News

POST TYPE

EDUCATION

ထိုင်းနိုင်ငံမှ ဆရာလိုင်စင်
10-Jan-2019

လာမည့်စာသင်နှစ်ကစတင်ပြီး ထိုင်းနိုင်ငံတွင် ဆရာအတတ်သင်တန်း ဆင်းပြီးရုံဖြင့် ဆရာဖြစ်လိုင်စင်ကို ထုတ်မပေးတော့ကြောင်း သတ်မှတ်လိုက်သည်။ ထိုင်းနိုင်ငံမှ ဆရာလိုင်စင်ကို TCT (Teachers’ Council of Thailand) ဟုခေါ် သည့် ဆရာများကောင်စီက သတ်မှတ်ထုတ်ပေးမည်ဖြစ်သည်။ ဆရာလိုင်စင် ထုတ်ပေးရန်အတွက် အရည်အချင်းပြည့်မီသူတစ်ယောက်ဖြစ်ကြောင်းကို PSC (Professional Standards Committee) ကစစ်ဆေးပြီး သတ်မှတ်မည်ဖြစ်သည်။

TCT ဘုတ်အဖွဲ့သည် ဆရာအတတ်သင်တန်းကျောင်းမှ ကျောင်းပြီးပြီးချင်း ဘွဲ့လက်မှတ်ထုတ်ပေးကာ ဆရာဖြစ်စေသတည်းဆိုသည့် သတ်မှတ်ချက်ကို လာမည့်စာသင်နှစ်ကစတင်ကာ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းလည်း သတင်းများထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံတွင် TCT ခေါ် ဆရာများကောင်စီ၏ လုပ်ပိုင်ခွင့်နှင့်အာဏာကို မည်မျှပေးထားကြောင်း သတိပြုစေချင်ပါသည်။ ဆရာအတတ်သင်ကျောင်းဆင်းပြီးမှ လိုင်စင်ထုတ်ပေးရန် အရည်အချင်းပြန်စစ်ခြင်းထက်၊ ကျောင်းမပြီးမီကတည်းက အရည်အချင်းစစ်ပြီး သတ်မှတ်ပေးလိုက်လျှင် မရဘူးလားစသည့် ဝေဖန်ချက်များလည်း ပေါ်ထွက်လာပါသည်။

လာမည့်နှစ်ကစတင်ပြီး ဆရာအတတ်သင်ကျောင်းကို ၅ နှစ် ဖွင့်ထားခြင်းအားလည်း ၄ နှစ်သို့လျှော့ချရန် ပညာရေးဝန်ကြီးဌာနက သတ်မှတ်လိုက်ပါသည်။ ဆရာလိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်ဟုယူဆပြီး ပြောင်းလဲမှုတစ်ခုကို လုပ်ဆောင်နေပြီဟူ၍လည်း ခန့်မှန်းရသည်။

၂၀၀၄ ခုနှစ်ကတည်းက ဆရာအတတ်သင်တန်းကို ၅ နှစ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ထိုသို့သတ်မှတ်ရခြင်းမှာ ဆရာအလုပ်ကို တန်ဖိုးထားပြီး သေချာစွာ လေ့ကျင့်ပေးရန်ဖြစ်သည်ဟု ယူဆရပါသည်။ သို့သော် ၅ နှစ်သင်ပြီးမှ စာမေးပွဲပြန်စစ်ပြီး လိုင်စင်ထပ်ထုတ်ပေးမည်ဆိုခြင်းမှာလည်း ဆရာအလုပ်ကို သေချာစွာ စိစစ်ပြီး အရည်အသွေးပြည့်ဆရာများကို ဖြည့်ဆည်းရန်ဖြစ်ကြောင်း နားလည်မိပါသည်။ ပညာရေးဝန်ကြီး ဥဒုံကာချင်တောင်ကတော့ ပြောင်းလဲ နေသောခေတ်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ၅ နှစ်မှ ၄ နှစ်သို့လျှော့ချလိုက်ခြင်းကြောင့်လည်း အရည်အသွေးကျဆင်းသွားမည်မဟုတ်ကြောင်း ကတိပေးထားသည်။

“ကျွန်တော်တို့တိုင်းပြည်မှာ အရည်အသွေးက အမှန်တကယ် လိုအပ်နေတာပါ”ဟု သူကဆိုသည်။ ဒေါက်တာဥဒုံက လေးနှစ်သင်တန်းပြီးသည့် ဆရာ၊ ဆရာမများကို အင်္ဂလိပ်စာကျွမ်းကျင်စေရေးအတွက် စီစဉ်နေကြောင်း၊ အင်္ဂလိပ်စာသင်ကြားမည့်ဆရာများကို အင်္ဂလိပ်စာ အမှန်တကယ် ကျွမ်းကျင်မည့် လေ့ကျင့်ပေးမှုများ လုပ်ဆောင်ပေးလိုက်မည်ဖြစ်ကြောင်းလည်း ပြောကြားသည်။ 

ဆရာအတတ်သင်ကို တစ်နှစ်လျှော့ချလိုက်သော်လည်း ဆရာများ၏ Soft Skill ကို ပိုပြီးခိုင်မာအောင် လေ့ကျင့်ပေးလိုက်မည်ဖြစ်ကြောင်း၊ လာမည့်စာသင်နှစ်တွင် ဆရာအတတ်သင်တန်းကိုတက်ရန် စာရင်းပေးမည့်သူများမှာ ၂၀၂၃ ခုနှစ်မှ ဘွဲ့ရကြမည်ဖြစ်ကြောင်း၊ သူတို့ကို PSC က စစ်ဆေးမည့် အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုနိုင်စေရန် အထူးလေ့ကျင့်ပေးလိုက်မည်ဖြစ်ကြောင်း၊ ဆရာလိုင်စင်ကိုရရှိနိုင်သူ များဖြစ်လာနိုင်ကြောင်းလည်း ဝန်ကြီးကရှင်းပြသည်။ 

ဆရာများကို စစ်ဆေးပြီးမှ လိုင်စင်ထုတ်ပေးတော့မည်ဖြစ်သဖြင့် PSC အဖွဲ့ဥက္ကဋ္ဌ အက်ကာချိုင် ကီဆွတ်ပန်ကလည်း စစ်ဆေးရမည့်စနစ်နှင့် အကြောင်းအရာများကို ပြင်ဆင်နေပြီဟုဆိုသည်။ ဆရာအတတ်သင်တန်းက ပို့ချပေးလိုက်သည့် ပညာရပ်များအပြင် ကမ္ဘာကြီး၏ ပြောင်းလဲနေသော ပညာရေးဆိုင်ရာ အတွေးအမြင်များ၊ နိုင်ငံ၏အကြောင်း ကောင်းစွာသိသူများနှင့် ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ အတွေးအခေါ်သစ်များကို ဖော်ဆောင်နိုင်သူများ ဖြေဆိုကြရမည့် စာမေးပွဲမျိုးဖြစ်စေရန် စီစဉ်နေကြောင်းလည်း ပြောကြားသည်။

“မကြာခင် ၅ နှစ်သင်တန်းက ဆင်းလာမယ့်သူတွေအတွက်ကတော့ လိုင်စင်အတွက် စာမေးပွဲ ထပ်ဖြေဖို့ မလိုပါဘူး။ သူတို့ရဲ့ ပါမောက္ခတွေက ပိုင်းဖြတ်ပေးလိုက်တဲ့အတိုင်း ပညာရေးဌာနရဲ့ လိုအပ်ချက်နဲ့အညီ လက်ခံသွားမှာဖြစ်ပါတယ်။ သူတို့ကိုတော့ လိုင်စင်မပါဘဲ ဆရာခန့်မှာပါ”ဟုလည်း ကီဆွတ်ပန်က ဆိုသည်။

ထိုင်းနိုင်ငံတွင် TCT အဖွဲ့ကို ၁၉၉၉ ခုနှစ်ကတည်းက ဖွဲ့စည်းထားသည်။ အမျိုးသားပညာရေးအက်ဥပဒေကို ၁၉၉၉ ခုနှစ်တွင် ချွန်လိပိုင်အစိုးရလက်ထက်က ပြဋ္ဌာန်းပြီးနောက် ဆရာလောကကို ပြုပြင်ပြောင်းလဲရန်၊ တက္ကသိုလ်ကောလိပ်ဌာနများမှ ဆရာများကို ပြန်လည်ပြုပြင်ဖွဲ့စည်းရန်နှင့် ပညာရေးလောကမှ ပုဂ္ဂိုလ်အားလုံးကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲရန်ဆိုကာ TCT ကိုဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

TCT ၏ တာဝန်များမှာ ဆရာ့လုပ်ငန်းဆိုင်ရာ အရည်အသွေးကို ထိန်းသိမ်းပေးရန်ဖြစ်သည်။ ထို့ကြောင့်လည်း ဆရာလိုင်စင် ထုတ်ပေးခြင်း၊ ရုပ်သိမ်း ခြင်းအားလုံးကို သူတို့အပေါ်တွင် တာဝန်လွှဲပေးထားသည်။ ဆရာ့လုပ်ငန်းကို ကိုယ်ကျင့်တရားဆိုင်ရာ စံများဖြင့်ထိန်းသိမ်းရန်၊ ပရော်ဖက်ရှင်ဆန်ဆန် ဆရာများ ပေါ်ထွန်းလာစေရန်နှင့် ပညာရေးဆိုင်ရာ စီမံအုပ်ချုပ်မှုအပိုင်းတွင် ထူးချွန်သော ပညာရှင်များ ပေါ်ထွက်လာစေရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် လိုင်စင်ထုတ်ပေးခြင်းအတွက် အရည်အသွေးစစ်ဆေးခြင်းမှာ TCT ၏တာဝန်ဖြစ်သွားရပေသည်။ 

TCT တွင်ပါဝင်ဖွဲ့စည်းထားသော အဖွဲ့ဝင်များသည် ပညာရေးနယ်ပယ်တွင် အရည်အချင်းပြည့်မီသည့် ပညာရှင်ကြီးများ ဖြစ်ကြသည်။ သူတို့သည် အစိုးရကို ပညာရေးဆိုင်ရာ အကြံဉာဏ်များပေးခြင်း၊ အကောင်အထည်ဖော်ခြင်းများကို ဆောင်ရွက်ကြသော်လည်း ဥပဒေပြဋ္ဌာန်းခြင်း၊ ဥပဒေထုတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းတစ်ခုတော့ မဟုတ်ပေ။ သူတို့ကို အစိုးရအဖွဲ့၏ အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နေသော ပုဂ္ဂိုလ်များနှင့် တစ်တန်းတည်းထားကာ လေးစားကြကြောင်းတွေ့ရသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုများကို အစိုးရအနေဖြင့် လုပ်ဆောင်တော့မည်ဆိုလျှင် TCT အဖွဲ့မှ ဆရာကြီး၊ ပညာရှင်ကြီးများကလည်း အကောင်းဆုံး အကြံပေးကာ မြှင့်တင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ခွင့်ရှိသဖြင့် ထိုင်းနိုင်ငံ၏ ဩဇာကြီးမားသော ဆရာအဖွဲ့အစည်းကြီးတစ်ခုလည်းဖြစ်သည်။

E-01 (Ref: Chiang Rai Times)