POST TYPE

EDUCATION

စင်ကာပူမှ သင်ခန်းစာများ
10-Jan-2019


စင်ကာပူနိုင်ငံပညာရေးစနစ်တွင် ၈-၄-၄ ဆိုသည့်စနစ်ကို ၁၉၈၅ ခုနှစ်ကတည်းက စတင်ကျင့်သုံးခဲ့ကြောင်း တွေ့ရပါသည်။ မူလတန်းပညာကို ၈ နှစ်နှင့် အထက်တန်းအဆင့်ပညာကို လေးနှစ်သင်ကြားပြီးလျှင် တက္ကသိုလ် လေးနှစ်ပြီးဆုံးပါက ပညာရေးပြီးဆုံးပြီဆိုသည့်သဘောဖြင့် တစ်ရစ် သတ်မှတ်ထားသောစနစ်ဖြစ်သည်။

ပညာရေးပြုပြင်ပြောင်းလဲမှုများတွင် တာဝန်ရှိသူများက သင်ရိုးညွှန်းတမ်းများကိုလည်း ပြုပြင်ပြောင်းလဲနိုင်သော သင်ရိုးညွှန်းတမ်းများဖြစ်စေရန် စီစဉ်ဆောင်ရွက်နေကြသည်။ သင်ရိုးတစ်ခုကိုပြဋ္ဌာန်းပြီး နှစ်ပေါင်းများစွာ သင်ကြားနေခြင်းမျိုးမရှိပါ။ စင်ကာပူနိုင်ငံသည် အာရှ၏ကျားများထဲတွင် တစ်ကောင်ဖြစ်နေပါသည်။ အဘယ်ကြောင့် ကျားလိုလူတွေကို မွေးထုတ်နိုင်ရသနည်းဆိုခြင်းကိုလည်း ကမ္ဘာက စောင့်ကြည့်လေ့လာအကဲခတ်နေကြပါသည်။

OECD နိုင်ငံများအတွက် စစ်ဆေးသည့် ကမ္ဘာ့စာမေးပွဲတစ်ခုဖြစ်သော PISA တွင် စင်ကာပူနိုင်ငံသည် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သွားရသည်မှာ အဘယ်ကြောင့်နည်း၊ မည်သို့သောစနစ်များနှင့် သင်ကြားနေခြင်းကြောင့် ဖင်လန်လိုနိုင်ငံကိုပင် ဖြတ်ကျော်ပြီး အကောင်းဆုံးပညာရေး ဖြစ်နေရသနည်းဆိုခြင်းကို လေ့လာဆန်းစစ်ရန်လိုပါသည်။

စင်ကာပူနိုင်ငံမှ ကျောင်းသားများသည် အသက် ၆ နှစ်ကျော်မှ မူကြိုတက်ကြရသည်။ မူလတန်းအဆင့်တွင် သူတို့ ၆ နှစ်ကြာတက်ရသည်။ ထို့နောက်မှ အလယ်တန်းနှင့် အထက်တန်းပညာများကို ဆက်လက်သင်ကြားခွင့်ရှိသည်။ အထက်တန်းကျောင်းအဆင့်ပြီးလျှင်လည်း သူတို့တွင် ကိုယ်ပိုင်ရွေးချယ်ခွင့်တွေ ပေးထားသည်။ အသက်မွေးဝမ်းကျောင်းလိုင်း၊ အလုပ်လိုင်းကို သွားမည်လော သို့မဟုတ် ကျောင်းဆက်တက်မည်လော ရွေးချယ်ခွင့်ရှိသည်။ သူတို့အစွမ်းအစ၊ အရည်အချင်းအပေါ် မူတည်ပြီး ဘာလုပ်သင့်ကြောင်း လမ်းညွှန်ပေးမည့် သူတွေကလည်း သူတို့တွင်ရှိနေသည်။

စင်ကာပူနိုင်ငံတွင် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို မည်မျှလုပ်နေသည်ဆိုစေ ၂၁ ရာစုနှင့် အံဝင်ခွင်ကျဖြစ်မည့် ပညာရေးစနစ်မျိုးကို နိုင်ငံတွင် ဖော်ဆောင်နိုင်ရေးမှာ စိန်ခေါ်ချက်များရှိ နေသည်သာဖြစ်သည်။ နိုင်ငံတကာတွင် စာမေးပွဲမရှိသည့်စနစ်ကို ပြောင်းလဲနိုင်ရေးအတွက် ကြိုးပမ်းနေချိန်၌ စင်ကာပူနိုင်ငံကလည်း စာမေးပွဲစနစ်ကို မကျင့်သုံးသင့် ကျင့်သုံးသင့်ဆိုသည်ကို ဆုံးဖြတ်ရခက်ခဲစွာဖြင့် စမ်းသပ်ပြီး စာမေးပွဲစနစ်များကို ပယ်ဖျက်ပေးနိုင်ရန် ကြိုးစားအားထုတ်နေကြောင်းလည်း တွေ့ရသည်။

၂၀၁၂ ခုနှစ်ကတည်းက စမ်းသပ်ပြီး စာမေးပွဲစနစ်ကိုကျင့်သုံးပါ၊ သို့သော် အဆင့်တွေ အမှတ်တွေ မပေးရဆိုကာ လုပ်ဆောင်ခဲ့ဖူးသေးသည်။ ထို့ကြောင့် အောင်စာရင်းကို အမှတ်တန်းစီပြီး အတော်ဆုံးက ထိပ်ဆိုသည့် ထုတ်ပြန်ချက်မျိုးများ ပျောက်ကွယ်သွားခဲ့ဖူးသည်။ လာမည့် ၂၀၂၁ ခုနှစ်ကစတင်ပြီး မူလတန်းအဆင့် အောင်မြင်လာသူများကို အမှတ်ဖြင့် အလယ်တန်းတွင် လက်မခံတော့ဟု သတ်မှတ်လိုက်ခြင်းကလည်း အပြိုင်အဆိုင် လုပ်ဆောင်နေကြသည့် ပညာရေးကို ဘရိတ်အုပ်ပေးလိုက်သလိုရှိနေသည်။

ယခုနှစ်တွင်ထူးခြားသည့် ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှာ စာမေးပွဲမေးခွန်းစနစ်ဖြစ်သည်။ မေးခွန်းများကို စာအုပ်ထဲကအတိုင်း မေးခြင်းထက်၊ လွတ်လပ်စွာဖြင့် စဉ်းစားတွေးတောပြီး ဖြေဆိုရမည့် မေးခွန်းများ မေးရန်၊ ဝေဖန်ဆန်းစစ်သောအမြင်များဖြင့် ဖြေဆိုရသော အဖြေများဖြစ်လာခြင်းကို အားပေးရန်၊ သင်ယူခဲ့သည့် ဘာသာရပ်များတွင် မည်မျှကျွမ်းကျင်ပိုင်နိုင်မှုရှိသနည်းဆိုခြင်းကို ဆန်းစစ်နိုင်သည့် မေးခွန်းမျိုးတွေကိုသာမေးရန်ဟု ညွှန်ကြားထားပါသည်။

ဘာသာရပ်ဆိုင်ရာ အသိပညာဗဟုသုတများကို ပိုပြီးကျယ်ဝန်းစွာဖြင့် လေ့လာသိရှိနိုင်ရေး၊ တီထွင်ဆန်းသစ်သောစိတ်များဖြင့် ဝေဖန်ဆန်းစစ်ကာ ဖြေဆိုနိုင်ရေးဆိုသည်မှာ ကျောင်းသားများကို လမ်းဖွင့်ပေးရပါလိမ့်မည်။ ကျောင်းသားများကို အတွေးသစ်၊ အမြင်သစ်ဖြင့် ဆန်းသစ်သော အတွေးအမြင်များအတိုင်း မိမိတို့သိရှိခံယူထားသလို ဖြေဆိုခွင့်၊ ရေးသားခွင့်ပြုရန်ဆိုသည်မှာ ဆရာများတွင်ပါ အရည်အချင်း ပြည့်စုံနေရန် လိုပါသည်။ စင်ကာပူနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများကို ကမ္ဘာ့နှင့်အမီ ရင်ဘောင်တန်းကာ လိုက်ပြောင်းလာပြီဟု ယူဆရသည်။

စင်ကာပူနိုင်ငံတွင် ဆရာများ၏ ဆန်းစစ်အကဲဖြတ်ခြင်းဆိုသည်မှာ ပညာရေးတွင် သိပ်ပြီး ခေတ်စားသေးသည်တော့မဟုတ်ပါ။ ကျောင်းသားကို လွတ်လပ်စွာ အကဲဖြတ်ရန်ဆိုသည်မှာ ဆရာတွေကလည်း အကဲဖြတ်နိုင်သော လွတ်လပ်သည့် စိတ်ကူးစိတ်သန်းနှင့် စွမ်းရည်များရှိရန်လိုပါသည်။ ကျောင်းသားများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် လုပ်ဆောင်နိုင်စွမ်းများကို လမ်းလည်းဖွင့်ပေး၊ ကျောင်းသားနှင့်အတူ ပြေးနိုင်မည့် ဆရာများဖြစ်စေရန် လေ့ကျင့်ပေးရပါလိမ့်ဦးမည်။

ကျောင်းသား-ဆရာ ဆက်ဆံရေးသစ်ကို ၂၁ ရာစုတွင် များစွာ ပြုပြင်ပြောင်းလဲရဦးမည်ထင်ပါသည်။ ဆရာက စာသင်ခန်းထဲဝင်လာပြီး ငါပြောတဲ့အတိုင်း လုပ်၊ ငါခိုင်းတာလုပ်ဆိုသည့် အနေအထားများကို ရာစုသစ်ပညာရေးက ပြုပြင်နိုင်ရန် အားထုတ်နေချိန်ဖြစ်ပါသည်။ ဆရာအတတ်သင်စနစ်များသည် ဆရာဖြစ်ချင်သည့် ပညာရေးထက် တပည့်ဖြစ်ချင်သည့် ပညာရေးကို ဖော်ဆောင်ပေးရန် လမ်းကြောင်းပြောင်းနေကြောင်းကိုလည်း သိထားစေလိုပါသည်။

အရေးကြီးသည်မှာ ဈေးကွက်၏ လိုအပ်ချက်နှင့်အညီ ပညာတတ်များကို မွေးထုတ်ပေးရန်ဖြစ်သည်။ ကျောင်းတွေက ထွက်လာသည့်ကလေးတိုင်းသည် ဈေးကွက်က လိုအပ်သည့်ပညာရှင်များအဖြစ် အံဝင်ခွင်ကျ ဖြစ်နေစေရန် အရေးကြီးသည်။ ကျောင်းပြီးလျှင် လုပ်ငန်းခွင်ဝင်လာပြီး ဘာမှမလုပ်တတ်၊ မကိုင်တတ်ဆိုသည်ကို လုပ်ငန်းခွင်များက အလိုမရှိပါ။ ပညာရေးသည် ဘဝတစ်သက်တာ လေ့လာသင်ယူနေရမည်ဖြစ်ပါသည်။ သို့သော် လက်တွေ့အကျိုးရှိမည့် ပညာရေးမျိုးနှင့် ပညာတတ်များကို မွေးထုတ်ပေးနိုင်သော နိုင်ငံများသည်သာ ကမ္ဘာပေါ်တွင် ဂုဏ်သိက္ခာရှိစွာဖြင့် ရပ်တည်နိုင်သူများ ဖြစ်ပါလိမ့်မည်။

ခေတ်စနစ်ကတောင်းဆိုနေသည်မှာ ဘွဲ့ရပညာတတ်များကို မိတ္တူစက်ထဲထည့်ကာ လှိမ့်ထုတ်ပေးနေသလို ထုတ်ပေးနိုင်ရန်မဟုတ်ပါ။ ပရော်ဖက်ရှင်ဆန်ဆန် ကျွမ်းကျင်သော ပညာတတ်များကို မွေးထုတ်ပေးပြီး လုပ်ငန်းခွင်အတွင်း ထည့်ပေးရန်ဖြစ်သည်။ စင်ကာပူနိုင်ငံသည် အာရှတွင်သာမက ကမ္ဘာ့ဗဟိုနိုင်ငံ ဖြစ်လာစေရန် အားထုတ်နေသောနိုင်ငံဖြစ်သည်။ ထို့ကြောင့် ပညာရေးကို စပြောင်းရမည်၊ ဘယ်ကစပြောင်းရမည်၊ ဘယ်လိုပြောင်းရမည်ဆိုသည်ကို ကောင်းစွာ သိပြီး အကောင်အထည်ဖော်နေသည်။

E-01 (Ref: Daily Nation)