News

POST TYPE

EDUCATION

ပညာရေးလောကကို စိန်ခေါ်လာသည့် နည်းပညာ
09-Feb-2019



ခေတ်ဖြစ်လာသည်နှင့်အညီ နည်းပညာအထောက်အကူဖြင့် လေ့လာသင်ယူစရာတွေက များလာသည်။ သို့သော် ပညာရေးကို ပြုပြင်ပြောင်းလဲရန် နည်းပညာ တစ်ခုတည်းနှင့် လုံလောက်နိုင်ပါမည်လောဟူ၍လည်း စဉ်းစားလာကြသည်။ 

ပညာရေးကို ပြုပြင်ပြောင်းလဲနေရမည်ကတော့ အမှန်ပင်ဖြစ်သည်။ ရပ်နေလျှင် ကျန်ခဲ့မည်။ ထို့ကြောင့် “တော်လှန်သောပညာရေး” အကြောင်း ပြောမည်ဆိုလျှင် ပြောင်းလဲနိုင်ခွင့် အာဏာကို မည်သူတွေက ချုပ်ကိုင်ထားသနည်းဆိုသည့် အချက်ကိုလည်း ပြန်လည်စဉ်းစားရမည်ဖြစ်သည်။ 

အစဉ်အလာ စာသင်ကျောင်းများတွင် ပြောင်းလဲပိုင်ခွင့် အာဏာလက်ဝယ်ရှိသူများမှာ ကျောင်းအာဏာပိုင်များ ဆရာ၊ ဆရာမများဖြစ်သည်။ ပုဂ္ဂလိကကျောင်းတွေကတော့ အုပ်ချုပ်သူနှင့် ဘုတ်အဖွဲ့လက်ထဲတွင် ကိုင်ထားသည်။ နည်းပညာဖြင့် ပညာရေးကို ပြုပြင်ပြောင်းလဲတော့မည်ဟု ဆုံးဖြတ်လိုက်လျှင် ပြောင်းလဲခွင့်ကို မည်သူကပေးမည်နည်း။ အစိုးရနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တို့လည်း ပါဝင်ပတ်သက်လာသည်။ နည်းပညာဖြင့် ပညာရေးကို ပြုပြင်ပြောင်းလဲရန်ဆိုသည်မှာ အပြောမဟုတ်။ ငွေကြေးကိစ္စများ ပါဝင်ပတ်သက်လာနိုင်သည်။ နည်းပညာပစ္စည်းများကို အလကားမရ။ ငွေများဖြင့် ရင်းနှီးမြှုပ်နှံရသောကြောင့် မိဘများလည်း ပတ်သက်လာရတော့မည်။

နည်းပညာသည် အဘယ်ကြောင့် ပညာရေးလောကသို့ ဝင်လာသနည်း။ နည်းပညာအသာထား နေ့စဉ်လောက အတွင်းသို့ပါ နည်းပညာကထိုးဖောက် ဝင်ရောက်လာပြီဖြစ်သောကြောင့် မည်သူမှ ကင်းနိုင်သည်မဟုတ်တော့ပါ။ လူငယ်တိုင်းသည် နည်းပညာများကို စိတ်ဝင်စားလာသည်။ ကျွမ်းကျင်စွာ အသုံးပြုတတ်လာကြသည်။ နည်းပညာအထောက်အကူဖြင့် သူတို့၏ဘဝ၊ အသိဉာဏ်၊ အဆင့်အတန်းတွေ မြင့်တက်လာသည်ကိုလည်း ငြင်းပယ်ရန် မဖြစ်နိုင်ပါ။ 

လူငယ်တွေလက်ထဲတွင် ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတွေရောက်လာသည်။ သူတို့ပင်ကိုစရိုက်က လူငယ်များသည် စူးစမ်းလေ့လာတတ်သူများဖြစ်ခြင်းကြောင့် ကျောင်းတွေက အသုံးပြုခွင့်များကို လမ်းဖွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သူတို့နည်း၊ သူတို့ဟန်များဖြင့် ရင်းနှီးကျွမ်းဝင်နေကြသည်သာ ဖြစ်သည်။ ထို့ကြောင့် နည်းပညာဆိုသည့် အခွင့်အရေးတစ်ခုကို သူတို့အတွက် အခွင့်အလမ်းအဖြစ် ပြောင်းလဲပေးလိုက်နိုင်မည်ဆိုလျှင် တိုးတက်မှုအတိုင်းအတာ တစ်ခုခုကို ရောက်လာမည်ဖြစ်သည်။ နည်းပညာဖြင့် ပညာရေးကို လေ့လာဆည်းပူးနိုင်ခွင့်များကို ကျောင်းတွေကလည်း လမ်းဖွင့်ပေး၊ လက်တွေ့လည်း အသုံးချ၊ အသုံးကျစေရန်လည်း လမ်းညွှန်၊ အမှန်တကယ်လည်း လုပ်ဆောင်နိုင်မည်ဆိုလျှင် ပညာရေးပြုပြင်ပြောင်းလဲမှုသည် အရွေ့တစ်ခုဆီသို့ အမြန်ဆုံးရောက်ရှိသွားမည် ဖြစ်သည်။

ခေတ်သစ်လေ့လာစရာတွေကများလှသည်။ Virtual Reality ဆိုသည့် အစစ်အမှန်ပုံရိပ်တွေကို စာသင်ခန်းထဲမှာပင် အသုံးပြုနိုင်သည်။ ထို့ကြောင့် ပြတိုက်မသွားဘဲ ပြတိုက်တစ်ခုကို ရောက်နေသလို ဖြစ်လာသည်။ အာဖရိကမသွားဘဲ အာဖရိကတိုက်မှ သားရဲတိရစ္ဆာန်ကြီးများကြား ရောက်နေသလို ခံစားရနိုင်သည်။ မိမိတို့ကွန်ပျူတာပေါ်တွင် ဖော်ထုတ်လိုက်သည့် တီထွင်ထားသော ပစ္စည်းလေးများကို 3D ပရင်တာများဖြင့် လက်တွေ့ထုတ်ကြည့်လာနိုင်သည်။ 

စာသင်ခန်းဆိုသည်မှာ စာအုပ်ကြီးများဖြင့် တည်ဆောက်ထားသော နံရံများ မဟုတ်တော့ပါ။ စာသင်ခန်းများကို အင်တာနက်ခေတ်က လမ်းကြောင်း တစ်ခုဆီခေါ်သွားသည်။ ကျောက်သင်ပုန်း၊ မြေဖြူ၊ ဝှိုက်ဘုတ်၊ ဆော့ဖ်ပင် ဆိုသည့် နေရာများတွင် စမတ်ဘုတ်ဆိုသည့်နည်းပညာဖြင့် အင်တာနက်က တိုက်ရိုက် ချိတ်ဆက်သင်ကြားနိုင်သော စာသင်ခန်းများခေတ် ဆီသို့ရောက်လာသည်။ ဘာလိုချင်သည်ဖြစ်စေ၊ ဘာသိချင်သည်ဖြစ်စေ ကွန်ပျူတာ အင်တာနက်တွေက အလိုဖြည့်ပေးနေသည့်ခေတ်တွင် စာအုပ်ဖွင့်ပြီး အလွတ်ကျက် ခိုင်းကာ အတိအကျတူညီမှ အမှတ်ပေးပြီး လူတော်လေးတွေဟု သတ်မှတ်နေသော ပညာရေးစနစ်မှာ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်သို့ မရောက်သေးသည့် ပညာရေးစနစ်သာဖြစ်နေပါလိမ့်မည်။

လူငယ်များကို စွန့်ဦးတီထွင်သူလေးများဖြစ်လာစေချင်လျှင် ကလေးများကို စာသင်ခန်းမှာကတည်းက ပြုပြင်ပြောင်းလဲပေးလိုက်နိုင်ရမည်ဖြစ်သည်။ စီးပွားရေးကျွမ်းကျင်သည့် ပညာရှင်လေးတွေ ဖြစ်စေချင်လျှင် စီးပွားရေးပညာတွေကို သင်ပေးရမည်။ စက်မှုနှင့် နည်းပညာကို ခေတ်မီစွာဖော်ထုတ်ပြီး စက်ရုပ်ခေတ်ရောက်စေချင်လျှင် စက်ရုပ်လုပ်ပိုင်ခွင့် လေးတွေကို ပေးထားနိုင်ရမည်။ တိုးတက်သည့်လမ်း ကြောင်းနောက်ကို လိုက်ချင်သူတွေက ခေတ်နောက် ပြန်ဆွဲချင်သည့် အာဏာပါဝါတွေကို ဆုပ်ကိုင်ထားလျှင် တိုးတက်လာမည်မဟုတ်ပါ။

ခေတ်သည် အိုင်တီခေတ်၊ ဒစ်ဂျစ်တယ်ခေတ် ဖြစ်လာသည်။ နေရာတိုင်းတွင် စက်မှုနည်းပညာ၊ ကွန်ပျူတာ နည်းပညာ၊ AI နည်းပညာဟု ကြွေးကြော်လာကြသဖြင့် လူသားဆိုသည့် အခန်းကဏ္ဍကို ပျောက်ကွယ်တော့မည်ကိုလည်း စိုးရိမ်စရာဖြစ်လာသည်။ နည်းပညာဖြင့် ပညာရေးကို ပြုပြင်ပြောင်းလဲရန် အကောင်းဆုံးဖြစ်သည်ဟု သတ်မှတ်လိုက်လျှင် အာဏာကို ချုပ်ကိုင်ထားသူတွေကိုယ်တိုင် ပြုပြင်ပြောင်းလဲလိုစိတ်ရှိပြီး ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် လမ်းကြောင်းဖွင့်ပေးရုံမက အားပေးအားမြှောက်ပြုရန်လည်း လိုသည်။ 

ပညာရေးတွင် နည်းပညာကို ထည့်သွင်းလိုက်ခြင်းဖြင့် ပြောင်းလဲမည်ဆိုခြင်းကို မျက်စိမှိတ်ငြင်းနေရန် မဟုတ်ပါ။ မည်သို့တပ်ဆင်ပေးပြီး ကိုယ်ကျင့်တရားဘက်တွင် မည်သို့အကောင်းဆုံးဖြစ်စေရန် စံထိုးပြီး လုပ်ဆောင်ကြမည်ဆိုခြင်းကို တွေးဆကာ သင်ပေးကြရန်ဖြစ်သည်။ ကျောင်းများတွင် အိုင်တီတစ်ခုတည်း တွန်းအားပေးနေရုံဖြင့် မရပါ။ ကိုယ်ကျင့် တရားနှင့် ပြည်သူ့နီတိတွေကိုလည်း သင်ပေးနိုင်ရမည်။ ခံစားစာနာတတ်သည့် ကိုယ်ချင်းစာတရားတွေကိုလည်း သင်ပေးရမည်။ တိုးတက်မှုနောက်တွင် ကိုယ်ကျင့် သီလရှိသော လူငယ်များနှင့် အနာဂတ်ကို တည်ဆောက်နိုင်မှ စစ်မှန်သောဖွံ့ ဖြိုးတိုးတက်မှုတစ်ခု ဆီရောက်မည်။

E-01

(Ref: Forbes)