News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (လက်တွေ့လုပ်ဆောင်မှု)
10-Jan-2019

တက္ကသိုလ်တိုင်းတွင် အဓိကအားဖြင့် သိပ္ပံဘာသာရပ်အားလုံး စာတွေ့သာမက လက်တွေ့ပါသိစေရန် လက်တွေ့လုပ်ကြရသည်။ သို့သော် ပစ္စည်း အလုံအလောက်ရှိ၊ မရှိ၊ အသုံးချခွင့်ရှိ၊ မရှိ၊ သတ်မှတ်သည့် လက်တွေ့လုပ်ရန် အချိန်အတိုင်း လုပ်နိုင်မှုရှိ၊ မရှိ ဆန်းစစ်ရန်လိုပါသေးသည်။ ထိုအခြေအနေများအကြောင်း ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် စုစည်းဖော်ပြလိုက်ပါသည်။

“ကျောင်း ၈၀ ရာခိုင်နှုန်းလောက်က လက်တွေ့ကို သေသေချာချာ မလုပ်နိုင်ဘူး”
ဒေါက်တာဇော်မျိုးလှိုင်(ကထိက၊ ရူပဗေဒဌာန၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)

တက္ကသိုလ်တွေမှာ လက်တွေ့ အဓိကလုပ်ရတဲ့ ဘာသာရပ်တွေက သိပ္ပံတွဲဘာသာရပ်တွေ အားလုံးပါပဲ။ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဌာန၊ သတ္တဗေဒ စတဲ့ဘာသာရပ်တွေပါပဲ။ ဘာကြောင့် လက်တွေ့လုပ်ရတာလဲဆိုရင် သီအိုရီအပေါ်မှာ လက်တွေ့သက်သေပြရပါတယ်။ သီအိုရီထွက်ပြီးသားဆိုရင် သီအိုရီမှန်၊ မမှန်၊ အချက်အလက်တွေ မှန်ကန်ကြောင်းကို သက်သေပြရတာပါ။ ဒါ့အပြင် သီအိုရီနဲ့လက်တွေ့နဲ့က အပြန်အလှန်ဆက်စပ်တယ်။ အစောပိုင်းမှာတော့ သီအိုရီကို သက်သေပြဖို့ လက်တွေ့ကိုလုပ်တယ်။ တချို့ဖြစ်ရပ်တွေက လက်တွေ့အရင်လုပ်ပြီးတော့မှ လက်တွေ့စမ်းသပ်ချက်က အရင်တွေ့တာရှိတယ်။ လက်တွေ့စမ်းသပ်ချက် တွေ့ပြီးကာမှ ရလဒ်အပေါ် အခြေခံပြီး သီအိုရီက ဘယ်လိုဖြစ်လာသလဲဆိုတာ ရှာဖွေရတာတွေရှိတယ်။ ဥပမာ - ဒေါက်တာဘွဲ့အဆင့် လုပ်ရတဲ့စာတမ်းတွေဆိုရင် လက်တွေ့အရင် စမ်းသပ်ကြည့်ရတယ်။ သီအိုရီက ရှိချင်မှရှိမယ်။ လက်တွေ့လုပ်ပြီးတော့မှဖြစ်ရပ်အပေါ် ကောက်ချက်ဆွဲ၊ ကောက်ချက်ဆွဲပြီးမှ သဘောတရား ဘယ်လိုရှိတယ်ဆိုတာ သီအိုရီပြန်ထုတ်ရတာပါ။ သိပ္ပံဘာသာရပ်တွေမှာ သီအိုရီနဲ့လက်တွေ့က ခွဲခြားထားလို့မရပါဘူး။

ကျွန်တော်တို့ သိပ္ပံဘာသာရပ်အားလုံးမှာ လက်တွေ့လုပ်နိုင်မှုက တော်တော်ကို အားနည်းပါတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက ကျောင်းအရေအတွက် နည်းသလို၊ ကျောင်းသားလည်းနည်းတယ်။ အဲဒီတော့ လက်တွေ့လုပ်ဆောင်ဖို့ ပစ္စည်းက အထိုက်အလျောက် လုံလောက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေ့ခေတ်ကျတော့ ကျောင်းတွေက အများကြီးဖြစ်လာသလို၊ ကျောင်းသားတွေလည်း အများကြီး တိုးလာတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်မှု၊ ပစ္စည်းအသုံးချမှုက မထိရောက်ဘူး။ ဒါက ငြင်းမရတဲ့ လက်တွေ့ဖြစ်စဉ်ပါပဲ။ ကျောင်းသားတွေကိုယ်တိုင် ကိုယ်တွေ့ဖြစ်သလို ဆရာတွေကိုယ်တိုင်ကလည်း အားမလို၊ အားမရဖြစ်နေပါတယ်။ ဆရာတွေဘက်ကလည်း လုပ်မပေးချင်တာ မဟုတ်ပါဘူး။ ပစ္စည်းတွေက လုံလောက်မှုမရှိဘူး။ သီအိုရီနဲ့ကိုက်ညီတဲ့ လက်တွေ့ပစ္စည်းက စုံစုံလင်လင်မရှိဘူး။ မရှိတော့ သီအိုရီသတ်သတ်ချည်း သွားနေသလိုဖြစ်နေတာပါ။ ပညာရေးအသုံးစရိတ်ပေါ်မှာလည်း ဒီကိစ္စ မူတည်ပါလိမ့်မယ်။ ပညာရေးအသုံးစရိတ်ခွဲတမ်းက အဓိကအားဖြင့် ကျောင်းအဆောက်အအုံ၊ ဆရာတွေရဲ့ လုပ်ခ လစာ ဒီနေရာတွေမှာ သုံးနေရတယ်။ လက်တွေ့လုပ်ဆောင်မှုအတွက် မသုံးဘူးလားလို့ မေးရင်လည်း မသုံးဘူးလည်းမဟုတ်ဘဲ သုံးတယ်။ ဒါပေမဲ့ လက်တွေ့ပစ္စည်းတွေဆိုတာ သာမန်ပစ္စည်းတွေထက် ဈေးပိုများတယ်။ သိပ္ပံနယ်ပယ်အတွက် တိတိကျကျလုပ်ရတာတွေဆိုတော့ ဒီပစ္စည်းတွေက ဈေးကြီးတယ်။ အဲဒီတော့ ဒီအပေါ်မှာ သုံးစွဲနိုင်မှုနည်းတယ်။ ကျောင်းတိုင်းမှာ၊ ဘာသာရပ်တိုင်းမှာ လက်တွေ့လုပ်ဖို့ သတ်မှတ်ထားတဲ့အကြိမ်ရေ ရှိတယ်။ ဒါပေမဲ့ ကျောင်း ၈၀ ရာခိုင်နှုန်းလောက်က လက်တွေ့ကို သေသေချာချာ မလုပ်နိုင်ဘူး။

ပစ္စည်းရှိတယ်ထားဦး။ နောက်ပြဿနာတစ်ခုက ဆရာအင်အားနည်းတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက ကျောင်းသား ၁၀ ဦးကို ဆရာတစ်ဦးနှုန်းနဲ့ လက်တွေ့ကို ဖိဖိစီးစီး လုပ်ပေးနိုင်တယ်။ သင်ပေးနိုင်တယ်။ အခု ကျွန်တော်ဆရာဖြစ်လာတော့ လက်တွေ့ခန်းဝင်ရတဲ့အခါ ကျောင်းသားဦးရေ ၁၀၀၊ ၁၂၀ လောက်ကိုမှ ဆရာ ၂ ဦးလောက်ပဲ ဝင်နိုင်တယ်။ အများဆုံး ဝင်နိုင်ရင် ၃ ဦးပါပဲ။ ဟိုတုန်းက လက်တွေ့ခန်း ကျွမ်းကျင် ၁၊ ၂၊ ၃ ဆိုပြီး ခန့်ထားတာတွေရှိတယ်။ အခုကျ ရှားသွားပြီ။ ထပ်လည်း မခန့်တော့ဘူး။ သရုပ်ပြဆရာအရေအတွက်လည်း ရှိသင့်တဲ့အနေအထားထက် နည်းတယ်လို့ ကျွန်တော်မြင်တယ်။ ကျောင်းစီမံခန့်ခွဲသူတွေကတော့ မျှတတယ်လို့ မြင်သလားတော့ မပြောတတ်ပါဘူး။ ကျွန်တော် အဲဒါထိတော့ နားမလည်ပါဘူး။ ကျွန်တော်နားလည်တာတော့ ဆရာနည်းတယ်၊ ကျောင်းသားအရေအတွက် ပိုများလာတယ်။ ပစ္စည်းရှိတယ်ဆိုရင်တောင် ဆရာအင်အား တောင့်တောင့်တင်းတင်းနဲ့ ဖိဖိစီးစီး မလုပ်နိုင်တာရှိလာတယ်။ ပစ္စည်းရှားပါးမှု နောက်ဆက်တွဲအနေနဲ့ တာဝန်ရှိသူတွေကလည်း ဒီပစ္စည်းသာ တစ်ခုခုဖြစ်သွားခဲ့ရင်၊ ပျက်စီးသွားခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်ရှိတယ်။ ကျောင်းသားကိုင်လို့ မတော်တဆ ပျက်သွားမယ်၊ လွတ်ကျလို့ ကွဲသွားမယ်ဆိုရင် ကျောင်းသားဘက်ကလည်း မလျော်နိုင်သလို၊ ဆရာဘက်ကလည်း ဒီပစ္စည်းအပေါ်  တာဝန်ယူဖြေရှင်းပေးနိုင်ဖို့က ခက်ခဲ တယ်။ ဒီအခြေအနေတွေကြောင့် ဘာသာရပ်အသီးသီးမှာ တချို့ တန်ဖိုးကြီးပစ္စည်းတွေဆိုရင် တော်ရုံတန်ရုံ ပေးမသုံးခိုင်းတာ များပါတယ်။ ရူပဗေဒဆိုရင်တော့ ပစ္စည်းတွေက အမာထည်တွေများတယ်။ ဓာတုဗေဒဆိုရင် ဖန်ထည်တွေသုံးရတယ်။ ကျိုးနိုင်၊ ပဲ့နိုင်၊ ပျက်နိုင်တာတွေ ရှိတယ်။ ဓာတုဒြပ်ပေါင်းတာတွေ ဆိုရင်၊ ဖျော်ပြီး၊ စပ်ပြီး၊ ပေါင်းပြီးသွားပြီဆိုရင် မူလအနေအထားကို ပြန်မရတော့ဘူး။ အဲဒီတော့ ဒါက တစ်ခါလုပ်တိုင်း ကုန်ကျစရိတ်က တက်လာတယ်။ ဓာတုဗေဒဆရာတွေ ပြောပြချက်အရ သိရတာပါ။ ဒါကြောင့် ကျောင်းသားကို လက်တွေ့သရုပ်ပြတဲ့အခါ အကြိမ်ကြိမ် အခါခါ မလုပ်တော့ဘဲ အကြိမ်ရေ လျှော့ချလုပ်တာတွေ၊ လုပ်မပြတာတွေ ဖြစ်လာပါတယ်။

နိဂုံးချုပ်ပြောချင်တာ သိပ္ပံဘာသာရပ်တွေမှာ လက်တွေ့မလုပ်လို့မဖြစ်ဘူး။ လက်တွေ့မလုပ်နိုင်တဲ့ ဖြစ်ရပ်အပေါ်မှာ ကျောင်းတာဝန်ရှိသူတွေက သူတို့အနေနဲ့ တစ်ခုခုကို စီမံဆောင်ရွက်ဖို့ အရေးတကြီး လိုနေတယ်။ ဒီကိစ္စတွေ သူတို့မသိဘူးလားဆိုတော့ သိတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာလို့ မလုပ်ပေးနိုင်တာလဲဆိုရင် သူတို့မှာလည်း အကြောင်းပြချက်တွေရှိပါလိမ့်မယ်။ အကြောင်းပြချက်ကိုတော့ ပြည်သူလူထုကို ရှင်းပြစေချင်ပါတယ်။ လက်တွေ့လုပ်နိုင်မှု အားနည်းတာကို ကျောင်းသားလည်း သိတယ်၊ ဆရာလည်းသိတယ်။ သူတို့လည်းသိမယ်လို့ ကျွန်တော် ယူဆတယ်။ ဒါပေမဲ့ ဘာကြောင့် မလုပ်နိုင်တာလဲ ဆိုတာကို ပြည်သူသိအောင် ရှင်းပြပေးဖို့ လိုပါလိမ့်မယ်။ ဒီပြဿနာကိုလည်း တာဝန်ရှိသူတွေအနေနဲ့ ပြေလည်အောင် ဖြေရှင်းပေးစေချင်ပါတယ်။

“အတန်းကြီးတွေအတွက်သုံးဖို့ ပစ္စည်းအလုံအလောက်မရှိတာပေါ့” 
ဦးဝင်းဇော်မျိုးထက် (လက်ထောက်ကထိက၊ ရူပဗေဒဌာန၊ ပဲခူးတက္ကသိုလ်)

တက္ကသိုလ်တွေမှာ လက်တွေ့လုပ်ဖို့ ဘာကြောင့် အရေးကြီးတာလဲဆိုရင် သင်ကြား၊ သင်ယူထားတဲ့ သီအိုရီတွေကို တကယ် လက်တွေ့မှန်ကန်ကြောင်း မြင်အောင်လို့ပါ။ လက်တွေ့ လုပ်တာကိုမြင်ပြီး သင်ထားတဲ့ သီအိုရီနဲ့ ချိတ်ဆက်နိုင်ဖို့ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေမှာ လက်တွေ့လုပ်နိုင်မှု အားနည်းနေပါသေးတယ်။ လက်တွေ့လုပ်ရတဲ့ အတန်းတွေမှာလည်း ထည့်တဲ့ကျောင်းသားဦးရေကလည်း တခြားနိုင်ငံတွေမှာ ၂၅ ဦးနဲ့ လုပ်ရတယ်ဆိုရင် ကျွန်တော်တို့က ၅၀ လောက် သုံးနေရတယ်။ အဲဒီ အချိန်မှာ လက်တွေ့ခန်းပစ္စည်းကလည်း မလုံလောက်ဘူး။ ဒါကြောင့် အားနည်းနေဆဲဖြစ်ပါတယ်။ အဓိက,ကတော့ လက်တွေ့ခန်းသုံးပစ္စည်း မလောက်တာပါပဲ။ ဆရာအင်အားပိုင်းတော့ လုံလောက်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ကျောင်းသား ၆၀ လောက်ကိုပဲ ဆရာနှစ်ယောက် သုံးတာတွေလည်း ရှိပါတယ်။ ကျောင်းသား ၆၀ လောက်ကို ဆရာတစ်ဦးပဲ သုံးနိုင်တာရှိသလို၊ နှစ်ဦး သုံးတာလည်းရှိပါတယ်။ ဘာသာရပ်တိုင်းတော့ လက်တွေ့မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ ဘာသာရပ်ဖြစ်တဲ့ ရူပဗေဒမှာဆိုရင် နျူကလီးယားနဲ့ပတ်သက်ပြီး ပစ္စည်းမရှိပါဘူး။ ပစ္စည်းမရှိတော့ လက်တွေ့မလုပ်နိုင်တော့ သီအိုရီတွေပဲ ထိုင်လုပ်နေရတာပေါ့။ ပထမနှစ်လို အခြေခံ အတိုင်းအတာကိစ္စတွေမှာ ပစ္စည်းရှိတော့ လက်တွေ့သင်ပေးလို့ရတယ်။ အတန်းကြီးလာတာနဲ့ အမျှ လက်တွေ့လုပ်ရတာလည်း ခက်လာတယ်။ ဆိုတော့ အတန်းကြီးတွေအတွက်သုံးဖို့ ပစ္စည်းအလုံအလောက် မရှိတာပေါ့။ ဥပမာ - Paper ၄ ခုရှိတယ်ဆိုရင် လက်တွေ့ပစ္စည်းရှိပြီး လက်တွေ့လုပ်နိုင်တာ တစ်ခုပဲရှိတာမျိုးပေါ့။ တချို့အတန်းတွေ စာပဲ သင်လိုက်တာရှိတယ်။

ကျောင်းမှာရှိနေတဲ့ပစ္စည်းတွေအပေါ်ကိုတော့ လွတ်လွတ်လပ်လပ် အသုံးချခွင့်ရှိတယ်။ ကျောင်းသားရော၊ ဆရာရော အသုံးချခွင့်ရှိတယ်။ ဒါပေမဲ့ အသုံးချမှုတော့ အားနည်းတယ်ဗျ။ ကျောင်းသားတွေကလည်း သုံးပါ၊ သုံးပါဆိုပြီး လွှတ်ပေးထားရင်လည်း မသုံးကြဘူး။ အဓိက သူတို့လည်း သိပ်ပြီးစိတ်မဝင်စားကြတာ များတယ်လို့ ထင်ပါတယ်။ အဓိကတော့ လက်တွေ့ခန်းသုံးပစ္စည်းတွေ အလုံအလောက် ရှိချင်ပါတယ်။ အတန်းကြီးလာတာနဲ့အမျှ သုံးရတဲ့လက်တွေ့သုံးပစ္စည်းတွေကလည်း တန်ဖိုးကြီးလာတယ်။ တန်ဖိုးကြီးတာတွေကျ မဝယ်ပေးနိုင်ဘူး။ မဝယ်ပေးနိုင်တော့ မသုံးရဘူးပေါ့။ အစိုးရက လက်တွေ့ခန်းသုံးပစ္စည်းဝယ်ဖို့ ဘတ်ဂျက်ချပေးပေမယ့် မလောက်ဘူးဗျ။ လက်တွေ့ခန်းသုံးပစ္စည်းကိုလည်း မှာရင် ချပေးတာရှိသလို၊ တန်ဖိုး တအားကြီးတာမျိုးလည်း မပေးနိုင်ဘူး။ နောက်တစ်ခုက ကျွန်တော်တို့မှာတဲ့ ပစ္စည်းတွေကို ဒီပစ္စည်းကို လိုချင်တယ်ဆိုရင် တိုက်ရိုက်ဝယ်ခွင့် မရဘဲ မှာမယ်ဆိုပြီး အပေါ်ကိုပဲ တင်ရတယ်။ တိုက်ရိုက်မဝယ်ရဘဲ အပေါ်ကတစ်ဆင့် ဝယ်ရတာကြောင့် လိုချင်တဲ့ပစ္စည်း လိုချင်တဲ့အတိုင်းမရတာ၊ ပါသင့်တဲ့ အပိုပစ္စည်း မပါလာတာ အဲဒါမျိုးတွေလည်း ရှိပါတယ်။

နေဇာကျော်