News

POST TYPE

EDUCATION

ပထမနှစ်သာ အနီးကပ်နှစ်ကြိမ်ခွဲတက်ရမည်ဆိုသည်မှာ မဟုတ်မှန်ဟု အစိုးရအတည်ပြု
21-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၂၁

အဝေးသင် ဝိဇ္ဇာသင်တန်းများ ပုံမှန်အနီးကပ် ၁၀ ရက်ကို ၅ ရက်စီ နှစ်ကြိမ်ခွဲတက်ရမည့်ကိစ္စတွင် ပထမနှစ်များသာ နှစ်ကြိမ်တက်ရမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာအချို့၏ ရေးသားဖော်ပြနေမှု မဟုတ်မှန်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ယနေ့ (ဇန်နဝါရီ ၂၁ ရက်) မွန်းလွဲပိုင်းတွင် အတည်ပြုပြောကြားသည်။

“ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာတက်နေတဲ့ သတင်းတွေကိုမယုံပါနဲ့။ ဒါတွေက ကောလာဟလတွေပါ။ အရင် ကျွန်တော်တို့ တရားဝင် ထုတ်ပြန်ထားတာ အတည်ပါပဲ။ (ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ဝိဇ္ဇာအထူးပြုကျောင်းသားများအားလုံး နှစ်ကြိမ်တက်ရမည်) အကုန်လုံးပါပါတယ်”ဟု ၎င်းက ပြောကြားသည်။

“အဝေးသင်နှင့်သက်ဆိုင်သော” ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်က ဇန်နဝါရီ ၁၉ ရက်ရက်စွဲဖြင့် အဝေးသင်ဝိဇ္ဇာအထူးပြုသင်တန်းများ အနီးကပ်နှစ်ကြိမ်ခွဲတက်ရမည့်ကိစ္စတွင် ပထမနှစ်တစ်ခုတည်းသာ နှစ်ကြိမ်တက်ရမည်ဖြစ်ကြောင်းနှင့်၊ ကျန်အတန်းများအားလုံး ပုံမှန်အတိုင်း တက်ရမည်ဖြစ်ကြောင်းရေးသားထားရာ ကြိုက်နှစ်သက်သူ တစ်သောင်းသုံးထောင်ကျော်၊ ပြန်မျှဝေသူ ငါးထောင်နီးပါးအထိ ရှိသည်။

အဝေးသင် ပထဝီဝင်အထူးပြုကျောင်းသူတစ်ဦးက “အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာလည်း မရှိတဲ့အတွက် ကျွန်မတို့က အခုအဝေးသင်စာမျက်နှာကနေ တင်တဲ့သတင်းတွေကိုပဲ အားကိုးဖတ်နေရတာ။ အောင်စာရင်းတောင်မှ အဲဒီကနေ ကျွန်မကြည့်တာ”ဟု ပြောကြားသည်။

နှစ်ကြိမ်တက်ရလျှင် မိသားစုစားဝတ်နေရေး၊ ကျောင်းစရိတ်အတွက် အလုပ်လုပ်နေသည့်ကျောင်းသားများအတွက် ခွင့်ယူရန်ခက်ခဲမည်ဖြစ်ကြောင်း၊ စရိတ်ပိုကုန်ကျမည်ဖြစ်ကြောင်း၊ မိမိသည်လည်း မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ရင်း ကျောင်းတက်နိုင်မည့် အဝေးသင်ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပထဝီဝင်အထူးပြု ဒုတိယနှစ်ကျောင်းသူ မကျော့ကေခိုင်က ပြောသည်။

အနီးကပ် ၁၀ ရက်ကို ၅ ရက်စီ နှစ်ကြိမ်ခွဲတက်ရမည်ဖြစ်၍ ကျောင်းသားများ အခက်အခဲရှိသော်လည်း အပြောင်းအလဲ လုပ်သည့်အခါတွင် မိမိတို့ဘက်မှ အရည်အသွေးကို ဦးစားပေး ဆောင်ရွက်နေရသောကြောင့် ကျောင်းသားများလည်း အခက်အခဲရှိနိုင်ကြောင်း၊ ကန့်ကွက်နိုင်သကဲ့သို့ မကျေနပ်ခွင့်လည်းရှိကြောင်း ဒေါက်တာအောင်အောင်မင်းက တုံ့ပြန်သည်။

အဝေးသင် ဝိဇ္ဇာဘာသာရပ် အထူးပြုကျောင်းသားများအနေနှင့် ပုံမှန်အနီးကပ် ၁၀ ရက်ကို ယခုနှစ်မှစ၍ မေလတွင် ငါးရက်တစ်ကြိမ်၊ အောက်တိုဘာ၊ နိုဝင်ဘာတွင် ငါးရက်တစ်ကြိမ် နှစ်ကြိမ်ခွဲတက်ရမည်ဖြစ်ကြောင်း၊ မေလ ငါးရက်တစ်ကြိမ်တွင် သင်ခန်းစာလေ့လာနည်း၊ စာစဉ်ဖြေနည်း၊ တင်နည်း၊ သင်ခန်းစာ မိတ်ဆက်တို့သင်ကြားပြီး ဆရာနှင့်ထိတွေ့စေမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

J-05