News

POST TYPE

EDUCATION

ဩစတြေးလျ အကျဉ်းသူတစ်ဦး ထောင်တွင်း တစ်ကိုယ်တည်းကလေးမွေးဖွားရ
13-Dec-2018
ကန်ဘာရာ၊ ဒီဇင်ဘာ ၁၂ 

ဩစတြေးလျနိုင်ငံရှိ အကျဉ်းထောင်တစ်ခုမှ ကိုယ်ဝန်ဆောင်အမျိုးသမီး အကျဉ်းသူတစ်ဦးသည် အကျဉ်းခန်းထဲတွင် တစ်ကိုယ်တည်း ကလေးမွေးဖွားခဲ့ရသည်ဟု သတင်းရရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

အေမီဟုသာသိရသည့် အဆိုပါအကျဉ်းသူသည် ကလေးမမွေးဖွားမီ ၂ နာရီခန့်အလိုကတည်းက သူမအနေနှင့် မွေးဖွားမည့် အနေအထားတွင်ရှိနေသည်ဟု ယုံကြည်ကြောင်း ထောင်ဝန်ထမ်းများကို အသိပေးပြောကြားခဲ့သည်။

၎င်းသည် ဩစတြေးလျနိုင်ငံ အနောက်ပိုင်းတွင်ရှိသော နိုင်ငံ၏တစ်ခုတည်းသော အမျိုးသမီးအကျဉ်းထောင်ရှိ လုံခြုံရေး အတင်းကျပ်ဆုံးသော အကျဉ်းခန်းထဲတွင် တစ်ကိုယ်တည်း ကလေးမွေးဖွားခဲ့ရခြင်းဖြစ်သည်။

ကလေးမွေးဖွားစဉ် အခြားပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာခြင်းမရှိဟုဆိုသည်။

အေမီသည် သူမ၏အမှုအတွက် အာမခံရရှိရန် ကြိုးပမ်းမှု အရေးနိမ့်သွားခဲ့ပြီးနောက် အဆိုပါ အမျိုးသမီး အကျဉ်းထောင်သို့ အပို့ခံလိုက်ရသည်။ ထောင်သို့ ရောက်ချိန်တွင် အေမီသည် ကိုယ်ဝန်အရင့်အမာဖြစ်နေကြောင်း ဩစတြေးလျမီဒီယာများက ဖော်ပြသည်။

အေမီသည် ကလေးမွေးဖွားသည့်နေ့ ညနေပိုင်းက သူမ၏အကျဉ်းခန်းတွင်းမှနေ၍ ထောင်ဝန်ထမ်းများကို အော်ဟစ်အကူအညီ တောင်းခဲ့သည်။ သူမကို ကျန်းမာရေး အာဏာပိုင်များက အကဲဖြတ်ခဲ့ရာတွင် ဝမ်းဗိုက်အောင့်ခြင်းသာဖြစ်ပြီး ကလေးမွေးလို၍ နာကျင်ခြင်းမဟုတ်ဟု အကဲဖြတ်ခဲ့ကြသည်။ ကျန်းမာရေးအာဏာပိုင်များက အေမီကို ပါရာစီတမောပေးကာ အကျဉ်းခန်းသို့ပြန်ရန် ညွှန်ကြားခဲ့သည်။ သို့သော် ညပိုင်းတွင် အေမီက မခံမရပ်နိုင်လောက်အောင် ဝေဒနာပြင်းထန်လာ၍ ညနေ ၆ နာရီ ၄၀ တွင် အကူအညီ အော်ဟစ်တောင်းခံခဲ့သည်။ သူနာပြုဝန်ထမ်းများ ရောက်ရှိလာသော်လည်း အေမီရှိရာ အကျဉ်းခန်းအတွင်းသို့ မဝင်ရောက်နိုင်ဘဲ ဖြစ်ခဲ့ကြရသည်။ အကြောင်းမှာ အကျဉ်းခန်း သော့ကိုင် ဝန်ထမ်းတစ်ဦးမှာ အနီးနားတွင် မရှိသောကြောင့်ဖြစ်သည်။

အေမီသည် ည ၇ နာရီ မိနစ် ၄၀ အချိန်တွင် ကလေးမွေးဖွားခဲ့သည်။ သူနာပြုဝန်ထမ်းများနှင့် အေမီသည် ဟနေသော တံခါးပေါက်မှတစ်ဆင့် ဆက်သွယ်စကားပြောဆိုရင်း မွေးဖွားခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များအဆိုအရ ယခုအခါ အေမီနှင့် သူမ၏ကလေးငယ်ကို ဆေးရုံသို့ပို့ထားပြီဖြစ်သည်။

F-01