News

POST TYPE

EDUCATION

သိုးမည်း
09-Feb-2019



ပစ်မှတ်တစ်ခုကို တည့်တည့်မှန်ရန် ပါရမီတစ်ခု ရှိရန်လိုသည်။ ပါရမီရှင်များသည် တစ်ခုခုကို တည့်မှန်အောင် ပစ်ခတ်နိုင်ကြသူများ ဖြစ်သည်။ သို့သော် သူတို့အဘယ်ကြောင့် ထိုသို့တည့်မှန်အောင် ပစ်ခတ်နိုင်သည်ဆိုခြင်းကို သိသူနည်းပါးလှသည်။ 

စတိဗ်ဂျော့၊ အီလန်မာ့စ်နှင့် လာရီပိတ်တို့လို ပါရမီရှင်များကို သူတို့ တီထွင်ထားမှုများကိုသာ မသိလျှင် မည်သူမျှ လုပ်ငန်းအတွက် ခေါ်ယူအသုံးပြုမည် မဟုတ်ပေ။ သူတို့က အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကို ရှောင်သည်။ အထီးကျန်နေပြီး တီထွင်တတ်ကြသည်။ သူတို့ကို ကန့်သတ်၍မရ။ သူတို့လုပ်ချင်ရာလုပ်ကြသည်။ သို့သော် သူတို့လုပ်သမျှ အောင်မြင်ကြသည်။ လုပ်ငန်းရှင်ကြီးများသည် ပါရမီရှင်ဆိုသူများကို ကြောက် ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သူတို့လုပ်ချင်ရာလုပ်ပြီး သူတို့လုပ်သည့် အလုပ်တွင် ထူးချွန်သူများဖြစ်သည်ဟု ဖော်ဆောင်ပြနိုင်သော ထိန်းသိမ်းရခက်သည့် လူစားများ ဖြစ်နေသောကြောင့်ပင်။

လူတိုင်းက သိုးမည်းဟု ထင်ထားတတ်ကြသူများသည် မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သည့် ဝန်းကျင်တွင်မဆို တစ်ခုခု ထူးချွန်နေသူများဖြစ်နေတတ်ပါသည်။ ကျောင်းစာသင်ခန်းထဲတွင် သင်ရခက်သူ၊ အမိန့်မနာခံသူ၊ ပေါင်းရသင်းရခက်သူဟု နာမည်ကျော်ခဲ့သူတိုင်းကလည်း နောင်တစ်ချိန်တွင် ထူးချွန်သူများ ဖြစ်နေတတ်သည်။ သို့ဖြစ်ရာ သိုးမည်းဟု သတ်မှတ်လိုက်သော်လည်း အဖိုးတန်သည့် သိုးမည်းတစ်ကောင် ဖြစ်နိုင်သည်ကို သတိပြုရပေလိမ့်မည်။

တီထွင်သူတိုင်း ဘွဲ့ရချင်မှရမည်။ ဥပမာ - မိုက်ခရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်စ်နှင့် Apple ကုမ္ပဏီသူဌေးကြီး တီထွင်ရှင် စတိဗ်ဂျော့တို့သည် ဘွဲ့မရကြပေ။ ပစ္စည်းအမျိုးပေါင်း ထောင်ချီပြီး တီထွင်သွားသည့် အယ်ဒီဆင်တို့သည် တက္ကသိုလ်ကျောင်းပြီးအောင် တက်ခဲ့ရသူများမဟုတ်။ သို့သော် သူတို့တီထွင်ဖန်တီးနိုင်စွမ်းအားများဖြင့် ကမ္ဘာကျော် သူဌေးကြီးများ ဖြစ်သွားကြသည်။ 

ဘွဲ့ရတိုင်း လူတော်များမဟုတ်။ လူတော်တိုင်းလည်း ဘွဲ့ရချင်မှရပေလိမ့်မည်။ လူအများသတိမပြုမိသည့် အချက်မှာ ပါရမီရှိသူနှင့် လုပ်ဆောင်နိုင်စွမ်းရှိ သူတို့ကို ခွဲခြားသိမြင်နိုင်စွမ်းမရှိခြင်းဖြစ်သည်။ သို့ဖြစ်ရာ လုပ်ငန်းတစ်ခုခုအတွက် လုပ်ပြနိုင်သူလောက်ကိုသာ အလုပ်ခန့်ထားပြီး ပါရမီရှင်များကို အလုပ်ဖြုတ်ပစ်ကောင်း ဖြုတ်ပစ်လိုက်တတ်သည်။ အလုပ်ရှင်များက ကိုယ့်ကို ပြန်လှန်မပြောနိုင်သည့် ပြန်မပြော နားထောင်ကာ သေအောင်လုပ်ပေးမည့်သူများကိုသာ အလုပ်ပေးလိုပြီး၊ သူ့သဘောနှင့်သူ လုပ်ချင်မှလုပ်၊ မလုပ်ချင်နေ သို့သော် လုပ်ဆောင်ပြလိုက်လျှင်လည်း သူမတူအောင် ပြောင်မြောက်စွာ လုပ်ဆောင်နိုင်သူများကို မုန်းတတ်ကြသည်။

လုပ်ငန်းတစ်ခု အောင်မြင်လိုလျှင် သိုးမည်းများကိုလည်း ငှားသင့်ငှားရပေလိမ့်မည်။ ပါရမီရှင်နှင့် စွမ်းဆောင်ရှင်ဆိုသည့်သဘောတရားနှစ်ခုသည် မတူညီပေ။ ကျောင်းများတွင် ကျောင်းသားတိုင်းကို စွမ်းဆောင်ရှင်များအဖြစ် ဖန်တီးလေ့ကျင့်ပေး နိုင်ပါသည်။ သို့သော် ပါရမီရှင် (Genius) များကိုမူ မွေးထုတ်ပေးနိုင်မည်မဟုတ်ပေ။ စွမ်းဆောင်ရှင်ဆိုသည်က သိထား၊ တတ်ထား၊ နားလည်ထား သလောက်ကိုသာ အစွမ်းကုန်လုပ်ဆောင်ပေးလိမ့်မည်။ သူတို့တွင် အသစ်အဆန်းများကို တီထွင်ပြီး ဖော်ဆောင်နိုင်မည် မဟုတ်ပေ။ ပါရမီရှင်များသည် သူတို့သိထား တတ်ထားသည့် အကြောင်းအရာနယ်ပယ်က ဖောက်ထွက်ပြီး ဆန်းသစ်သော နယ်ပယ်တစ်ခုကို လုပ်ပြကောင်း လုပ်ပြလိမ့်မည်။ သို့ဖြစ်ရာ ကျောင်းများတွင် ပါရမီရှင်နှင့် စွမ်းဆောင်ရှင် မည်သည့်ပညာရှင်မျိုး မွေးထုတ်ကြမည်ကို စဉ်းစားကြရန်လိုပါသည်။

ကျောင်းသင်ခန်းစာ ပြဋ္ဌာန်းချက်များဖြင့် ပိတ်လှောင်ထားတတ်သည့် စာသင်ကျောင်းများတွင် ပါရမီရှင်များ ပေါ်ထွက်လာရန် မလွယ်ပါ။ ဆရာရော ကျောင်းသားပါ ပုံစံခွက်ထဲထည့်ထားခြင်းခံရသည့် ပညာရေးစနစ်ကလည်း ပါရမီရှင်များ ပေါ်ထွက်မည်မဟုတ်ပါ။ သင်ယူသူများ ဖောက်မထွက်နိုင်ခြင်းမှာ သင်ကြားသူများ၏ ပိတ်ဆို့တားဆီးမှုများကြောင့်လည်း ဖြစ်နိုင်သည်။ သင်ကြားသူများကို လွတ်လပ်စွာသင်ကြားခွင့်မပေးလျှင် သို့မဟုတ် သင်ယူသူများက လိုအပ်သည့် သင်ယူလိုမှုများကို မဖြည့်ဆည်းပေးနိုင်လျှင် ပါရမီရှင်မပေါ်ထွက်နိုင်ပါ။ 

စတိဗ်ဂျော့သည် ဘွဲ့မရ။ ပညာရှင်လည်းမဟုတ်။ သူ့အလုပ်သူလုပ်သည်။ သူ့အလုပ်ဆိုသည်မှာ လူတွေ ဘာကို သဘောကျသနည်း။ လူတွေဘာကို လိုအပ်နေသနည်း။ သူတို့လိုအပ်ချက်ကို နည်းပညာဖြင့် မည်သို့ဖြည့်ဆည်းပေးရမည်နည်းဆိုသည့်အလုပ် ဖြစ်သည်။ ကွယ်လွန်သွားချိန်အထိ မရပ်မနား တီထွင်သွားသည်။ သူ့ကြောင့် Apple အမှတ်တံဆိပ် iPad, iPod, iPhone, Mac စသည့်ပစ္စည်းများကို အသုံးပြုနေကြရသည်။ သူသည် လူထဲကလူ၊ သာမန်ထဲက လူတစ်ယောက်သာဖြစ်သည်။ သို့သော်သူ့အတွေး အမြင်များကတော့ မည်သူနှင့်မှ မတူသည့် လူထူးလူဆန်းဖြစ်နေသည်။ 

ပါရမီရှင်အများစုသည် သိုးမည်းတွေဖြစ်နေသည်ကို ထူးဆန်းစွာတွေ့ရသည်။ လူ့ဘောင်က အဖြူရောင်သိုးမွေးများကို နှစ်သက်သောကြောင့် သိုးဖြူတွေကို အငမ်းမရရှာကြသည်။ အဘယ်ကြောင့် သိုးမည်းအမွေးဖြင့် ရက်လုပ်ထားသည့် အထည်များကို ပြောင်းသုံးရန် စိတ်မကူးကြသနည်း။

E-01

(Ref: Black Sheep)