ကို လက်ခံရေးပေးနေသည့်အလုပ်ကို ကိုင်တွယ်နေရသောဘဝကို ရောက်လာခဲ့ကြသည်။ 

ဂျေး၏လုပ်ငန်းက မမျှော်လင့်ဘဲ တိုးတက်လာသည်။ အိမ်စာပေးနေသည့် ကျောင်းတိုင်းတွင် မိမိတို့ကိုယ်စား ဖြေရှင်းပေးနေသူတွေရှိနေကြောင်း သိသဖြင့် လိုက်ရှာလာကြသည်။ တရုတ်တွင် တိုင်ဆီး (Dai Xie) ဟုခေါ်သည်။ အဓိပ္ပာယ်မှာ တစ္ဆေစာရေးဆရာ (Ghostwriting) သို့မဟုတ် ရှဲဒိုးများဖြစ်သည်။ 

တရုတ်နိုင်ငံမှ ကျောင်းသားများသည် နိုင်ငံခြားတက္ကသိုလ်များသို့ထွက်ပြီး ပညာသင်ကြားနေကြသည့် အရေအတွက်မှာ ၂၀၁၇ ခုနှစ်တွင်ပင် ၆ သိန်းခန့်ရှိသည်။ တရုတ်နိုင်ငံ၏ ပညာရေးစနစ်က နောက်ဆုံးအဆင့်တွင် ကောင်းခေါင်ဆိုသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြင့် အဆုံးအဖြတ်ပေးနေသောကြောင့် စိတ်ဖိစီးမှုကို မခံစားနိုင်သူတိုင်း နိုင်ငံခြားထွက်ပြီး ပညာသင်ကြားခွင့်ရရေးကို ကြိုးပမ်းကြသည်။ နိုင်ငံခြားရောက်လာသည့် တရုတ်ကျောင်းသားများအတွက်လည်း အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်စွာရေးနိုင်၊ ပြောနိုင်ရန် အခက်အခဲများရှိနေသည်။ ထို့ကြောင့် ဂျေးတို့လို တစ္ဆေတွေက အရေးပါလာသည်။ ပိုက်ဆံပေးပြီး ရှဲဒိုးရေးခိုင်းလိုက်လျှင် အလုပ်လည်းပြီး အမှတ်လည်း ကောင်းကောင်းရနိုင်သည်ဆိုသော အသိတွေကို သူတို့ ကောင်းစွာနားလည်ခံယူလျက်ရှိကြသည်။ ထို့ကြောင့်လည်း တစ္ဆေဈေးကွက်တစ်ခုသည် နိုင်ငံခြားမှာပင် အခိုင်အမာရှိလာခဲ့ရသည်။ 

ဗြိတိန်ရောက်နေသည့် ကျောင်းသားများ နောက်ကွယ်တွင် ရှဲဒိုးရေးပေးနေသော တစ္ဆေတွေ မည်မျှရှိနေသည်၊ မည်မျှ ရှဲဒိုးတွေကို မှီခိုနေကြရသည် ဆိုခြင်းမှာ ခိုးကြောင်ခိုးဝှက်လုပ်သော ဈေးကွက်ဖြစ်နေသောကြောင့် စာရင်းအတိအကျ ဖော်ထုတ်ပြရန် ခက်ခဲပါသည်။ သို့သော် နိုင်ငံခြားတက္ကသိုလ်များက ဘွဲ့ယူပြန်လာသည့် တရုတ်လေးတွေလည်း တစ္ဆေတွေကြောင့် ဘွဲ့ရခဲ့သည်ကို ဝန်ခံရပေလိမ့်မည်။ 

Whole Ren Education ဆိုသည့်အဖွဲ့၏ ထုတ်ဖော်ချက်တစ်ခုတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း နိုင်ငံရပ်ခြားသို့ ရောက်လာသော တရုတ်ကျောင်းသား ၃၅ ရာခိုင်နှုန်းခန့်မှာ ရှဲဒိုးများကြောင့် ဘွဲ့ရသွားကြသည်ဟု ဆိုထားသည်။ ဝေးလ်စ်နယ် Swansea တက္ကသိုလ်မှ ပါမောက္ခ ဖီးလစ် နယူတန် ဆိုသူက တစ်ကမ္ဘာလုံးအနေနှင့် ကြည့်လျှင် ကျောင်းသား ၇ ယောက်လျှင် ၁ ယောက်သည် ရှဲဒိုးတစ္ဆေတွေကို မွေးထားပြီး ဘွဲ့ရသွားသူများဖြစ်သည်ဟုဆိုထားသည်။

ကမ္ဘာတစ်ဝန်းလုံးတွင် တက္ကသိုလ်ပညာသင်ကြား နေသူပေါင်း ၃၁ သန်းခန့်ရှိသည်။ သူတို့သည် နောက်ဆုံးအဆင့် အလုပ်ရရန်အတွက် Essay ရေးပြကြရသည်။ ထိုသို့ရေးနိုင်ရန်အတွက် ပိုက်ဆံပေးရေးခိုင်းနေသူတွေ များစွာရှိနေသည်ဟုဆိုသည်။ 

ဟောင်ကောင်ရှိ ထိပ်တန်း တက္ကသိုလ်ကြီးများမှ ဘွဲ့ရတစ်ဦးသည် နောက်ဆုံးနှစ် Essay ရေးရသည့် ကာလတွင် စာလုံးတစ်လုံး ၁၃ ဆင့်ခန့်အထိရသည်။ ထိုကာလအတွင်း သူ့ဝင်ငွေမှာ တစ်လ ဒေါ်လာ ၁၀၀၀ ခန့်ရှိကြောင်းသိရသည်။ တစ္ဆေအဖြစ် ရှဲဒိုးလိုက်ရေး ပေးရခြင်းက ရာသီစာလို ပေါ့ပေါ့ပါးပါး အလုပ်ဖြစ်နေသည်။ နစ်နှင့် ဂျေးတို့လို လုပ်ငန်းဆန်ဆန်လုပ်နေသူများကိုဆိုလျှင် စာတစ်လုံး ၁၅ ဆင့်ခန့်အထိ ပေးရသည်။ သူတို့နှင့် ဆက်သွယ်ပြီး ရှဲဒိုးလာရေးပေး နေသူတွေကိုလည်း လက်ခံသည်။ ရငွေထဲက ၄၀ ရာခိုင်နှုန်းဖြတ်သည်။ ရေးပေးသူက ၆၀ ရာခိုင်နှုန်းရသည်။ 

Essay ကောင်းကောင်းရေးပေးနိုင်သဖြင့် အလုပ်ကောင်းကောင်း၊ အမှတ်ကောင်းကောင်း ရသွားလျှင် နောက်ဆက်တွဲ ပူဇော်မှုတွေလည်း ရှိတတ်သည်။ ဟောင်ကောင်တွင် ဘွဲ့ရတစ်ဦးက တစ်လလျှင် ဒေါ်လာ ၁,၈၄၀ ခန့်ဖြင့် ရပ်တည်နေရချိန်၌ တစ္ဆေတစ်ယောက်သည် တစ်လလျှင် ဒေါ်လာ ၂,၅၀၀ လောက်ရပြီး ဝင်ငွေပိုကောင်းနေသည်။ 

တရုတ်နိုင်ငံမှ ကျောင်းသားများသည် နိုင်ငံခြားထွက်ပြီး ပညာသင်ကြားမှုနှုန်းများလာသည့်အလျောက် တရုတ်ကျောင်းသား ၉၅,၀၀၀ ခန့်ကို ရှဲဒိုးရေးပေးရလိမ့်မည်ဟု ခန့်မှန်းထားသည်။ KJ Essay ဆိုသည့် ကုမ္ပဏီဆိုလျှင် ၉ နှစ်အတွင်း အော်ဒါပေါင်း ၆၂၅၇၀ ခန့် လက်ခံကာ Essay များကို ရေးပေးနေရသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက Essay တစ်ပုဒ်လျှင် ၂၆ ဒေါ်လာဖြင့် လက်ခံရေးပေးမည်ဟု အွန်လိုင်းတွင်ပင် ကြော်ငြာတွေ တက်လာခဲ့ဖူးသည်။ သူတို့က အဆင့်ကောင်းကောင်းရစေရမည်ဟုပင် အာမခံထားကြသည်။

တရုတ်အစိုးရကလည်း တစ္ဆေတွေကို နှိမ်နင်းရန် ကြိုးပမ်းနေသည်။ ရှဲဒိုးဈေးကွက်က ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ကြီးထွားသော လုပ်ငန်းကြီးတစ်ခုဖြစ်လာသည်။ ဘွဲ့ကို ရှဲဒိုးတွေနှင့် အောင်မြင်လာသူများ တရုတ်တွင် အမှန်တကယ်ရှိနေသည်။

E-01

(Ref: The Chinese students who hire ghostwriters to get them through college, Michelle Wong)